တိုင်းအဆင့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတက္ကသိုလ်တွင် ပြုလုပ်မည်

တိုင်းအဆင့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတက္ကသိုလ်တွင် ပြုလုပ်မည်
by -
ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၇၅၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး စောဂျူပလီစံလှက နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“တိုင်းအဆင့်ကို အရင်နှစ်တွေက ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေမှာ လုပ်ခဲ့ပြီးပြီ၊ ဒီနှစ်တော့ ပဲခူးမြို့တော်မှာလုပ်မယ်။ ရည်ရွယ်ချက်ကတော့ ကရင်နှစ်သစ်ကူးကို ပီပီပြင်ပြင်သိအောင် တန်ဖိုးထားတက် အောင်နဲ့ အနှစ်သာရကတော့ ယဉ်ကျေးမှုဓလေ့တွေကို ပြန်ဖော်ချင်လို့ပဲ အခမ်းအနားမှာ ယဉ်ကျေးမှုဓလေ့ ပြန်လည်ဖော်ထုတ်တဲ့ အစီအစဉ်တွေ လုပ်သွားမယ်”ဟု စောဂျူပလီစံလှက ပြောသည်။

df-292x300

အဆိုပါ နှစ်သစ်ကူးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို ဖိတ်ကြားမည်ဖြစ်သလို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၄ မြို့နယ်မှ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများကို တစ်မြို့နယ်လျှင် ၅ ဦးစီနှင့် ပဲခူး ဒေသခံ ၁၀၀၀ ခန့်ကို အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု အခမ်းအနားစီစဉ် သူများက ပြောဆို သည်။ အခမ်းအနားတွင် ကရင့်ယဉ်ကျေးမှုများပြန်လည်ဖော်ထုပ်သည့် အစီအစဉ်များနှင့် တက္ကသိုလ်ဝင်စာမေး ပွဲ ထူးချွန်စွာ အောင်မြင်သည့် ကရင်ကျောင်းသူ/သားများကို ဆုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူးအခမ်းအနား အစီအစဉ်အပြီးတွင် မြို့နယ် အလိုက် စာပေယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်၍ တိုင်းဒေသကြီးအတွင်း ကရင် စာပေသင်ကြားနေမှု အခြေအနေအရပ်ရပ်ကို သုံးသတ်ကာ ရှေ့လုပ်ငန်းစဉ်များချမှတ်သွားရန်ရှိကြောင်း ဝန်ကြီး စောဂျူပလီစံလှက ဆက်ပြောသည်။

ယခင်နှစ်များက ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိသော် လည်း ယခုနှစ်တွင် ကျေးရွာများ စုပေါင်းကာ ပဲခူးမြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူး၊ ဘုရားကြီး မြို့နယ်၊ သရက်ကုန်းကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအခမ်းအနားအပြီး ပဲခူးတက္ကသိုလ်သို့ တိုင်း အဆင့် အခမ်းအနားသွားရောက်ရန် မလွယ်ကူကြောင်း၊ တိုင်းအဆင့် နှစ်သစ်ကူးပွဲတော် ကျင်းပရေးစီ စဉ် နေသူများက မည်သို့အစီအစဉ်ရှိသည်ကို မသိရသေးကြောင်းလည်း ပဲခူးမြို့ခံ စောကပေါ်မူးက ပြောသည်။

၎င်းက “ပဲခူးမြို့မှာ နှစ်သစ်ကူးပွဲကို ရွာအလိုက်လုပ်နေတာကနေ ဒီနှစ်မြို့နယ်အဆင်စုလုပ်မယ်ဆိုပြီး မြို့နယ် စာ/ယဉ်က ပြောတယ်။ ဒါနဲ့ သရက်ကုန်းရွာမှာ စုလုပ်မယ်ဆိုပြီး ဖြစ်သွားတယ်။ နောက်တော့ တိုင်းအဆင့် လည်း လုပ်မယ်။ သရက်ကုန်းရွာက ပြီးရင် လူတစ်ထောင်လောက် ပဲခူးတက္ကသိုလ်ကို သွားရမယ်လို့ ပြော တယ်။ သရက်ကုန်းရွာက ပဲခူး၊ ဘုရားကြီးနေပြည်တော်အမြန်လမ်းနားမှာ အဲ့ကနေ ပဲခူးမြို့အဝင် တက္ကသိုလ်ကို လာဖို့က မလွယ်ဘူး။ ဒီတော့ ဘယ်လိုစီစဉ်ထားလဲ ဆိုတာလည်း မေးတော့လည်း မဖြေနိုင်ဘူး စနတ်တကျဖြစ်မှ အဆင်ပြေမယ်”ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ရေးရာဝန်ကြီးက ဦးဆောင်ကာ၂၇၅၂ ခုနှစ်တွင် ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်ကြီးမြို့၌လည်းကောင်း၊ ၂၇၅၃ ခုနှစ်တွင် ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ မြို့၌ လည်းကောင်း အသီးသီးကျင်းပခဲ့ပြီး ယခုနှစ်မှာမူ ပဲခူးမြို့တော်ထဲတွင် ကျင်းပသွားရန် စီစဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။