ဒုက္ခသည်များအတွက် “နေအိမ်”

ဒုက္ခသည်များအတွက် “နေအိမ်”
by -
မနိုက်အွာ
“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ် ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည် အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘဝဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေမယ့် စိတ်မကောင်းဖြစ်မိတယ်” ဟု...

“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ် ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည် အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘဝဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေမယ့် စိတ်မကောင်းဖြစ်မိတယ်” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းတခုတွင် ခိုလှုံရောက်ရှိနေသည့် အမျိုးသမီးတဦးက ပြောဆိုခြင်း ဖြစ်သည်။

ယခု ဇွန်လ ၂၀ ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugees Day) ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာတဝှမ်းက အခမ်းအနားများ ကျင်းပပြုလုပ်လျှက် ရှိသလို ယခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဇွန်လ ၁၈ ရက်နေ့ က ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကြိုတင် ကျင်းပခဲ့ကြသည်။

အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ စီစဉ်ကျင်းပခြင်းဖြစ်ရာ ဒုက္ခသည်များအနေဖြင့် စခန်း အတွင်းမှာ ဘဝကို နှစ်မြှပ် မထားဘဲ လာမည့်အနာဂတ်တွင် မိမိနေရပ်ဌာနေ (သို့မဟုတ်) တတိယနိုင်ငံသို့ မိသားစု သိုက်သိုက်ဝန်း ၀န်းနှင့် သာယာငြိမ်းချမ်းသော “အိမ်”ကို မျှော်လင့်ချက်ထားရှိရန် (UNHCR) က ဒုက္ခသည်များထံ အားပေးစကား ပြောဆိုခဲ့သည်။

“စခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်လာခဲ့တာ ၁၀ နှစ် ကျော်နေပါပြီ။ ကိုယ့်မြေ ကိုယ့်ရွာမှာ ပြန်နိုင်ဖို့က ကျမတို့ မျှော်လင့်နေကြပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအရဆိုရင် ကျမတို့ မျှော်လင့်ချက်အတိုင်း ဖြစ်လာဖို့က ကြာဦးမယ် ထင်တယ်” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် နေထိုင်သူ နော်မူမူ (နာမည်ရင်း မဟုတ်) က ပြောသည်။  

‘ကမ္ဘာ့ဒုက္ခသည်များနေ့’ ရောက်တိုင်း “ကျမအတွက်တော့ ပျော်ရွှင်စရာမရှိဘူး။ တိုင်းပြည်မတည်ငြိမ်လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေရ တဲ့ ဒုက္ခသည်တယောက် ဖြစ်တယ် ဆိုတာကို ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်အမှတ်ရစေတယ်” ဟု သူမက ဆိုပြန်သည််။

မြန်မာနိုင်ငံတွင် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းချုပ်ထားသည့် စစ်တပ်က တိုင်းရင်းသား ပြည်သူလူထုအပေါ် ကြီးနိုင်ငယ် ညှင်းဝါဒကို ကျင့်သုံးပြီး မတရား ဖိနှိပ်အုပ်ချုပ်လာသဖြင့် ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားလာခဲ့ရသည်။  

စစ်တပ်က တိုင်းရင်းသားဒေသများတွင်် အထူးသဖြင့် ကရင်ဒေသတွင် အင်အားသုံးပြီး နည်းအမျိုးမျိုးဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့် ဒေသခံ ပြည်သူလူထုများ အိုးမဲ့အိမ်မဲ့ ဘဝတွေဖြစ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ဒုက္ခသည်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် သဘောတူလက်မှတ် ထိုးထားခြင်းမရှိသော်လည်း ထိုင်းအစိုးရက လူသားချင်း စာနာသည့် အနေဖြင့် ၁၉၈၅ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်ရာမို၊ မယ်ရာအူး၊ မယ်လ၊အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒုံယန်းနှင့် ထမ်းဟင် စသည့် ကရင်ဒုက္ခသည် စခန်း (၇) ခုကို တည်ထောင်ကာ ယခုအချိန်ထိ ဒုက္ခသည်များကို ခိုလှုံနေထိုင်ခွင့် ပေးနေသည်။  

အဆိုပါစခန်းများတွင် လက်ရှိ နေထိုင်သူ ဒုက္ခသည်ပေါင်း (၁၄၀,၉၇၃) ဦးရှိနေသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ (KRC) က ပြီးခဲ့သည့် မေ လတွင် ထုတ်ပြန် ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးသောကြောင့် စခန်းများအတွင်း ဒုက္ခသည်ဦးရေမှာ ပိုမိုတိုးပွားလာနေကြောင်း (KRC) ဥက္ကဌ စောရောဘတ်ထွေးက ယခုလို ပြောသည်။

