ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်ဆွေးနွေး ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ကျင်းပရာ မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာ စင်သီယာမောင်မှ တက်ရောက် အားပေးခဲ့သည်။
“ဆရာမက အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ ရောဂါကာကွယ်ရေး စတာတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ နောက် ပြီး KNU ရဲ့လက်ရှိအရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေ ပတ်သက်ပြီးတော့ အမြင်ဘယ်လိုရှိလဲပေါ့နော်။ အဲဒါတွေကို အပြန်အလှန် အမြင်ဖလှယ်ခဲ့ကြပါတယ်” ဟု KSNG ဥက္ကဌ စောမော့က ပြောသည်။
ထိုသို့ဆွေးနွေးရာတွင် ဒေါက်တာစင်သီယာမောင်မှ ၎င်းတို့လုပ်ဆောင်လျှက်ရှိသော ကျန်းမာရေးလုပ်ငန်းများ ကို ပညာပေးရှင်း လင်းခြင်း၊ ကျောင်းသားလူငယ်အဖွဲ့ဝင်များအား အားပေးစကား ပြောကြားခဲ့ခြင်းများကို ပြုလုပ်ခဲ့ပြီး လူငယ်များမှလည်း ၎င်းတို့ သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဒေါက်တာစင်သီယာမောင်က “အခုလို လူငယ်တွေအချင်းချင်း တွေ့ဆုံတဲ့အခါကျတော့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် ဒေသကိုယ့်ရပ် ရွာ ကိုယ့်ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့လုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦး အတွေးအမြင်တွေ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ကြပါ” ဟု ပြောကြားခဲ့သည်။
ဒေါက်တာစင်သီယာမောင် ကိုယ်တိုင်တက်ရောက်ပြီး ဆွေးနွေး ဖလှယ်ဖြစ်ပုံနှင့် ပတ်သက်ပြီး KSNG ဥက္ကဌ စောမော့က “ဆရာမ ကြီးအနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ အများကြီးလုပ်ခဲ့တယ်။ ပေးဆပ်ခဲ့တယ်။ နောက် ပြီးတော့ အတွေ့ အကြံုတွေလည်း အများ ကြီးဆိုတော့ သူရဲ့အတွေ့အကြံုတွေကို အခုလိုမျှဝေပေးတာ ကျနော်တို့အတွက် အတွေးအမြင်သစ်တွေ အများကြီး ရစေပါ တယ်” ဟု ဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည့် ၎င်းအစည်းအဝေးကို KSNG အဖွဲ့ဝင် ၁၀ ဖွဲ့ အပါအဝင် ကရင်လူထု အခြေပြုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် အချို့တို့ ပါ၀င်ပြီး စုစုပေါင်း လူ ၆၀ ကျော် တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို အစီရင်ခံတင်ပြခြင်း၊ အဆိုတင်သွင်းခြင်း၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိ တွေ့ကြံုနေရသော အခြေအနေများကို ကဏ္ဍအလိုက် ဆွေးနွေးသွားမည်ဖြစ်သည်။
KSNG ကို ၁၉၉၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ကရင်ကျောင်းသားကွန်ယက်များဖြစ်သည့် ၀မ်းခါကျောင်း သားများ ကွန်ယက်၊ ထီးဆဲ့မဲ့ယွားနှင့် ချင်းမိုင်ရှိကျောင်းသားလှုပ်ရှားမှုအဖွဲ့များဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး တနှစ်တစ်ကြိမ် ပုံမှန် အစည်း အဝေး ကျင်းပ လာခဲ့သော်လည်း ယခုနှစ်ပတ်လည် အစည်းအဝေးတွင် ဒေါက်တာ စင်သီယာမောင်အနေဖြင့် ပထမဆုံးအကြိမ် ပါ၀င်တက် ရောက်ခဲ့ခြင်းဖြစ်သည်။