လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်
by -
ကေအိုင်စီ

ကော်သူလေ-ကရင်လူငယ်အစည်းအရုံး(KYO) သည် အမျိုးသားရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးလုပ် ငန်းများသာ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ကြောင်း မတ်လ ၂၅ ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ်အတွင်းရှိ မူးယစ်ဆေးရောင်းဝယ်နေ သည့် ရေလယ်ကျွန်းကို ကော့မှုးရာ ကရင်လူငယ်များအဖွဲ့မှ လက်နက်အပြည့် အစုံဖြင့် မတ်လ ၂၂ ရက်နေ့က ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ကော်သူးလေ KYO က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ကော်သူးလေ KYO တွဲဖက်အတွင်းရေးမှူ(၁) စောဂျက်ပစီက “အဓိကတော့ ကျနော်တို့အဖွဲ့ရဲ့ လုပ်ဆောင်မှု တွေကို ထင်သာမြင်သာရှိ စေချင်တယ်။ ကော့မှုးရာ ကရင်လူငယ် အဖွဲ့နဲ့ ကျနော်တို့ကို အတူတူထင်သွားမှာ စိုးလို့ပါ။ ရေလယ်ကျွန်းမှာ မူးယစ်ဆေးဝါး သွားတုန်းက ကော့မှုးရာက ယူနီဖောင်းတွေနဲ့လက်နက်တွေ ပါသွားတယ်။ ကျနော်တို့ ကော်သူးလေ KYO ကတော့ လက်နက်ကိုင်အဖွဲ့ မဟုတ်ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာတချို့တွင် ကော့မှုးရာ ကရင်လူငယ်အဖွဲ့ဟု မသုံးစွဲဘဲ ကရင် လူငယ် အဖွဲ့အစည်းဟု ရေးသားထားသည့်အပေါ် ဖြေရှင်းသည့်အနေဖြင့် ကြေညာချက်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း စောဂျက်ပစီက ဆက်ပြောသည်။

ကော်သူးလေ KYO အစည်းအရုံး၏ အဓိက ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတွင် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ လက်နက်ကိုင်ဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရသော လှုပ်ရှားမှုများ လုံးဝမပါရှိကြောင်း အဆိုပါ ကြေညာချက်က ဖော်ပြသည်။

ထို့အပြင် ကရင်လူငယ် အစည်းအရုံးအတွင်း ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်ဆင့်နှင့် အစုအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများသည် ကရင်လူငယ်များ၏ အကျင့်စာရိတ္တမြှင့်မားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရိုးရာယဉ်ကျေးမှု ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့်လုပ်ငန်းများကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ကြေညာချက်၌ ထည့်သွင်းရေးသားထားသည်။

စောဂျက်ပစီက “ဒီလိုမျိုး ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြင့် ကျနော်တို့က ကော့မှုးရာ ကရင်လူငယ်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာ မရှိဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တခြားပူးပေါင်း လုပ်ဆောင်တာတွေ တော့ရှိပါတယ်” ဟု ပြောသည်။

ကော်သူးလေ KYO အဖွဲ့သည် ကရင်လူထုတစ်ရပ်လုံး၏ လူမှုရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘတ်စုံဖွံ့ဖြိုးတိုးတက် ရေးကို ရှေးရှု၍ ၁၉၈၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကရင်ပြည်နယ်အတွင်း စတင်ဖွဲ့စည်းခဲ့ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး-KNU ၏ လက်အောက်ခံနိုင်ငံရေးအဖွဲ့တစ်ခုဖြစ်သည်။