ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော (၆၇)နှစ်ပြည့်မြောက်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နေ့ကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဌာနချုပ်၊ သေဘေထာ့နေရာတွင် ယမန်နေ့က ကျင်းပခဲ့သည်။
“KNU ဖွဲ့စည်းရခြင်းဟာ ကရင်တစ်မျိုးသားလုံး လိုအပ်ချက်တွေကို ဦးဆောင်ရှေ့ရွက်ဖို့ပါ။ ဒါကို ကျနော်တို့ မမေ့ဖို့၊ ပြန်လည် သတိရဖို့ ဆိုတဲ့အနေနဲ့ ယခုလို အခမ်းအနားလုပ်တာ ဖြစ်ပါတယ်”ဟု ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
နံနက် ၈နာရီမှ ၁၁နာရီအထိ ပြုလုပ်ကျင်းပခဲ့သည့် ယင်းအခမ်းအနားတွင် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသည့် ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ အပါအဝင် တပ်ဖက်ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မွမ်းမံအရာရှိသင်တန်းမှ တပ်သားများ၊ မဟာမိတ်ရဲဘော်များ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတာဒို့မူးက “ကရင်အမျိုးသားများအတွက် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ် တဲ့ ဒီကနေ့မှာ ကျနော်တို့ အမိနွယ်ဝင်၊ အဖနွယ်ဝင် မတူကွဲပြား ဘာသာရေး သက်ဝင်ယုံကြည်ကြတဲ့ ကရင်လူမျိုးစုအားလုံး စည်းလုံးညီညွှတ်ပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ရှေ့ဆက် အတူတကွ လက်တွဲအလုပ်လုပ်ကြဖို့ တိုက်တွန်းလိုပါ တယ်”ဟု ပြောသည်။
၎င်းအခမ်းအနားတွင် ကေအဲန်ယူ ဖြစ်ပေါ်လာရသည့် သမိုင်းနောက်ခံအကြောင်းအရာများ၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို ခေါင်းဆောင်းများက ရှင်းလင်းပြောကြားခဲ့ပြီး ကေအဲန်ယူ ဥက္ကဌ စောမူတူးစေး ဖိုးက ပေးပို့လာသော သဝဏ်လွှာနှင့် ကရင်လူ ငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)တို့မှ ပေးပို့လာသောသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။
ထို့အပြင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)မှ တပ်သားခိုင်ဇော်ဝင်းက “ဒီလိုမျိုး ကေအဲန်ယူ ဖွဲ့စည်းတဲ့နေ့ကို အထိမ်း အမှတ်အနေနဲ့လုပ်တာဟာ ကရင်လူမျိုးတွေအတွက်သာမက ကျနော်တို့တိုင်းရင်း သားတွေအတွက်လည်း ကောင်းတယ်။ ဘာ ဖြစ်လဲဆိုတော့ ဒါဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကိုဖော်ဆောင် တာလည်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူကို ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကရင်အမျိုးသားအဖွဲ့အစည်း(Karen National Association-KNA)၊ ကရင်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(Buddhist Karen National Association-BKNA)၊ ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO)နှင့် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO) စသည့် ကရင်အဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။