ပြောင်းစိုက် တောင်သူတွေရဲ့ ဘ၀ သံသရာ

ပြောင်းစိုက် တောင်သူတွေရဲ့ ဘ၀ သံသရာ
by -
မနိုက်အွာ

ဒီနှစ် ရာသီဥတု ဖောက်ပြန်မှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်မှုမရှိသေးတဲ့ကြားမှာပဲ ဒီနှစ်မှာ အရင်နှစ်ကထက် ပြောင်းဈေး ကောင်းလာတဲ့ အတွက် ပြောင်းစိုက်တောင်သူတွေ အသက်ရှူချောင်မယ့် နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ တောင်သူအများစုက ယုံကြည်....

ဒီနှစ် ရာသီဥတု ဖောက်ပြန်မှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်မှုမရှိသေးတဲ့ကြားမှာပဲ ဒီနှစ်မှာ အရင်နှစ်ကထက် ပြောင်းဈေး ကောင်းလာတဲ့ အတွက် ပြောင်းစိုက်တောင်သူတွေ အသက်ရှူချောင်မယ့် နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ တောင်သူအများစုက ယုံကြည်နေကြတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတလျှောက်မှာ နေထိုင်ကြတဲ့ လူထု တွေဟာ ပြောင်းနဲ့ ပဲ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက အသက်မွေးဝမ်းကြောင်းပြုကြတာ များတယ်။ ဒီနှစ်မှာ ရာသီဥတု က အစမတန် ပူပြင်းတာက တကြောင်း၊ နယ်စပ်ဒေသမတည်ငြိမ်မှုတွေပါ စုပေါင်းလိုက်တော့ ဒေသခံ လူထုတွေ အနေနဲ့ ကျီးလန့်စာ စားရသလို လုပ်ငန်းခွင်မှာလည်း ရင်တထိတ်ထိတ်နဲ့ လုပ်ကိုင်ရုန်းကန်နေကြရပါတယ်။

ဒီလိုအခက်အခဲတွေကြားက ရင်ဆိုင်ရုန်းကန်ကြရင်း အခုလို ပြောင်းဖူးတွေ အသီးထွက်ပေါ်လာချိန်မှာ ပြောင်းဈေးနှုန်းက အရင်နှစ်ထက် ကောင်းလေတော့ တောင်သူတွေအတွက် မြိုးမြိုးမျက်မျက်လေး အကျိုးရလဒ်ကောင်းလိမ့်မယ်လို့ မျှော်လင့် နေမိနေကြောင်း ထိုင်း-မြန်မာနယ်စပ် ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်ရှိ ၀ါမေးထာ့ ရွာသား ပြောင်းစိုက်တောင်သူတဦးက အခုလို ပြောလာပါတယ်။
DSCF6335
“ဒီနှစ် ပြောင်းဈေးက အရင်နှစ်လောက် မဆိုးဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာဘက်မှာဆို ထိုင်း ဘက်ခြမ်းနဲ့ ဈေးနှုန်းကွာ သေးတယ်။ ထိုင်းဘက်မှာ တဆင့်ရောင်းရတာကိုး။ ဒီနှစ်မှာတော့ ကျနော်တို့ စားဝတ်နေရေးအတွက် နည်းနည်း အဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်တာပဲ။ အရင်နှစ်က ပြောင်း ဈေးသိပ်မရှိဘူး။ အကြွေးတောင် တင်တယ်။ ဒီနှစ်ဟာ ဈေးနှုန်းလည်း ကောင်းတယ်ဆိုတော့ အမြတ်ရှိလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ သူက ပြောပြခဲ့တယ်။

အရင်နှစ်က မြန်မာနိုင်ငံဘက်ခြမ်းမှာ ပြောင်း (အစိမ်း) တကီလို ထိုင်းဘတ် ၂ ဘတ်၊ အခြောက် တပုံး(၁၆ကီလို)ကို ၆၅ ဘတ်ဈေးရှိပြီး ဒီနှစ်မှာ လက်ရှိ ပြောင်းဖူး (အစိမ်း) တကီလိုကို ၄ ဘတ်၊ ပြောင်းအခြောက်ကိုတော့ တပုံးကို ၁၀၀ ဘတ်အထိ တက်လိမ့်မယ်လို့ ခန့်မှန်းပြောဆို ကြတယ်။