သူက “ပြည်တွင်းမှာ တည်ငြိမ် ငြိမ်းချမ်းမှုမရှိတာရယ်၊ ဆင်းရဲနွမ်းပါးတာရယ်ကြောင့် စခန်းတိုင်းမှာ တလကို လူသစ် ၁၀၀ က ၃၀၀ အထိ ၀င်လာတယ်။ ကျနော်တို့ တိုင်းပြည်မှာ အေးချမ်းမှုမရှိသမျှတော့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေကတော့ ဒီလိုပဲ ဆက်ရှိနေဦး မှာပဲ” ဟု ပြောသည်။

နိုင်ငံရေး တိုးတက်ပြောင်းလဲမှုမရှိသေးသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ ဆက်လက် တည်ရှိနေသေး သရွေ့ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ၏ ပြဿနာသည် ကောင်းလာနိုင်သည့် အလားအလာမရှိနိုင်ကြောင်းလည်း ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့များက ပြောဆိုနေကြသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်မလာဘဲ ဒီအတိုင်း ရှိနေတာကို တွေ့ရတယ်။ ပြန်လည်နေရာ ချထားရေး အစီအစဉ်နဲ့ တခြားတိုင်းပြည်တွေကို တလမှာ ဒုက္ခသည်၁,၀၀၀ လောက် ပုံမှန် ထွက်နေပါ တယ်” ဟု တီဘီဘီစီ အဖွဲ့၏ ညွန်ကြားရေးမှူး ဂျက်ဒန့်ဖို့ဒ် (Jack Dunford) က ဗွီအိုအေ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။  

သူမက “ဒါပေမယ့် စခန်းထဲမှာ ကလေးငယ်တွေ ထပ်မွေးတာနဲ့ နောက်အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေနဲ့ ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင် ၀င်တာနဲ့ ထွက်တာက အတူတူလောက်ပါပဲ” ဟု လည်း ဆိုသည်။  

စစ်အစိုးရသည် တိုင်းရင်းသား လူထုများ၏ ဆန္ဒမပါဘဲ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ခုနှစ်၊ မေလတွင် အတည်ပြုလိုက်ပြီးနောက် အဆိုပါ ဖွဲ့စည်းပုံအတိုင်း ယခု ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည် ဖြစ်သည်။

စစ်အစိုးရတို့ စီစဉ်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်မဖြစ် မဆိုနိုင်သေးသော်လည်း ဒုက္ခသည်များအတွက််မှာမူ အထူးတလည် တိုးတက်ပြောင်းလဲမှု ရှိနိုင်မည် မဟုတ်ကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ယခုလို သုံးသပ် သွားသည်။

“ဒီ ၂၀၁၀ရွေးကောက်ပွဲ ပြီးသွားရင် ဒီမိုကရေစီရနိုင်မလားဆိုတာကို ကျနော် မပြောနိုင်ပေမဲ့ လူထုတွေကတော့ ဆိုးရွားတဲ့ အခြေအ နေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေက ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲက ယခု ထိုင်း -မြန်မာနယ်စပ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ဘာမှ အကျိုုး သက်ရောက်မှုရှိနိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၁၉၉၀ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း နိုင်ငံကိုအုပ်စိုးသူ စစ်အာဏာရှင်များက အာဏာလွဲမပေးဘဲ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခု အချိန်ထိ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် ချုပ်နှောင်ထားသည် မှာ ၁၄ နှစ်ကျော် ရှိခဲ့ပြီဖြစ်သည့်အတွက် စစ်အစိုးရအပေါ် အများက ယုံကြည်မှု မရှိကြခြင်းဖြစ်သည်။

မြန်မာပြည်သား အပါအဝင် ကမ္ဘာတဝှမ်းရှိ နေရပ်စွန့်ခွာကြရသည့် ဒုက္ခသည်အရေးသည် စိုးရိမ်စရာကောင်းနေဆဲဖြစ်သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဂူတဲရက်စ် (Antonio Guterres) က ဇွန်လ ၂၀ရက်နေ့တွင် ကျရောက်လာသည့် ကမ္ဘာ့ ဒုက္ခသည်များနေ့အတွက် ယခုလ ၁၅ ရက်နေ့က ထုတ်ပြန် ထားသည့် သဝဏ်လွှာတွင် ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည်အများဆုံး နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၅ တွင် ရှိနေပြီး၊ အာရှနှင့် ပစိဖိတ်ဒေသတို့တွင် ဒုက္ခ သည်အများဆုံးနိုင်ငံများအနက် တခု အပါအဝင် ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော တိုင်းပြည်၏ ပြဿနာများကို စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဒီမိုကရေစီ အင်အား စုများနှင့် အတူ တိုင်းရင်းသား လူမျိုးစုများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ထင်သာမြင်သာသည့် တိုးတက်ပြောင်းလဲမှု ရှိလာမှသာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိခိုလှုံနေထိုင်ရသည့် ဒုက္ခသည်များ မိမိတို့ ဌာနေဇာတိသို့ အသီးသီး ပြန်လည်နေထိုင်နိုင်ပြီး မိသားစု သိုက်သိုက်ဝန်းဝန်းနှင့် နွေးထွေးသည့် အိမ်တလုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။