သတင်းသမားများ တိုးပွားလာရန်နှင့် ပဋိပက္ခမဖြစ်ပေါ်စေရေး သတင်းသမားများပေါ်ထွက်လာရန်ရည် ရွယ်၍ ကရင်ပြည်နယ် ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတွင် အခြေခံသတင်း ရေးသားနည်းနှင့် ပဋိပက္ခဂရုပြုရေးသားနည်းသင်တန်းကို ဒီဇင်ဘာ ၁၇ မှ ၂၅ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။
သင်တန်းဖြစ်မြောက်ရေးတွင် ပါ၀င်သူတစ်ဦးဖြစ်သည့် ကိုသိန်းဇော်က “ကျနော်တို့ ကရင်ပြည်နယ်အဖြစ် အပျက်တွေကို ရေးသားနို်င်ဖို့ သတင်းသမားတွေ အများကြီး လိုအပ်နေသေးတယ်။ ဒါကို တတ်နိုင် သလောက် ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီသင်တန်းလုပ်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းတွင် ရန်ကုန်မြို့မှဆရာ ၄ ဦးတို့က သင်တန်းသား/သူ စုစုပေါင်း (၄၀)ကျော်ကို သင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် လွတ်တော်အမတ် နန်းစေအွာနှင့် ကြားတောရ ဆရာတော် ဦးစန္ဒဝရတို့ကလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
သင်တန်း ဆရာဖြစ်သူ ကိုဇေယျာလှိုင်းက “မြန် မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုရင် ပွင့်လင်းတဲ့ သတင်းမီဒီယာရှိရမယ်။ ဒါကြောင့် သတင်းသမားမျိုး ဆက်သစ်တွေကို ထပ်မံပေါ်လာအောင်လို့ ကျနော် လာရောက်သင်တန်းပေတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် သတင်းသမားများအနေဖြင့် ပဋိပက္ခမဖြစ်ပွားစေရေးအတွက် ဘက်ညီမျှမှုတရှိစွာ သတိထား ရေးသင့်သည့် ရေးသားနည်း၊ ပဋိပက္ခမဖြစ်ရန် ကြိုတင်ကာကွယ်ထားရမည့် ရေးသားနည်း နှင့်ရှောင်ကြဉ် ရမည့် ရေးသားနည်းများကို သင်တန်းတွင် ပို့ချသင်ကြားသွားမည်ဟု သူက ဆက်ပြောသည်။
သင်တန်းသူ နော်အေးမာက “ကိုယ့်ရွာမှာ ဖြစ်ပျက် နေတဲ့အရာတွေကို ဘယ်လိုသတင်းအချက်အလက်တွေနဲ့ ရေးသားပေးပို့ရမလဲဆိုတာ သိအောင် ဒီသင်တန်းကို လာတက်တာပါ။ ဒီသင်တန်းကနေ ကျမအတွက် တစ်ခုခု အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ယခုပြုလုပ်နေသည့် သင်တန်းသည် နိုင်ငံရေးနှင့် ပတ်သက်၍ တစုံတရာ ထိခိုက်နစ်နာမှု မရှိသောကြောင့် ကရင်ပြည်နယ်ရှိ ပြည်နယ်ရဲမင်းကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး စသည်တို့ကိုလည်း အလားတူသင်တန်းများ ဖွင့်လှစ်ကူညီပေးစေချင်ကြောင်း ကိုသိန်းဇော်က ဖြည့်စွက်ပြောဆိုသည်။
သင်တန်းဖြစ်မြောက်ရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)မှ ကိုခိုင်မိုးလင်း၊ (ကရင်ပြည် နယ်) နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မြလိုင်နှင့် ကိုသိန်းဇော်လင်း တို့က သင်တန်းကုန်ကျစရိတ် ငွေကျပ် (၁၂)သိန်း ပါဝင်ကူညီပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း သုမေဓါရာမကြားတောရကျောင်း၌ ကရင်သတင်းစဉ်မှ သတင်း သင်တန်း ပြုလုပ်ခဲ့ရာတွင် အစိုးရဌာနဆိုင်ရာအာဏာပိုင်များ၏ လာရောက်မေးမြန်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် သင်တန်းသားများအမည်စာရင်း မှတ်တမ်းယူခြင်းများ ရှိခဲ့သည်။