ဒီနှစ် ဧပြီ၊ မေလ ပြောင်းစိုက်ပျိုးချိန်မှာ မိုးခေါင်ရေရှားပြီး ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ နေဒဏ်ကြောင့် ပြောင်းပျိုးပင်တွေ မသန်ဘဲ နောက်ထပ်တကြိမ် ထပ်မံ စိုက်ပျိုးရတဲ့ အနေအထားတွေရှိနေတော့ ဒီစက်တင်ဘာလထဲမှာ ပြောင်းခင်းအချို့က ပြောင်းဖူးအစိမ်းတွေ ချိုးပြီး ရောင်းချနေကြပြီဖြစ်ပေမဲ့ အချို့ပြောင်းခင်းတွေကတော့ ၀တ်မှုန်ကူး ပွင့်ဖူးသီးခါစလေးပဲ ရှိနေ ပါသေးတယ်။

ဝါမီးထာရွာသူကြီး စောထွန်းမြင့်က “ဒီနှစ်မှာ မိုးသိပ်မရွာဘူးလေ။ နေက တအားပူတော့ ပေါက်လာတဲ့ အပင်တွေ သေကုန် တယ်။ နောက်တခေါက် ပြန်စိုက်ရတယ်။ ပြန်စိုက်တာ အခုဆို ၂ လလောက်ပဲရှိသေးတယ်။ နှစ်ခါ ပြန်စိုက်ရတော့ လူလည်း ပိုပင်ပန်း၊ အရင်းအနှီးလည်း ပိုကုန်တယ်။ ပြောင်းမျိုးစေ့ ၈ ပုံးဝင်တဲ့ ကျနော့်ခြံမှာဆို အခု ဘတ်ငွေ ၅၀၀၀၀ ကျော် ကုန်နေပြီး။ အရင်နှစ်က ဒီလောက်တောင် မကုန်ဘူး”လို့ ပြောပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်မှာ နေထိုင်ကြသူအများစုဟာ ထိုင်းဘက်ခြမ်းက လုပ်ငန်းရှင် သူဌေး တွေဆီမှာ ပြောင်းစိုက်ဖို့အတွက် ငွေအရင်းအနှီး၊ မျိုးစေ့၊ စိုက်ပျိုးရေး အထောက်အကူပစ္စည်း စတာတွေ ချေးငှားယူပြီး မိသားစုဝမ်းစာအတွက် ပြောင်း၊ ပဲ စိုက်ခင်းတွေကို လုပ်ကိုင်ကြရတယ်။

ပြောင်းစိုက်ခင်းက ထွက်ရှိလာတဲ့ ပြောင်းဖူးတွေကို တောင်သူတွေက ထိုင်းလုပ်ငန်းရှင်တွေဆီမှာပဲ ပြန်လည်ရောင်းချရတာ ဆိုတော့ သီးနှံထွက်နှုန်းအပေါ်မှာ သူတို့ ချပေးထားတဲ့ အရင်းအနှီးတွေကို ပြန်နှုတ်ယူပြီး လက်ကျန်တွေကိုသာ စိုက်ပျိုးသူ တွေက ပြန်ခံစားရတာပါ။

အရင်က ပြောင်း၊ ပဲ အထွက်နှုန်းလည်း မကောင်း၊ ဈေးနှုန်းလည်း သိပ်မရှိတဲ့နှစ်တွေဆို တောင်သူတွေအနေနဲ့ လုပ်အား ပေးဆပ်ရသလောက် ပြန်လည်ခံစားရတာမရှိတဲ့အတွက် အရင်းအနှီးယူထားတဲ့ သူဌေးတွေဆီမှာ အကြွေးတင်နေသူတွေ လည်း မရေမတွက်နိုင်အောင် အများအပြား ရှိခဲ့ဖူးတယ်။

“ဒီနယ်စပ်မှာ ရှိတဲ့ ရွာသူရွာသားတွေက တော်တော်ကြိုးစားရှာတယ်။ ပြောင်းခင်းလုပ်တယ်ဆိုတာက စလုပ်တာနဲ့ အကြွေး တင်နေပြီးလေ။ ပြောင်းထွက်ရင် သူဌေးက အကုန်နှုတ်တာ။ ကျန်မှ သူတို့ရတာ။ အဆင်မပြေတဲ့ နှစ်တွေဆို အကြွေးတင် တာပေါ့။ ဒါပမယ့် မလုပ်ရင်လည်း မစားရဘူးလေ” လို့ ကော့ကရိတ်နယ်ခံတဦးက ဆိုတယ်။

