ဆုံးရှုံးမှုအတွက် လျော်ကြေးအပြည့် မရဘဲ မူးဒူးဒေသခံများ ဖိအားပေးပြောင်းရွှေ့ခိုင်းခံရ

ဆုံးရှုံးမှုအတွက် လျော်ကြေးအပြည့် မရဘဲ မူးဒူးဒေသခံများ ဖိအားပေးပြောင်းရွှေ့ခိုင်းခံရ
by -
ကေအိုင်စီ

တနင်္သာရီတိုင်း နဘုလယ်ဒေသရှိ အီတာလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေအတွင်း ပါ၀င်နေသည့် မူးဒူးကျေးရွာကို ယခုနှစ် ဧပြီလ ၁၃ရက်နေ့ သင်္ကြန်မတိုင်မီ အပြီးပြောင်းရွှေ့ပေးရမည်ဟု ဖိအားပေးထားသော် လည်း ဒေသခံများ၏ ဆုံးရှုံးနစ်နစ်မှုကို တန်ကြေးငွေစျေးနှုန်းဖြင့် ပေးဝယ်ခြင်း မရှိကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်နေရာချထားရေး အဖွဲ့ဝင် များက မူးဒူးကျေးရွာတွင် လာရောက်၍ မူဒူးဒေသခံများကို သင်္ကြန်လမတိုင်မီ နဘုလယ်ဒေသအနီးရှိ ဘဝါမြို့ သစ်သို့ အပြီးပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မူဒူးဒေသခံများက ပြောသည်။

နဘုလယ်ဒေသခံ ဦးအောင်မြင့်က “အခုဆိုရင် ကျနော်တို့ တရွာလုံးက မပြောင်းမဖြစ် ပြောင်းပေးရတော့မယ်။ ပြောင်းနေရမယ့် နေရာသစ်မှာ အိမ်မြေလောက်ပဲ သူတို့က ပေးမှာ။ ကျနော်တို့ ပြန်ဝယ်ရမယ့် ခြံမြေတွေက တော့ အရမ်းစျေးကြီးတယ်။ ဒါကြောင့် ကျနော်တို့ဒီက ခြံမြေတွေလည်း ရောင်းတဲ့ စျေးနှုန်းအတိုင်း ထိုက်တန် တဲ့ စျေးနှုန်းရချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မူးဒူးကျေးရွာတွင် လယ်ယာနှင့် ဥယျာဉ်ခြံမြေ တန်ဖိုးအလိုက်ကြည့်၍ တစ်ဧကလျှင် ၅ သိန်းမှ ၂၅သိန်းအထိ သာ အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီဘက်မှ ပေးဝယ်ပြီး ဒေသခံများပြောင်းရွှေ့နေထိုင်ရမည့် ဘဝါမြို့သစ်တွင် စိုက်ပျိုးမြေအတွက် မြေလွတ်မြေရိုင်းတစ်ဧကလျှင် သိန်း ၁၀၀ မှ ၁၅၀အထိ အစိုးရထံ ပေးဝယ်ရကြောင်းလည်း ဦးအောင်မြင့်က ဆက်ပြောသည်။

မူးဒူးကျေးရွာတွင် အိမ်ခြေ ၅၄၅ လုံးခန့်ရှိပြီး အများစုမှာ သီဟိုဠ်၊ ရာဘာ(ကော်)၊ အုန်းစသည့် နှစ်ရှည်ခံသစ်ပင် များနှင့် ရာသီပေါ်သီးနှံစားပင်များစိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်း ပြုလျှက်ရှိကြသည်။

လက်ရှိ ITD ကုမ္ပဏီမှ သီဟိုဠ် အပင်အကြီးစား တစ်ဧကလျှင် ကျပ်ငွေ ၉သောင်း၊ အလတ်စား-၇သောင်း၊ အငယ်စား-၃သောင်းနှင့် ရာဘာသစ်ပင်ကြီး တစ်ဧကလျှင် ၁သိန်း၊ အလတ်စား-၇ သောင်း၊ အငယ်စား-၃ သောင်းအထိသာ ပေးဝယ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“လျော်ကြေးက သစ်ပင်စိုက်ဖို့လောက်ပဲ ပေးတာ။ မြေကအာဏာပိုင်တွေဆီမှာ ထပ်ဝယ်ရဦးမယ်။ ကျနော်တို့ ကလည်း မဖြစ်မနေပြောင်းပေးရမယ်ဆိုတော့ မတက်နိုင်ဘူးလေ။ ပြောင်းတော့ မပြောင်းပေးချင်ဘူး။ ကျနော် တို့က ပညာလည်း မတက်၊ ဗဟုသုတ မရှိတော့ မပြောရဲဘူး”ဟု သူက ဖြည့်စွက်ပြောသည်။

ရေနက်ဆိပ်ကိမ်းစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် ကျေးရွာများမှာ နဘုလယ်ဒေသအတွင်းရှိ မယင်းကြီး၊ မူးဒူး၊ ထိန်ကြီး၊ လဲရှောင်နှင့် ပရဒတ်ကျေးရွာများ အပါအဝင် ထိုကျေးရွာ၏ အနီးဝန်းကျင် တလျှောက် ကျေးရွာ များ၌လည်း အိမ်မြေများပြောင်းရွှေ့ပေးရန် ဖိအားပေးခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။

Most read this week