ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါ၀င်သည့် အဖွဲ့ဝင်လေးဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြဝတီမြို့၊ အေး ချမ်းဖြိုးရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြဝတီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန်လာရောက်ခဲ့ခြင်း ဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါ၀င်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။
“ဒုသမ္မတ ရောက်ရှိတာကို ကျနော်တို့က ထိစပ်နယ်မြေ တာဝန်ရှိသူများအနေနဲ့ သွားတွေ့တာပါ။ ဒုသမ္မတတွေ့ ဆုံတဲ့အခါ ကျနော်တို့ အဓိက တင်ပြတာက အစိုးရနဲ့ KNUတို့ရဲ့ ပစ်ခတ်ရပ်စဲရေးအခြေ အနေဟာ ခိုင်မာတဲ့ အဆင့် မရောက်သေးဘူး။ ဒါကို ခိုင်မာအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးမှဖွံ့ဖြိုးရေးကိစ္စ တွေ ဆက်လုပ်ဖို့ တင်ပြခဲ့ တယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးရရှိရန် KNU အနေဖြင့် မြန်မာအစိုးရနှင့် ရှေ့ဆက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါက အစိုးရ အဆင့်မြင့် စစ်တပ်ခေါင်းဆောင်များ ပါ၀င်ရန် လိုအပ် ကြောင်း ဒုသမ္မတအား တင်ပြခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် KNU ဥက္ကဌမှ အဓိက တင်ပြပြောဆိုကာ ဒုသမ္မတက တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိ သော်လည်း ဂရုတစိုက် သေသေချာချာ နားထောင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ဟော်တယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း အလွန်ကောင်းမွန်လျှက်ရှိကြောင်းပြောဆိုခဲ့သည်ဟု KNU က ဆိုသည်။
တွေ့ဆုံဆွေးနွေးတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော် အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် စောဂျွန်တို့ ပါ၀င်ပြီး အစိုးရဘက်မှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး ပါ၀င်ကြောင်း သိရသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)က မြဝတီဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောဖောဒို ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးအပါအဝင် ကရင်ပြည်နယ်ရှိ အမတ်လွှတ်တော် အချို့နှင့် ဖားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် မွန်းလွဲ ၂နာရီမှ ညနေ ရနာရီအထိ တွေ့ဆုံခဲ့သေးသည်။