ဒီနှစ်တော့ စိုက်ပျိုးတဲ့နေရာမှာ နှစ်ခါပြန် ပင်ပမ်းရပေမဲ့ ပြောင်းက ထွက်နှုန်းကောင်းတဲ့အပြင် ဈေးနှုန်းလည်းကောင်းနေ တာကြောင့် ကျေနပ်ရကြောင်း ထိုင်း-မြန်မာနယ်စပ်ဒေသမှ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ မယ်ကလောခီးရွာသား ပြောင်း စိုက်ခင်းပိုင်ရှင်တဦးက အခုလို ပြောပါတယ်။

“ဒီနှစ် ပုံမှန် မိုးမရွာတော့ ကျနော်တို့ဂွင်မှာ ပြောင်းတွေက အပင်မသန်တာ ရှိတယ်။ ရှင်တဲ့အပင်တွေက အရင်နှစ်ထက် ပို ကောင်းတယ်။ ဒီနှစ် ဈေးနှုန်းလည်း မဆိုးဘူးဆိုတော့ ကျနော်တို့အတွက် ပိုကောင်းတာပေါ့” ၀မ်းသာအားရ ဆိုပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်တဲ့ အဲဒီဒေသတလျှောက်မှာ၂၀၀၇-ခုနှစ်ကစပြီး နအဖ စစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ ပိုမို ၀င်ရောက်လှုပ်ရှားလာကြရာက နယ်မြေခံ ကေအဲန်အယ်လ်အေ တပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဆိုသလို ယနေ့အချိန်ထိ ဖြစ်ပွားနေပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားတဲ့အချိန်တိုင်း ပြောင်းခင်းစိုက်တဲ့ ဒီနယ်စပ်ဒေသတွေက နယ်မြေခံ လူထုတွေဟာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သူတို့ရဲ့ စိုက်ခင်းတွေကို လုပ်ကိုင်ရမှာ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ကာ  လုပ်ကိုင်စားသောက်ကြရပါတယ်။

၎င်းနယ်မြေ ဝေါ်လေဂွင်အတွင်း လှုပ်ရှားနေတဲ့ ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးစီးတဲ့ ဒီကေဘီအေ တပ်မ ဟာ(၅)နဲ့ နအဖတို့ စစ်ရေးတင်းမာလာပြီး တိုက်ပွဲဖြစ်နိုင်တဲ့ အလားအလာတွေကြောင့် ဒေသခံ လူထု ၇၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က ထိုင်းဘက်ခြမ်း ဖုတ်ဖရမြို့နယ်၊ မောကဲထာ့နဲ့ မော်လီချိုင်းကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေး တယ်။

လက်ရှိအချိန်မှာလည်း ရွာသူရွာသားတွေဟာ သူတို့နေထိုင်ရာ ကျေးရွာနဲ့ ပြောင်းခင်းတွေအတွင်း ပြန်လည်နေထိုင်ပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြပေမဲ့လည်း ရှေ့ဆက် ဘာဖြစ်လာဦးမလဲဆိုတဲ့အတွေးနဲ့ အမြဲတမ်း သတိရှိရှိ သွားလာနေထိုင်နေရတယ်လို့ ဝေါ်လေဂွင်က ၀ါ့မီထာ့ရွာသူကြီးက သူ့ဆန္ဒကို အခုလို ပြောဆိုသွားပါတယ်။

“လွန်ခဲ့တဲ့ ၇-လပိုင်းတုန်းက ဒီကေဘီအေနဲ့ နအဖ အကြား အပြန်အလှန် တင်းမာနေကြတော့ ကျနော်တို့ ထိုင်းဘက်ကို ခဏတဖြုတ် ရှောင်ခဲ့ရတာတွေရှိတယ်။ အခုတော့ ကျနော်တို့ ရွာမှာ ပြန်လာနေတယ်၊ အလုပ်ပြန်လုပ်ဆိုပေမယ့် အခြေအ နေ စောင့်ကြည့်ရတာပေါ့။ ကျနော်တို့ ရွာသားတွေ ပြောင်း၊ ပဲစိုက်ခင်းတွေ အေးအေးဆေးဆေးနဲ့ လုပ်ကိုင်စားသောက်ချင် ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် ဘာဖြစ်လာဦးမလဲ မသိဘူး”လို့ ၎င်းရွာသူကြီးက ပြောပြတယ်။

 

 

Most read this week