မြန်မာအစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ တိုက်ပွဲများ ရပ်တန့်နေကြောင်း သိရသည်။
မြန်မာအစိုးရစစ်တပ်မှ ၀င်ရောက်တိုက် ခိုက်နေမှုများအား ရပ်စဲပေးရန် SSPP/ SSA မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်း ဇော်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၂ ရက်နေ့များက တရားဝင် အကြောင်းကြားစာများ ပေးပို့ ပြောဆိုခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်မှ တိုက်ပွဲဖြစ်ပွားနေမှု များအား ရပ်စဲမည့်အကြောင်းနှင့် တပ်များ ပြန်လည် ဆုတ်ခွာပေးမည့်အကြောင်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု SSPP/ SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ယခုလို ပြောသည်။
သူက “ဦးသိန်းဇော်ကိုယ်တိုင်က တိုက်ပွဲဖြစ်နေတာတွေ ရပ်ပေးမယ်။ နောက်ပြီး တပ်တွေကိုလည်း ကိုယ့်နေရာကိုယ် ပြန်လည် ဆုတ်ခွာဖို့ကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းပြန်ထားတာ ရှိပါတယ်။ အခုတော့ တိုက်ပွဲတွေက ရပ်နေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် အဆိုပါကိစ္စများနှင့် ပတ်သက်၍ ယနေ့အချိန်အထိ အစိုးရဖက်မှ တရားဝင်စာဖြင့် ပြန်လည် အကြောင်းပြန်ကြားထားခြင်း မရှိသေးကြောင်း ဗိုလ်မှူးစိုင်းလက ဆက်လက် ပြောဆိုသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ပေးပို့စာများထဲတွင် မိမိတို့တပ်များ အနေဖြင့် သွားရောက် ကျူးကျော် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ တပ်မတော်စစ်ကြောင်းများမှ၎င်းတို့တပ်စွဲ ထားသော နေရာများကို ၀င်ရောက်တိုက် ခိုက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အစိုးရစစ်တပ်မှ မိမိတို့ဆုတ်ပေးသော တပ်စခန်းများနေရာတွင် ဆက်လက် တပ်စွဲထားလျက်ရှိရာ မလွှဲသာ၍ ပြန် လည် ခုခံရခြင်းဖြစ်ပြီး ၎င်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ပျက်ပြားစေသည့်အတွက် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်ဟု SSPP/SSA က ပြောသည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်ဖြစ်သည့် SSPP/SSA သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်ပိုင်း အစိုးရတပ် နှင့် တိုက်ပွဲပေါင်း ၅၀ ကျော် ပြန်လည် ဖြစ်ပွားခဲ့သည်။