ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်အဖြစ် နှစ်ပေါင်း ၂၀ ကျော် လက်တွဲ ဆောင်ရွက်ခဲ့မှုများကို မိခင်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က အသိအမှတ်ပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက် နယ်မြေ(NLD-LA)က ယနေ့ ပြောကြား လိုက်သည်။
NLD-LA ဥက္ကဌ ဦးဘိုသောင်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးသည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့ အထိ မြန်မာပြည်တွင်းသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ် NLD နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယင်းကဲ့သို့ အသိအမှတ်ပြုခံရကြောင်း ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ ယနေ့ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် NLD-LA က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
၎င်းခရီးစဉ်အတွင်း လိုက်ပါခဲ့သည့် NLD-LA ဗဟိုအလုပ်အမှုဆောင် ဦးထွန်းအောင်ကျော်က “ကျနော်တို့ခရီးစဉ်မှာ အစိုးရနဲ့ စကားပြောဖို့ထက် မိခင် NLD အဖွဲ့ချုပ်ကို ၂၂ နှစ်ကျော် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ၊ နိုင်ငံတကာမှာ လွှတ်တော်တွေနဲ့ အစိုးရတွေအတွင်းမှာ ထိုးဖောက်မှုအားတွေ အစီရင်ခံဖို့ သွားတာပါ။ သွားပြောပြီး အခုလို နားလည်မှုရတာ ဝမ်းသာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ မြန်မာပြည်တွင်းရှိ ပြည်သူလူထု၏ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု အခြေအနေတို့ကို လေ့လာခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ၏ လက်ရှိအခြေအနေ၊ အစိုးရအဖွဲ့အတွင်း အခြေအနေ၊ လွွှှတ်တော်အတွင်း အခြေအနေနှင့် ၎င်းတို့နေထိုင်ခဲ့သည့် မြို့နယ် အသီးသီးတို့၏ ဘက်ပေါင်းစုံ အခြေ အနေများကို လေ့လာခဲ့သည်ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။
ထို့အပြင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ သျှမ်းတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့မှ အဖွဲ့ဝင်များ၊ ဦးမင်းကိုနိုင် ဦးဆောင်သည့် ၈၈ ကျောင်းသားများ အဖွဲ့နှင့်လည်း တွေ့ဆုံခွင့်ရကာ လက်ရှိ ဖြစ်ထွန်းနေသည့် နိုင်ငံရေးအခြေအနေများ အပေါ် သဘောထား ဖလှယ်ခဲ့ကြသည်ဟု မတ်လ ၂၅ ရက်နေ့ထုတ် ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထိုကြေညာချက်၌ ဦးအောင်မင်းဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့်နှစ်ကြိမ် တွေ့ဆုံခွင့် ရကာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမြင်များ ဖလှယ်နိုင်ခဲ့ကြသလို အစိုးရအနေဖြင့် ခရီးစဉ် တလျှောက်လုံးတွင် ၎င်းတို့အား လိုအပ်သော အကူအညီ အပြည့်အဝ ပေးခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။
တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ဦးထွန်းအောင်ကျော်က “ဒီကနေ့ တိုင်း ရင်းသားလူမျိုးတွေရဲ့ တစ်ခုချင်း စည်းလုံးညီညွှတ်မှုကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ပူးပေါင်း ဆောင်ရွက်လို့ တိုင်းရင်းသားတမျိုးချင်းကနေ လူမျိုးပေါင်းစုံ ညီညွှတ်ရေးကို သွားတဲ့အခါမှာ လူမျိုး တမျိုးချင်းရဲ့ အမျိုးသားတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိအောင် ဆက်လုပ်သွားမယ်” ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD-LA အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဥက္ကဌ ဒေါက်တာ အေးကျော်၊ အတွင်းရေးမှူး ဦးမြင့်သိဏ်း၊ တွဲဘက်အတွင်းမှူး ဦးရန်နောင်မြင့်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းအောင်ကျော် နှင့် သြစတြေးလျ ဌာနခွဲ ဥက္ကဌ ဦးမောင်မောင်အေးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (NLD-LA) အား ၁၉၉၀ ပြည့်ရွေးကောက်ပွဲနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ် မာနယ်ပလောတွင် ဖွဲ့စည်းခဲ့သည်။