ဒုက္ခသည်အတွက်ရွာတည်ရန် ပြည်နယ်ဝန်ကြီးချုပ်ကမ်းလှမ်း

ဒုက္ခသည်အတွက်ရွာတည်ရန် ပြည်နယ်ဝန်ကြီးချုပ်ကမ်းလှမ်း
by -
ကေအိုင်စီ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက ဘားအံမြို့နယ်အတွင်း နယ်စပ်ရောက် ဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်ရန် ရွာတည်လိုကြောင်း သထုံခရိုင် (ကေအဲန်ယူ) ကရင်အမျိုးသားအစည်းအရုံးထံသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပြောဆိုကမ်းလှမ်းခဲ့သည်။

ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)ဗျူဟာရုံးမှ စောအောင်သောင်းသိန်းက “ပြည်နယ်ဝန်ကြီးချုပ်က ကျနော်တို့ဒေသမှာ ရွာတည်ချင်တယ်လို့ တပ်မဟာ(၁)ဗျူဟာမှူးကို ကမ်းလှမ်းတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေအတွက်လို့ ပြောတာပဲ။ အသေး စိတ်တော့ မဆွေးနွေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် အစိုးရတို့ပါ၀င်သော ၁၅ ဦးအဖွဲ့သည် မွန်ပြည်နယ်မော်လမြိုင်မြို့တွင် မွန်ပြည်သစ်ပါတီ၊  ကေအဲန်ယူ၊ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ပြုလုပ်စဉ် ကရင်ပြည် နယ်ဝန်ကြီးချုပ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နို့အောလာက ရွာပါပဲ။ ဒါပေမဲ့ အဲဒီရွာရဲ ့ ဘေးပတ်ဝန်းကျင်တွေက မြေလွတ်တွေများတယ်။ ဒါပေမဲ့ ကျနော်တို့ဗျူဟာမှူးက အထက်ခေါင်းဆောင်တွေ ခွင့်ပြုချက်မရှိတော့ လက်ခံဖို့ အဆင်သင့်ဘာမှမရှိပါဘူးလို့ ပြန်ပြောလိုက်ပါတယ်”ဟု စောအောင်သောင်းသိန်းက ဆိုသည်။

ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သင့်သည်များကို ဆောင်ရွက်ရန် ဦးဆောင် ကော်မတီတခုဖွဲ့စည်းသွားရေးအတွက် စက်တင်ဘာ၂၆ရက်နေ့က ကရင်ဒုက္ခသည် ကော်မတီ(KRC)၊ ကရင်လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ကေအဲန်ယူတို့ တပ်မဟာ(၇) လေးဝါးစခန်း၌ ဆွေးနွေးခဲ့ကြသည်။

ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်သည် မွန်ပြည်နယ်အတွင်း တည်ရှိသော်လည်း အဖွဲ့အစည်း၏ နယ်နိမိတ် သတ်မှတ်ချက်အရ ဒုံသမိချောင်း၏ အရှေ့ဘက်ခြမ်းရှိ ဘားအံမြို့နယ်၏ ကျေးရွာတချို့တွင် နို့အောလာရွာလည်း အကျုံးဝင်နေသည်ဟု သိရသည်။

Most read this week