ဒုက္ခသည်များဘဝလုံခြံုရေးအတွက် ကရင်လူထုအခြေပြုအဖွဲ့စိုးရိမ်နေ

ဒုက္ခသည်များဘဝလုံခြံုရေးအတွက် ကရင်လူထုအခြေပြုအဖွဲ့စိုးရိမ်နေ
by -
ကေအိုင်စီ

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မယ်လဒုက္ခသည်စခန်း၌ အမျိုးသမီးတစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ အမျိုးသမီးများအပါအဝင် ဒုက္ခသည်များ၏ လုံခြံုရေး အတွက် အထူးစိုးရိမ်ရကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့များက ပြောဆိုလိုက်သည်။

မယ်လစခန်းဒုက္ခသည်စခန်းမှ နော်စိန်လှအေးဆိုသူ အမျိုးသမီးတစ်ဦးသည် စခန်းပြင်ပတွင် စက်တင်ဘာလ ၂၃ရက်နေ့က ရင်ဘတ်ဒဏ်ရာများဖြင့် လည်ပင်းကျိုးကာ သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့များက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မယ်လဒုက္ခသည်စခန်း(KIC)

ကရင်ဒုက္ခသည်ကော်မတီ(KRC) တွဲဘက်အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်က “မယ်လစခန်းအမျိုး သမီး သေဆုံးတဲ့အ ပေါ်မှာ ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေဟာ အခုထိ လုံခြံုမှုမရှိသေးသလို ခြိမ်းခြောက်မှုတွေ ဆက်ရှိနေသေးတာကို ပြသ တာပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် အမျိုးသမီးလုံခြံုရေးနှင့်ပတ်သက်၍ ကာကွယ်ရမည့် နည်းလမ်းများအတွက် စည်း မျဉ်းစည်းကမ်းများ မွမ်းမံတိုးချဲ ့ကာ အသိပညာပေးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း သူမက ဆက်ပြောသည်။

ထိုင်းဆရာဝန်သုံးဦး၏ စစ်ဆေးချက်တွင် ၎င်းဒုက္ခသည်အမျိုးသမီး သေဆုံးမှုအဖြေမသိရသေးသဖြင့် တိကျသည့် လက်ဗွေရာများ သိလိုပါက ဘန်ကောက်မြို့သို့ ပို့ရမည်ဖြစ်သောကြောင့် ငွေကြေးများနှင့် အချိန်လည်းကြာမြင့်မည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် စခန်းအတွင်းရှိ ဒုက္ခသည်များ၏ လုံခြံုရေးအတွက် စိုးရိမ်မှုများ ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

မယ်လစခန်းရှိ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ လူမှုရေးတာဝန်ခံ နန်းအေးအေးက “ဒီသေဆုံးမှုမှာ ဒဏ်ရာတွေကို ကြည့်ရင် ရိုးသားတဲ့ သေဆုံးမှု မဟုတ်ဘူး။ ဒီလို သေဆုံးမှုမျိုးကို အဖြစ်မှန် မဖော်ထုတ်နိုင် သရွေ ့ ဒုက္ခသည်စခန်းက အမျိုး သမီးတွေအပြင် ကျန်ဒုက္ခသည်တွေအားလုံးရဲ့ လုံခြံုရေးကို ခြိမ်းခြောက်မှုဖြစ်စေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မယ်လစခန်း KWO တာဝန်ရှိ ပုဂ္ဂိုလ်အချို့နှင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဖြစ်ပွားသည့် ရာဇဝတ်မှုများကို တရားမျှတရေး၊ အမှုမှန် ပေါ်ပေါက်ရေး ကူညီပေးနေသည့် The Legal Assistance Center (LAC)တို့က ထိုသေဆုံးမှုအမှုမှန်ပေါ်ပေါက်ရန် စက်တင်ဘာ ၂၇ရက်နေ့၌ မယ်လစခန်း တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သို့သော် သေဆုံးသူ၏ ရုပ်အလောင်းကို မီးရှို့သင်္ဂြိုလ်လိုက်ပြီဖြစ်သည့်အတွက် အမှုမှန်ဆက်လက်ဖော် ထုတ်ရန် ခက်ခဲသွားကြောင်း LAC က ဆိုသည်။

“ဒီအမှုမှန်ပေါ်ပေါက်ဖို့ ကျမတို့က ဆက်လုပ်ချင်ပေမယ့် တစ်အချက်က အမှုကို တဆင့်ခံတင်လို့ မရဘူး။ နောက် တစ်ချက်က သေဆုံးသူအလောင်းလည်း မရှိတော့တဲ့အတွက် ဆက်လုပ်ရတာ ခက်တယ်။ သူ့ဆွေမျိုးတွေက ဒီအမှုကိုစွဲချက်တင်မတင် မသေချာဘူး။ တကယ်လို့ တင်မယ်ဆိုရင် LAC ပြောတာကတော့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမယ်လို့ ဆိုတယ်”ဟု နန်းအေးအေးက ပြောသည်။

မယ်လစခန်းဒုက္ခသည်များသည် စခန်းပြင်ပတွင် ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှု၊ စခန်းပြင်ပအလုပ်လုပ်သူ အချို ့ အသတ်ခံရမှုတို့ ဖြစ်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ ထိုင်းတရားရုံးများသို့ အမှုတိုင်ကြားခြင်း မပြုလုပ်နိုင်ခဲ့ပေ။

Most read this week