သြစတြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

သြစတြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ
by -
ကေအိုင်စီ

Photo-Jade Land copyနယူးဇီလန်နိုင်ငံမှတဆင့် သြစတြေးလျားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန် ကို သြစတြေးလျားရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော်က ယနေ့ ဆန္ဒပြခဲ့ကြသည်။

သြစတြေးလျားနိုင်ငံ၊ ကင်ဘာရာမြို့တော်ရှိ ဘုရင်ခံချုပ်အိမ်ရှေ့တွင် နေ့လည် ၁၂ နာရီ မှ ၂ နာရီအထိ တကြိမ်၊ ပါလီမန်အဆောက်အဦးရှေ့တွင် ညနေ ၂ နာရီခွဲမှ ၃ နာရီအထိ တကြိမ် အချက် ရ ချက်ပါ၀င်သည့် တောင်းဆိုချက်နှင့်အတူ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် ကေအိုင်စီသတင်း ထောက် စောကျော်ခွီးက ပြောဆိုသည်။

Photo-Jade-Land-copy

၎င်းက “ဘုရင်ခံက ဦးသိန်းစိန်ကို သူ့အိမ်ကို ဖိတ်တယ်လေ။ အဲဒီအိမ်ကို ရောက်ချိန်မှာ ဆန္ဒပြသူတွေ စတင် ကြွေးကြော် ဆန္ဒပြကြတာပါ။ သမ္မတဘက်က ဆန္ဒပြသူတွေကို ဘာမှ တုံ့ပြန် မသွားပေမယ့် သမ္မတနောက်ကို ပါလာတဲ့ စကိုင်းနက်မီဒီယာက တာဝန်ခံ ဦးကျော်ဝင်းက ထွက်လာတယ်။ ဆန္ဒပြသူတွေဘက်က သူတို့တောင်း ဆိုထားတဲ့ အချက်တွေကို သမ္မတကို ပေးဖို့ သူကနေတဆင့် အိတ်ဖွင့်ပေးစာ ပေးလိုက်တယ်” ဟု ပြောသည်။

အိတ်ဖွင့်ပေးစာ၌ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စသည့် တောင်းဆိုချက်များ ပါ၀င်သည်ဟု သိရသည်။

ယနေ့ ဆန္ဒပြပွဲတွင် သြစတြေးလျာနိုင်ငံရောက် မြန်မာတိုင်းရင်းသားများအဖွဲ့မှ လူ ၁၀၀ ကျော်နှင့် ဘင်ဂါလီ ခေါ် ရိုဟင်ဂျာအဖွဲ့မှ လူ ရ၀ ကျော်တို့က အုပ်စု (၂)ခုခွဲ၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသားများပါ သည့် အဖွဲ့တွင် Joint Action Committee for Democracy in Burma-JACDB က ဦးဆောင်ခဲ့သည်ဟု စောကျော် ခွီးက ပြောသည်။

ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူ JACDB မှ ဥက္ကဌ မန်းအောင်လန်းဒိုက “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည် ဆောက်ပြီးမှ ဖွံ့ဖြိုးရေးတွေ လုပ်သွားဖို့ လိုတာ အစိုးရဘက်က သိအောင် ကျနော်လာရောက် ဆန္ဒပြတာပါ။ အစိုးရဟာ တိုင်းရင်းသားအဖွဲ့တွေကို ဟိုတဖွဲ့၊ ဒီတဖွဲ့ လိုက်ဆွေးနွေးတာ မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့တွေ ကို ကိုယ်းစားပြုတဲ့ UNFC ၊ နောက် ဒီမိုကရေ စီအင်အားစုတွေကို သုံးပွင့်ဆိုင်အနေနဲ့ ဆွေးနွေးဖို့ တိုက်တွန်း ချင်တယ်” ဟု ပြောဆိုသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သည့် စောလွယ်မူးကလည်း “လူ့အခွင့်အရေးလိုက်နာကျင့်သုံးနေတဲ့ သြစတြေးလျားလို နိုင်ငံဟာ စစ်တပ်အရေခြံုထားတဲ့ ဦးသိန်းစိန် အစိုးရကို အကျိုးစီးပွားအတွက်ကြည့်ပြီး အခုလို လိုက်လျောနေ တာကို အံ့သြမိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့ ဆန္ဒပြသည့် အုပ်စုနှစ်ခုမှာ ရည်ရွယ်ချက်ခြင်း မတူဘဲ တိုင်းရင်းသားအဖွဲ့သည် ဘုရာခံချုပ်အိမ်ရှေ့နှင့် ပါလီမန်အဆောက်အဦးရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်ပြီး ရိုဟင်ဂျာ အဖွဲ့ကမူ ပါလီမန် အဆောက်အဦးရှေ့ တနေရာတည်း၌သာ ဆန္ဒပြကြောင်းနှင့် တောင်းဆိုချက်လည်း မတူညီကြောင်း စောကျော်ခွီးက ဖြည့်စွက်ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျား ၀န်ကြီးချုပ် မစ္စ ဂျူလီယာ ဂီးလတ်(Julia Gillard)နှင့် တွေ့ဆုံခဲ့ပြီး နောက် သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပကာ သြစတြေး လျားဝန်ကြီးချုပ်ဘက်က မြန်မာနိုင်ငံအပေါ် အကူအညီပေးမည့် အစီအစဉ်သစ် အကြောင်းပြောကြားခဲ့သလို နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေးကို လည်း ပြန်လည်စတင်မည်ဟု ပြောကြားခဲ့ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရသူ ဦးရဲထွဋ် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်သည် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် သြစတြေးလျားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည် ဟု သိရသည်။

Most read this week