ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်စပ်ရှိ ဒုံသမိချောင်းဂွင်တွင် နှမ်းစျေးကောင်း

ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်စပ်ရှိ ဒုံသမိချောင်းဂွင်တွင် နှမ်းစျေးကောင်း
by -
ကေအိုင်စီ

နှမ်းစိုက်များသည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ ဒုံသမိချောင်း၏ အရှေ့နှင့် အနောက်ဖက် ကမ်းနားတလျှောက်တွင် ယခု နှမ်းထွက် ရာသီအတွင်း နှမ်းစျေးအလွန်ကောင်းလျှက်ရှိရာ နှမ်း တစ်တင်းလျှင် ကျပ်ငွေ ၅ သောင်းအထိရှိသည်ဟု ၎င်းဒေသရှိ နှမ်းစိုက်တောင်သူ များက ပြောသည်။

P1000471

ဒုံသမိချောင်း အနောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် မြစ်ကျိုးကျေးရွာမှ နှမ်းစိုက်တောင်သူ စောကျော်ကျော်သန်းက “အရင် နှစ်နှမ်းထွက်ရာ သီဆိုရင် နှမ်းတစ်တင်းကို တစ်သောင်းကျော်လောက် ပဲရှိတယ်။ ဒီနှစ်ရာသီတော့ နှမ်းစျေး အရမ်းကောင်းတဲ့အတွက် နှမ်းခင်းအကျယ်ကြီး လုပ်တဲ့သူတွေတော့ တော်တော် အဆင်ပြေမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ပြီးခဲ့သည့် အပတ်က မွန်ပြည်နယ်၊ ကျိုက္ကော်မြို့မှ နှမ်းအဝယ်ဒိုင်များသည် လေးကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း စသည့် ကျေးရွာများသို့ ခြောက်ဘီးကားဖြင့် တက်လာကာ နှမ်းလာဝယ်ကြပြီး ကားအစီးလိုက် ပြန်သယ်သွားသည်ဟု စောကျော်ကျော်သန်းက ပြောဆိုသည်။

ဒုံသမိချောင်း အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ (ဖားအံ)မြို့နယ် မင်းဇောကျေးရွာမှ အမျိုးသားတစ်ဦးကလည်း “နှမ်းဝယ်ဒိုင်တွေက ကျနော်တို့ရွာအထိ တက်လာပြီး နှမ်းဝယ်ဖို့ လာမေးတယ်။ ဒါကြောင့် မြို့ထဲကို သွားရောင်း ဖို့ မလိုတော့ဘူးဆိုတော့ ပိုကောင်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဒုံသမိချောင်း၏ မြင်ကွင်းတစ်ခု

အဆိုပါဒေသရှိ ကျေးရွာများအနက် နှစ်စဉ် နှမ်းစိုက်ပျိုးသူ သုံးပုံတစ်ပုံရှိပြီး ထွက်ရှိသော နှမ်းစေ့များကို မိသားစု ၀င်ငွေအတွက် ရောင်းချသည့်အပြင် စားသုံးရန် နှမ်းဆီကြိတ်ယူပြီး နှမ်းဖတ်များကို နှမ်းငါးပိ ပြန်လုပ်ကာ သိုလှောင်စားသုံးကြသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဒုံသမိချောင်း၏ အရှေ့နှင့် အနောက် ဘက်ခြမ်းရှိ နှမ်းခင်းစိုက်ပျိုးသည့် ကျေးရွာများမှာ ကြသောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တဂေးလောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်းဇော၊ လေးကေနှင့် နေမင်းအောင်(ကျောက်ဖျာ) စသည့် ကျေးရွာများ ဖြစ်ကြပြီး အားလုံးမှာ ကရင်ရွာများဖြစ်ကြသည်။

ထိုဒေသတွင် တဧက ပျမ်းမျှနှမ်းထွက်နှုန်း (၁၀) တင်းခန့်ရှိပြီး နှစ်စဉ် အောက်တိုဘာလမှ စတင် စိုက်ပျိုးကြကာ အချိန်သုံး၊ လေးလ ကြာမှ ရိတ်သိမ်း ကြကြောင်း သိရသည်။

ထို့အပြင် ဒုံသမိချောင်း တလျှောက်တွင် နေထိုင်သည့် လူထုများသည် နှမ်းအပါအဝင် ကြံ၊ စပါး၊ ပဲအမျိုးမျိုးနှင့် သခွါး စသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျှက်ရှိသည်။