ယနေ့ ကျရောက်သည့် ၁၀၂ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ထိုင်းနိုင်ငံ-မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အမျိုး သမီးအဖွဲ့အစည်းများမှ လူဦးရေ ၂၀၀ ခန့် အမျိုးသမီးအခွင့်အရေး ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ချီတက် လမ်းလျှောက်ခဲ့ကြသည်။
အဖြူ၊ အဝါ၊ ချယ်ရီ၊ အစိမ်းရောင် စသည့်တူညီအကျႌများ ၀တ်ဆင်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ၀ပ်အာလန် ဘုန်းကြီးကျောင်းရှေ့မှ စတင်ခဲ့ပြီး မြူနီစပယ်ရုံးအနီး အားကစားကွင်း အထိ နံနက် ၈ နာရီမှ ၉ နာရီအကြား လမ်းလျှောက်၍ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
လမ်းလျှောက်ချီတက်ပွဲတွင် ပါ၀င်ခဲ့သည့် မြန်မာအမျိုးသမီးသမဂ္ဂ-BWU မှ မဇာဇာက “အမျိုးသမီးတန်းတူ အခွင့်အရေးမှာဆို ရင် လုပ်အားခ တန်းတူရရှိရေး၊ ပညာသင်ကြားခွင့် ရရှိရေး၊ စီးပွားရေးနှင့် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အမျိုးသားတွေနဲ့ တန်းတူရရှိရေး အဲ့ဒါတွေ ကိုင်ဆောင်ပြီး ကိုယ်ဝတ်ထားတဲ့ အကျႌအရောင်အလိုက် အုပ်စုလေးတွေဖွဲ့ပြီး ချီတက်ကြတာပါ” ဟု ပြောသည်။
ချီတက်ပွဲပြီးနောက် မဲဆောက်မြို့ မြူနီစပယ်ရုံး မိုးလုံလေလုံ အားကစားကွင်းခန်းမ၌ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခဲ့ကြပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ထိုင်းအမျိုးသမီး အဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် လွန်ဆွဲ၊ ဂုန်နီအိတ်စွပ်၊ ပင်ဘောင်ရိုက်ခြင်း စသည့် အမျိုးသမီး အားကစား ပြိုင်ပွဲများလည်း ပြုလုပ် ကျင်းပခဲ့သည်။
Migrant Right Promotion Working Group-MRPWG မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မမြတ်စုအောင်က “အမျိုးသမီးတွေ ဂုဏ် သိက္ခာရှိစွာနဲ့ နေနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့၊ ခွဲခြားခြင်းမရှိဘဲ တန်းတူရင်ဘောင်တန်းပြီး အနာဂတ် ခရီးလမ်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ ကျင်းပပေးရခြင်းဖြစ်တယ်ဆိုတာ ပြောချင်တယ်” ဟု ပြောသည်။
မဲဆောက်မြို့ရှိ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို MRPWG မှ ကမကထပြု ကျင်းပပေးခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း မြန်မာ့အမျိုးသမီး များအား နိုင်ငံတကာ အမျိုးသမီးများ နေ့ ဖြစ်ပေါ်လာပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် အမျိုးသမီးများအား ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ က စတင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။