ပြင်တွင်းလေ့လာရေးခရီး စဉ်အတွင်း ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို ထိုင်းနယ်စပ်ဒေသ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ တာဝန်ရှိသူများက ယနေ ့ သတင်းထုတ်ပြန် လိုက်သည်။
“ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ အစိုးရတရပ်အနေနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးအဖွွဲ့ အစည်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တရားမျှတမှုကို အာမခံတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ အင်အားတွေပါ၀င်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်သွားနိုင်ဘို့အတွက် ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အထူးအလေးထား တောင်းဆိုပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ပထမခြေလှမ်းအဆင့် အခြေအနေမှာသာ ရှိနေသေးပြီး၊ ယနေ့ချိန်ထိ အချို ့သော တိုင်းရင်းသားနယ်မြေများတွင် စစ်ပွဲများကြောင့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများ ဆက်လက် ဖြစ်ပွားနေသေးကြောင်းနှင့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ပြည်သူများအပေါ် ထိခိုက်နစ်နာမှုများ ရှိနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
ထိုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးမှတဆင့် စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်းရေးအတွက် အဟန့်အတားဖြစ်နေဦးမည်ကို မိမိတို့နှင့် ထပ်တူ အားလုံးမှ စိုးရိမ်ပူပန်မှုများရှိနေသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြည်တွင်းလေ့လာရေးခရီးစဉ်တွင် လိုက်ပါခဲ့သူ မမေထက်အောင်က “ကျမတို့ လက်ရှိမြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေးကာလမှာ ဘယ်အဆင့်ထိ ရှိနေပြီလဲဆိုတာ လေ့လာရေးအနေနဲ့ ပြည်တွင်းထဲကအဖွဲ့အစည်း အသီးသီးနဲ့ သွားတွေ့တယ်။ နောက်ပြီး ပြည်တွင်းထဲမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေထဲမှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေ များကို ယုံကြည်မှုမရှိသေးသည့်အပြင် အစိုးရကိုလည်း မယုံကြည်ကြသေးသည့် အနေအထားတွင်ရှိနေသေး သည်ဟု မမေထက်အောင်က ထောက်ပြပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့သော ခရီးစဉ်၌ WLB အထွေထွေ အတွင်းရေးမှူး ဦးဆောင်ကာ ကိုယ်စားလှယ် ၆ ဦး ပါ၀င်ပြီး ခရီးစဉ်အတွင်း မြန်မာငြိမ်းချမ်းရေးစင်တာ သို ့ သွားရောက် လေ့လာခဲ့သလို ရခိုင်တိုင်းရင်းသား ဝန်ကြီးများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်း များ၊ အမျိုးသမီးလွတ်တော်အမတ်များ၊ အမျိုးသမီး ခေါင်းဆောင်များနှင့် အခြားသော အမျိုးသမီး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အမျိုးသမီးအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) သည် ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် နေထိုင်သော မြန််မာနိုင်ငံမှ အမျိုးသမီးအဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ သည်။ ၂၀၁၁ ခုနှစ်တွင် ကယန်းအမျိုးသမီးများ အစည်းအရုံးက အမျိုးသမီးများအဖွဲ ့ချုပ် – မြန်မာနိုင်ငံ ၏ အဖွဲ ့ဝင်ဖြစ်လာခဲ့သည်။