ဖွံ့ဖြိုးရေးလုပ်ငန်းများ ချင့်ချိန်လုပ်ဆောင်မည်ဟု KNU ဒူးပလာယာခရိုင် ဆုံးဖြတ်

ဖွံ့ဖြိုးရေးလုပ်ငန်းများ ချင့်ချိန်လုပ်ဆောင်မည်ဟု KNU ဒူးပလာယာခရိုင် ဆုံးဖြတ်
by -
ကေအိုင်စီ

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော ဖွံံ့ဖြိုးရေးလုပ်ငန်းများအပေါ် ချင့်ချိန်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)က နိုဝင်ဘာ လ ၁၉ ရက်မှ ၂၁ရက်နေ့အထိ ၎င်းတို့ခရိုင်ရုံးတွင် ကျင်းပသော အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်လိုက်သည်။

ထိုဒေသတွင် လက်ရှိအချိန်၌ ခနောက်စိမ်းသတ္တုတူးဖော်သည့် မြန်မာသန်းဇော်၊ သုဝဏ္ဏမြေ၊ AA ကုမ္ပဏီ စသည့်ကုမ္ပဏီများက နေပြည်တော်ရှိ အစိုးရပိုင်း၏ ခွင့်ပြုချက်များဖြင့် လာရောက်လုပ်ကိုင်နေသကဲ့သို့ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့-AMI, PSI စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများလည်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများ လာရောက် လုပ်ကိုင်လျှက်ရှိကြောင်း ခရိုင်အတွင်း ရေးမှူးက ပြောသည်။

ဒူးပလာယာခရိုင်် အတွင်းရေးမှူး ပဒိုစောလစ္စတန်က “အခုလို ဘာမှမရေမရာ ဖြစ်နေတဲ့အချိန်မှာ ၀င်လာတဲ့ ကျန်းမာရေး၊ စီးပွား ရေး၊ ပညာရေး စတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၀င်လာတယ်။ ဒါတွေက ကျနော်တို့နဲ့ လာရောက်ပြောဆို လုပ်ဆောင်ရမယ်။ ကျနော် တို့က ဗဟိုရဲ့ မူဝါဒနဲ့အညီ ဒေသအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းဆုံးဖြတ်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကုမ္ပဏီများအနေဖြင့် နယ်မြေခံ ကေအဲန်ယူနှင့် အကျိုးတူ လာရောက်လုပ်ကိုင်သည်ဟုဆိုကာ ရောက်ရှိလာသော်လည်း ၎င်းတို့နှင့်အတူ အစိုးရဘက်က လုပ်ပိုင်ခွင့်များ အပြီးပါသည့်အပြင် အချို့မှာ ကေအဲန်ယူ ဗဟိုမှခွင့်ပြု၍ လာရောက်သူများလည်း ရှိသည်။ ထို့အပြင် ခရိုင်အတွင်း စီးပွားရေး၊ ဖွံ့ဖြိုးရေး လုပ်လိုသူများ ရှိနေသည့်အတွက်လည်း ဖြေရှင်းရခက်နေသည်ဟု ပဒိုစော လစ္စတန်က ထပ်မံ ပြောဆိုသည်။

ကေအဲန်ယူ ဗဟို တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဘယ်ဖွံ့ဖြိုးရေးလုပ်ငန်းမဆို အစိုးရ အနေနဲ့ ကေအဲန်ယူရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နှစ်ဦးနှစ်ဖက် အဆင့်ဆင့် ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမလုပ်ရင် စစ်မှန်တဲ့ ဖွံ့ဖြိုးရေးကို ရရှိမဟုတ်ဘူး။”ဟု ပြောဆိုသည်။

ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း အပါအဝင် မြို့နယ်အသီးသီးနှင့် တပ်မဟာ(၆)ရှိ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည့် ၎င်းအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော ဖွံ့ဖြိုးရေး၊ စီးပွားရေးတို့အပြင် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြရာ အစိုးရတပ်မှ စခန်းများ အခိုင်အမာ တည်ဆောက်ခြင်း၊ ရိက္ခာဖြည့်တင်းခြင်း စသည့်စစ်ရေး အထောက်ကူပြု လုပ်ဆောင်မှုများလည်း ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် အစည်းအဝေးတွင် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်ပြားစေသည့် မည်သည့်အကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်သွားမည်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင် ရေးအတွက် ကူညီလုပ်ဆောင်သွားမည်ဖြစ် ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့တွင် KNU ဒူးပလာယာခရိုင်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်များ ပါ၀င်သော ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)သည် ယခင် ပြုလုပ်ခဲ့ဖူးသည့် အရေးပေါ် အစည်းအဝေးများတွင် ကြေညာချက် ထုတ်ပြန်လေ့မရှိခဲ့ပေ။

Most read this week