ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ အောက်ကျောက်ခက်ရွာတွင် သြဂုတ်လ တတိယပတ်အတွင်း မိုးသည်းထန် စွာ ရွာသွန်းပြီး ကျောက်ခက်ချောင်းရေလျှံမှုကြောင့် အိမ်ခြေ ၁၉ လုံးရှိသည့်အနက် ၁၇ လုံး ပျက်စီးသွားခဲ့သည် ဟု ရွာခံများက ပြောသည်။
သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ရွာထဲသို့ ရေများ တဖြည်းဖြည်းဝင်လာကာ ၂၂ ရက်နေ့တွင် အိမ်ခေါင်းမိုးအထိ ရေမြင့်တက်ခဲ့ကြောင်း၊ အိမ်ခြေ ၅ လုံးမှာရေနှင့် မျောပါသွားခဲ့ပြီး ၁၂ လုံးမှာ ပျက်စီးခဲ့ကြောင်း ကျောက်ခက်ရွာ သူ ကြီး စောထွန်းခိုင်က ကေအိုင်စီသို့ ပြောဆိုသည်။
“အခု ရေကြီးတာ အိမ်တွေပျက်စီးကုန်လို့ အိမ်နှစ်လုံးလောက်ပဲ နေလို့ရတယ်။ လူတွေ တယောက်မှတော့ ထိခိုက်တာမရှိဘူး။ အားလုံးလည်း ဘေးလွတ်ရာကို ထွက်ပြေးကြကုန်ပြီ။ နောက်ကနေ့ (သြဂုတ်လ ၂၃ ရက်နေ့) အထိ ရေက ပြန်ကျသွားပြီဆိုပေ မယ့် မိုးကလည်း ရွာနေတုန်းဖြစ်လို့ ရေထပ်တက်လာမှာကို စိုးရိမ်တယ်။ ကျနော်တို့ရွာမှာ အရင်က ဒီလို တခါမှ ရေမကြီးဖူး ဘူး။”ဟု ပြောဆိုသည်။
လက်ရှိတွင် အောက်ကျောက်ခက်ရွာမှ ရေဘေးသင့်သူရွာသားများမှာ ရွာ၏ ကုန်းအထက်ပိုင်းရှိ ဘုန်းကြီး ကျောင်းနှင့် ရွာနံဘေးရှိ တောင်ကုန်းများပေါ်သို့ သွားရောက်ခိုလှုံကြသည်ဟုဆိုပါသည်။ ယခုလို ရေကြီးမှု ကြောင့် အောက်ကျောက်ခက်ရွာရှိ ရွာသူ ရွာသား ၅၀ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ် လိုအပ်နေပြီး နေရာထိုင်ခင်းနှင့် အဝတ်အထည်များ လည်း လိုအပ်နေကြောင်း စောထွန်းခိုင်က ဆက်ပြောသည်။
ရေဘေးသင့် အောက်ကျောက်ခက်ရွာသူ အမျိုးသမီးဖြစ်သည့် နန်းကြည်ဝင်းက “ရေကြီးလို့ ဆန်တွေလည်း ရေထဲအကုန် ပါသွားတယ်။ ကျမက စျေးရောင်းတော့ ရေထဲမပါဘဲ ကျန်တဲ့ စားသောက်ဖွယ်ရာတွေကို မျှဝေပြီး စားနေကြရတယ်။ ဒီအ တိုင်းပဲ မိုးဆက်ရွာလို့ လာကူညီမယ့်သူမရှိရင် ကျမတို့ စားစရာ အခက်အခဲနဲ့ ကြံုရမှာ မလွဲဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် အောက်ကျောက်ခက်အနီး ကုန်းဘက်ခြမ်းရှိ အိမ်ခြေ ၉၀ကျော်ရှိသော အထက်ကျောက်ခက်ရွာမှာမူ ရေဘေးအတွက် စိုးရိမ်စရာ အခြေအနေ မရှိကြောင်း သိရသည်။
အောက်ကျောက်ခက်ရွာနှင့် အထက်ကျောက်ခက်ရွာသည် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း(၉၀၇) အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။
အလားတူ သြဂုတ်လ ၂၁၊ ၂၂နှင့် ၂၃ရက်အတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင်လည်း ဒုတိယအကြိမ် ရေကြီး မှု ထပ်မံ ဖြစ်ပွားနေကြောင်း သိရသည်။