ကရင်ပြည်နယ် ဖားအံမြို့၊ မြို့မဘောလုံးကွင်းအတွင်းရှိ လက်ရှိ ကုန်တိုက်နှင့် ဟိုတယ်ဆောက်လုပ်နေမှုကို ရပ်တန့်ပေးပြီး မူလအတိုင်း ပြန်လည်ထားရှိရန် မြို့ခံလူထုနှင့် သံဃာတော်များက ယမန်နေ့ စက်တင်ဘာလ ၅ရက်နေ့က တောင်းဆိုလိုက်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြဌေးကြွယ်လင်းကုမ္ပဏီ လီမိတက် ကို အဆောက်အဦး ဆောက်ခွင့်ပြုခဲ့ခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် မြို့ခံလူထုအပါအဝင်သံဃာတော် ပေါင်း (၃၀၀)ခန့်က ဖားအံမြို့ရှိ သရက်တောဘုန်းတော်ကြီးကျောင်းတွင် စည်းဝေးကြပြီး တောင်းဆိုချက် (၂)ချက်ဖြင့် အစိုးရအာဏာပိုင်များအား တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
၎င်းတောင်းဆိုချက်တွင် မြို့မဘောလုံးကွင်းသည် သမိုင်းရှုထောင့်၊ မြို့ပြစီမံကိန်းရှုထောင့်၊ မြေဂရန်ငှားရမ်း ခြင်း ဆိုင်ရာစာချုပ်စည်းကမ်း ရှုထောင့် စသည့် ရှုထောင့်အမျိုးမျိုးဖြင့် ကြည့်၍ ပြည်နယ် ပြည်သူ့ကိုယ်စား လှယ်များ က ပြည်သူ့ဘက်မှ ရပ်တည်ပေးရန်နှင့် လူတစ်စုအကျိုးစီးပွား မကြည့်ဘဲလူထုအကျိုးစီးပွားကြည့် ကာ သမိုင်းဝင် မြို့မဘောလုံးကွင်းကို မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန် စသည်တို့ ပါ၀င်သည်။
သမိုင်းဝင်မြို့မဘောလုံးကွင်း ပြန်လည်ရရှိရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးတင်မောင်မြင့်က “လွတ် လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ၁၉၅၄ ခုနှစ်မှာ ကရင်ပြည်နယ်ကို ပေးတယ်။ ၁၉၅၈ ခုနှစ်မှာတော့ ဒေါက်တာ စောလှထွန်းအစိုးရက အုပ်ချုပ်တာ ဘာမှ မဖြစ်ဘူး။ အခုတော့ ဒီကွင်းကို အဆင့်ဆင့်ရောင်းစားကြတယ်။ လူထုတွေက သိတော့ အခုလို စုပေါင်းကန့်ကွက်တောင်းဆိုရတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ဦးတင်မောင်မြင့်က မြို့မဘောလုံးကွင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိစေရန် ဗိုလ်ချုပ် အောင်ဆန်းက လူထုများအား လာရောက်စကားဟောပြောခဲ့သည့် သမိုင်းဝင်ကွင်းဖြစ်သောကြောင့် ကွင်းကို ယခင်မူလအတိုင်း ထားရှိသင့်ကြောင်းလည်း ပြောဆိုသည်။
သံဃာတော်နှင့် လူထုများပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးတွင် ပါတီနိုင်ငံရေးအဖွဲ့များ၊ ပြည်သူ့ကိုယ်စားလှယ် များနှင့် မြို့မိမြို့ဖများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အစည်းအဝေးတက်ရောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် စောအောင်ကျော်နိုင်က “ဒီမြို့မကွင်းကို ဒေသခံ ပြည်သူ လူထုများဆန္ဒအတိုင်း လွတ်တော်မှာ ကျနော်မေးခွန်းတွေ တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖယ်ချခံရ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အစည်းအဝေးမှ တောင်းဆိုချက်အရ သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းပေးခြင်း မလုပ်ဘဲ ပြေလည်မှုမရရှိပါက စုပေါင်းဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်သွားမည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချထား သည်ဟု အစည်းအဝေးတက်ရောက်သည့် လူထုများက ဆိုသည်။
မြေဧရိယာ(၂ ဒသမ ၅၅၆) ဧကရှိသော မြို့မဘောလုံးကွင်းသည် ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ရှိပြီး ဖားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်ဝန်ကြီးဌာနက ကွင်းအတွင်း အဆောက်အဦး စတင်တည် ဆောက်ရန် ဇွန်လ ၂၈ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီးနောက် ဇူလိုင်လ ၁ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင်တည်ဆောက်လာခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။
ထိုသို့ မြို့မဘောလုံးကွင်းအတွင်းသို့ အဆောက်အဦး တည်ဆောက်မှု ပြုလုပ်လာသည်နှင့်အမျှ ကွင်းကို မူလအတိုင်း ပြန်လည်ထားရှိနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ ၁၆ ရက်နေ့က ဖားအံမြို့မိမြို့ဖများနှင့် သံဃာတော် များစုပေါင်းကာ ကော်မတီဝင် ၃၂ ဦးပါသည့် သမိုင်းဝင်မြို့မဘောလုံးကွင်း ပြန်လည်ရရှိရေးကော်မတီ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။