ဒေါက်တာစင်သီယာမောင်နှင့် NLD ပညာရေးကွန်ယက်အဖွဲ့ တွေ့ဆုံ

ဒေါက်တာစင်သီယာမောင်နှင့် NLD ပညာရေးကွန်ယက်အဖွဲ့ တွေ့ဆုံ
by -
ကေအိုင်စီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပညာရေးကွန်ယက်မှ ဦးဖြိုးဝင်းသိန်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၉ ဦးနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းရှိ ဒေါက်တာစင်သီယာမောင်တို့ ယနေ့ညနေ ၅ နာရီခန့်က တွေ့ဆုံခဲ့ကြသည်။

NLD ၏ ပညာရေးကွန်ယက်အဖွဲ့မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း ၈ ကျောင်းကို မြန်မာကျပ်ငွေ သိန်း ၁၂၀ လှူဒါန်းရန် လာရောက်ရင်း ထိုင်းဘက်ခြမ်းအခြေစိုက် မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင် သီယာမောင်ကို လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ငွေလာလှူရင်း ဒီ(ထိုင်း)ဘက်ကို လာတာက ဒီဘက်ကျောင်းတွေရဲ့ ရပ်တည်နေရတဲ့ အခြေအနေတွေ ဘယ်လိုအခက်အခဲ တွေ ရှိလဲဆိုတာ လာကြည့်ဖို့ ဆရာမ ဒေါက်တာစင်သီယာမောင်နဲ့ လာတွေ့တာပါ။ ဒီဘက်(ထိုင်း-မြန်မာနယ်စပ်)မှာရှိတဲ့ ကျောင်း ၈ ကျောင်းက ဆရာတွေကို မနက်ဖြန် မြဝတီမှာတွေ့ပြီး အလှူငွေပေးမယ်” ဟု NLD ပညာရေးကွန်ယက်မှ တာဝန်ခံ ဦးဖြိုးဝင်းသိန်းက ကေအိုင်စီသို့ ပြောသည်။

P1000737

ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံစဉ် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားရှိ ရွှေ့ပြောင်းမြန်မာများ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို နှစ်ဘက်စလုံးက ဆက်စပ် လုပ်ဆောင်နိုင်ရေးနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်သွား နိုင်မည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများ လက်တွေ့ကျရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်ဟု သူက ဆက်ပြောသည်။

ဒေါက်တာစင်သီယာမောင်က “သူတို့(NLD ပညာရေးကွန်ယက်)နဲ့ တွေ့ဆုံခဲ့ရာမှာ နယ်စပ်နေရာရဲ့ ကျန်းမာရေး၊ ပညာရေး အခြေအနေနဲ့ ပြည်တွင်းနဲ့ ဆက်စပ်ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကို လမ်းကြောင်းတစ်ကြောင်း ပွင့်လာအောင် ကျမတို့ ဆက်လုပ်သွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ယက်၏ ၂ နှစ်ပြည့် ပညာရေးရန်ပုံငွေ ပွဲတော်မှ ရရှိခဲ့သည့် အလှူငွေများအနက်မှ တချို့တဝက်ကို ယခုကဲ့သို့ လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့အဖွဲ့က ဆိုသည်။

ဦးဖြိုးဝင်းသိန်းက “မြန်မာပြည်တွင်းရဲ့ ပြောင်းလဲလာတဲ့ အခြေအနေမှာ အလှူရှင်တွေဟာ ပြည်တွင်းဘက်ကိုပဲ ကူညီကြတာ များတယ်။ ဒါကြောင့် ကျနော်တို့ ရန်ပုံငွေ ရှာလို့ရတဲ့ငွေတွေကို ကြည့်ပြီး စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါ အရင်က ခက်ခဲတဲ့ အခြေအနေထဲမှာရှိတဲ့ ဒီရွှေ့ပြောင်းမြန်မာတွေဟာ အကူအညီတွေ ရတယ်။ အခုနောက်ပိုင်း ကူညီမှုတွေ နည်းလာလို့ လာကူညီတာ” ဟု ဖြည့်စွက်ပြောဆိုသည်။

NLD ပညာရေးကွန်ယက်မှ အဖွဲ့ဝင်များသည် ယမန်နေ့ (ဇန်နဝါရီလ ၂၅ရက်နေ့)ညက ရန်ကုန်မြို့မှ စတင်ထွက်ခွါ၍ မြဝတီမြို့ သို့ရောက်ရှိပြီး ယနေ့ညနေတွင် ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းအဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက် (မနက်ဖြန်)တွင် မြဝတီမြို့ရှိ မြဝတီ ဟိုတယ်၌ ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများထံ အလှူငွေပေးအပ်ပွဲ ပြုလုပ်ရန် ရှိပြီး  ညနေပိုင်းတွင် မြဝတီမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။