KIA ၏ ဖွန်းပျဉ်ဘွမ် တပ်စခန်းအား သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်းနေ

KIA ၏ ဖွန်းပျဉ်ဘွမ် တပ်စခန်းအား သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်းနေ
by -
ကေအိုင်စီ

ကချင်လွတ်မြောက်ရေးအဖွဲ(KIO)ဌာနချုပ် လိုင်ဇာအနီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၂၄ စခန်းချသည့် ဖွန်းပျဉ်ဘွမ် တောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့မှ စတင်ပြီး ယင်းတောင်ကုန်းအား အစိုးရမှ မြေပြင်နှင့် လေကြောင်း နှစ်မျိုးစလုံးဖြင့် ထိုး စစ်ဆင်တိုက်ခိုက်လာခဲ့ရာ ယနေ့အထိ တိုက်ပွဲများ  အဆက်မပြတ် ဖြစ်ပွားလျှက်ရှိ နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)မြောက်ပိုင်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေးက ယခုလိုပြောသည်။

၎င်းက “မနေ့ကဆိုရင် ရဟတ်ယာဉ်က ၃ စီးနဲ့ ရ၇၁ တောင်ကုန်းမှာ သူတို့ဆင်းပြီး ပစ်ကြတယ်။ တိုက်လေယာဉ် ၂ စီးနဲ့ အပေါ်က နေ ပျံဝဲပြီး ပစ်တယ်။ ဒီနေ့ကတော့ မနက်ကတည်းကနေစပြီး တိုက်ပွဲ တွေဖြစ်နေတာ သူတို့က ကွင်းပြင်ပေါ်ကို တက်ထိုးတယ်။ တက်ထိုးလို့မရတော့ သူတို့ အခု ခဏရပ်နေကြတယ်” ဟုပြောသည်။

တချိန်တည်းတွင် စစ်အစိုးရဘက်မှ မြေပြင်တိုက်ပွဲများအပြင် လေကြောင်းမှ စစ်ရဟတ်ယာဉ်များဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သလို လိုင်ဇာအနီး ဘွမ်ရယ်တောင်ကုန်း (ပွိုင့် ရ၇၁)မှ နေ၍ ဖွန်းပျဉ်တောင်သို့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဗိုလ်မှူးမင်းဌေးက ဆက်ပြောသည်။

ပွိုင့် (၇၇၁) ခေါ် ဘွန်ရယ်တောင်ကုန်းသည် ယခင်က KIA တပ်ရင်း ၂၃ စခန်းချထားသည့် နေရာဖြစ်ပြီး ယခန်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အစိုးရတပ်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကချင်ပြည်နယ် KIO/KIA လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ ခြံုခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူ အသုံးမပြုနိုင်အောင် ပိတ်ဆို့ခြိမ်းခြောက် မှုများ ပြုလုပ်လျက်ရှိသည့် ပွိုင့် ရ၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ဒေသကို မြန်မာ့တပ်မတော်မှ ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် KIO/KIA တပ်ဖွဲ့အား တပ်မတော်မှ ထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း ၎င်းတို့ဘက်မှ ရထားလမ်း၊ ကားလမ်း၊ တံတားများအား အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းများအား ဟန့်တားနှောက်ယှက် ခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးလိုင်းများအား ဖောက်ခွဲဖျက် ဆီးခြင်းတို့ကြောင့် တပ်မတော်တပ်ဖွဲ့များက ထိန်းသိမ်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြသည်။

ယင်းထုတ်ပြန်ချက်များအပေါ် ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေးက “KIO/KIA ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နယ် မြေထဲ ၀င်လာပြီး ကျူးကျော်လာရင်တော့ သူတို့နယ်မြေကို ကာကွယ်တဲ့အနေနဲ့ အသက်စွန့်ပြီး ကြိုးပမ်းသွားကြမှာပဲ။ ဒါကြောင့် လည်း ကျနော်တို့ မြောက်ပိုင်းအဖွဲ့တွေကပါ ၀ိုင်းဝန်း တိုက်ပွဲဝင်နေကြတာပါ” ဟု ပြောဆိုသည်။

လက်ရှိအခြေအနေတွင် ဖွန်းပျဉ်ဘွမ်တောင်ကုန်းကို အစိုးရစစ်တပ်မှ အင်အား ၁၀၀၀ ခန့်နှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အစိုးရဘက်မှ ကျဆုံးမှုကို မသိရသော်လည်း KIA တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။