ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံစက်မှုဇုန်စီမံကိန်းအနီးရှိ မိုင်းကံကျေးရွာအုပ်စုမှ ထီးဖိုးကလုံးရွာ ဒေသခံများကို မြေစာရင်း ဦးစီးဌာနမှ မြေယာပိုင်ဆိုင်မှုစာရင်းတင်ခိုင်းမှုအား ရွာသားများစုပေါင်းကန့်ကွက် သည်ဟု သိရသည်။
ယင်းသို့ စာရင်းတင်ခိုင်းခြင်းအပေါ်သုံးသပ်ရန် ယမန်နေ့ ဧပြီလ ၁၉ရက်နေ့၌ ထီးဖိုးကလုံးကျေးရွာ အုပ်ချုပ်ရေး မှူး စောသာလင်း က ရွာသူရွာသားများကို ခေါ်တွေ့ကာအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ကန့်ကွက်လွှာ တင်ကြရန် အားလုံး တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု ကေအိုင်စီသို့ ယခုလို ပြောသည်။
စောသာလင်းက “ဧပြီ ၁၅ရက်နေ့မှာ မြေစာရင်းဦးစီဌာနက စာရောက်လာတယ်။ ထီးဖိုးကလုံးရွာအရှေ့ခြမ်းမှာ မြေလွတ်မြေရိုင်း တွေ ပိုင်ရှင်ရှိရင် မေလ ၁၉ရက်နေ့ နောက်ဆုံးထားပြီး မြေစာရင်းဦးစီးဌာနမှာကန့်ကွက်လွှာ တင်နိုင်တယ်လို့ ပါတယ်။ အခု ဒီမှာရှိတဲ့ လယ်မြေတွေ၊ လူနေအိမ်ခြံမြေတွေ အားလုံးဟာပြေစာရှိသူ တွေချည်းပဲ။ ဒါကြောင့် ကန့်ကွက်လွှာတင်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ပြောဆိုသည်။
ထီးဖိုးကလုံးရွာအရှေ့ဘက်ခြမ်းတွင် မြေပုံအရ မြေယာအကျယ်အဝန်း (၇၄ ဒဿမ ၄၈)ဧကရှိပြီး ယခုကဲ့သို့ မြေယာပိုင်ဆိုင်မှု စာရင်းတင်ခိုင်းခြင်းအပေါ် ကန့်ကွက်လွှာကို ဖားအံမြို့ရှိ မြေစာရင်းဦးစီးဌာနနှင့် ဖားအံစက်မှုဇုန် ကော်မတီသို့ ဧပြီလ ၂၂ရက် နေ့တွင် ပေးပို့သွားမည်ဟု စောသာလင်းက ဆက်ပြောသည်။
ထို့အပြင် ထီးဖိုးကလုံးဒေသတွင် ဖားအံစက်မှုဇုန်စီမံကိန်းကြောင့် မြေစာရင်းဦးစီးဌာနမှ မြေယာကိစ္စများ ပြောဆိုလာသည့်အ တွက် စိတ်အနှောက်အယှက်ဖြစ်ရသည့်အပြင် ရပ်ရွာတည်ငြိမ်အေးချမ်းမှုများထိခိုက်လာ မည်ကို စိုးရိမ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
မြေယာပိုင်ဆိုင်မှု စာရင်းတင်ခိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာက “ကျမအနေနဲ့ လူထုရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်။ ရပ်ရွာတည်ငြိမ် အေးချမ်းမှုကို ပြည်သူနှင့် ကျမတို့ကိုယ်စားလှယ်တွေ စုပေါင်းကာကွယ်ထိန်းသိမ်းမယ့် တာဝန်ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထီးဖိုးကလုံးရွာသည် အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိပြီး ၎င်းရွာ၏ အရှေ့ဘက်ခြမ်းရှိ အိမ်ခြေ ၄၀ ကျော်သည် ဖားအံစက်မှုဇုန်နယ် မြေအတွင်း၌ တည်ရှိသည်ဟု သိရသည်။