ဖားအံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အတွင်း ပြဇာတ်သင်တန်း ဖွင့်လှစ်မည်

ဖားအံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အတွင်း ပြဇာတ်သင်တန်း ဖွင့်လှစ်မည်
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် အကြီးဆုံးဖြစ်သော တောင်ကလေး ဘုန်းတော်ကြီးသင် ပညာရေး (ဘ.က) ကျောင်းတွင် နွေရာသီကျောင်းပိတ်ရက် ဧပြီလ ၁ ရက်နေ့မှစ၍ ရက်တို ပြဇာတ်သင်တန်းကို တပတ်တိတိ ဖွင့်လှစ်သင်ကြားမည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း နွေရာသီကျောင်းပိတ်ရက်၌ (ဘ.က) ကျောင်းတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်း၊ အခြေခံ အင်္ဂလိပ်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်း စသည့်သင်တန်း သုံးခုသာ ဖွင့်လှစ်သင်ကြားပေး သော်လည်း ယခုနှစ်တွင် နယ်စည်းမခြား ပြဇာတ်သင်တန်းကို တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။

တောင်ကလေး(ဘ.က)ကျောင်းအုပ် အရှင်ဥတ္တမက “ဒီသင်တန်းကို ဖွင့်ရတာက လူမှုရေးပြဇာတ်အဖွဲ့ပါပဲ။ နောက်လူငယ်တွေကို အသိပညာပေးတဲ့ ပြဇာတ်လည်း ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ချင်လို့ လောလော လာမေးတဲ့ လူငယ်တွေ တော်တော်များတယ်” ဟု ကေအိုင်စီသို့ မိန့်ကြားသည်။

၎င်းသင်တန်းနှင့် ပတ်သက်၍ လက်ရှိ တက်ရောက်မည့် လူငယ်မောင်မယ် တစ်ရာကျော်ရှိနေပြီး ပြင်သစ်နိုင်ငံ အခြေစိုက် လူမှုရေးအဖွဲ့ တစ်ခုမှ သင်ကြားပေးမည်ဟု အရှင်ဥတ္တမက ဆက်လက် မိန့်ကြားသည်။

ပြဇာတ်သင်တန်းကို စိတ်ဝင်စားသည့် တောင်ကလေးရွာမှ နဝမတန်းကျောင်းသားတစ်ဦးဖြစ်သူ စောကျော် မြင့်က “ကျနော်လည်း ပြဇာတ်သင်တန်းကို စိတ်ဝင်စားတယ်။ အရမ်းတက်ချင်တယ်။ အဆင်ပြေရင် တက်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ၎င်းသင်တန်းများသည် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်း၊ အခြေခံအင်္ဂလိပ် စကားပြောသင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့ကို မတ်လအတွင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နယ်စည်းမခြား ပြဇာတ်သင်တန်းကိုမူ နောက်ဆုံးထား၍ ဧပြီလ လဆန်းပိုင်းမှသာ ဖွင့်လှစ်မည်ဖြစ်သည်။