လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျရောက်သော လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်သော ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ဂုဏ်ပြုပွဲ တရပ်ကို ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ကျင်းပခဲ့သည်။
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့(နိုဝင်ဘာ ၂၅)၊ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့(ဒီဇင်ဘာ ၁ရက်)၊ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ သော အင်ဂျင်နီယာကျောင်းသူ ၁၄ ဦး ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသည့် မွန်ထရီရယ်မြို့ လူသတ်ပွဲနေ့(ဒီဇင်ဘာ ၆ရက်)နှင့် လူ့အခွင့်အရေးနေ့(ဒီဇင်ဘာ ၁၀ရက်)စသည့် နေ့တို့ကို ရည်ညွှန်း၍ ၁၆ ရက်တာ လှုပ်ရှားမှုဟု ခေါ်ဆိုခြင်း ဖြစ်သည်။
သတ်မှတ်ရက် မရောက်မီ ကြိုတင်လုပ်ဆောင်ခဲ့သလို အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ KWO ၏ အထွေထွေ အတွင်းရေးမှူးချုပ် နန်းဒါအဲ့ကလယ်က “၁၆ ရက်တာ လှုပ်ရှားမှုဆိုတာ ကျမတို့ ကမ္ဘာ့ပေါ်မှာရှိတဲ့ အမျိုးသမီးတွေအတွက် အရေးကြီးတယ်။ ကျမတို့ သတ်မှတ်ထားတဲ့နေ့မှာ မလုပ်နိုင်ပေမယ့် အခုလို ကြိုလုပ်လိုက်နိုင်တာ ဂုဏ်ယူတယ်။ နောက် ဒါကို လုပ်ဖို့ ကျမတို့ KWO ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် အားလုံးရဲ့ သဘောနဲ့ လုပ်တာဖြစ်တယ်” ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ ဆက်လက်ဖြစ်ပေါ် နေသော အမျိုးသမီးများအပေါ် ညှင်းပမ်း နှိပ်စက် ခွဲခြားဆက်ဆံမှုများကို တဖြည်းဖြည်းပပျောက်သွားအောင် အမျိုးသားများအနေဖြင့် အမျိုးသမီး ထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းလိုကြောင်း နန်းဒါးအဲ့ကလယ် က ဆက်ပြော သည်။
ယနေ့ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး-KNU မှ ပညာရေးမှူး ပဒိုစောလားစေး၊ KWO တာဝန်ရှိ ခေါင်းဆောင်အချို့နှင့် အဖွဲ့ဝင်များအပါ အဝင် ဧည့်သည်ပရိဿတ် စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့သည်။
ထို့အပြင် အခမ်းအနားတွင် KWO က အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုအပေါ် သိကောင်းစရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်း၊ တက်ရောက် လာသူပရိဿတ်များအား နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့နှင့် ပတ်သက်သည့် ပဟေဠိ ဉာဏ်စမ်းမေးခွန်းမေး၍ ဖြေကြားစေပြီး လက်ဖက်ရည် ကြွေ ခွက်၊ ကော်ဇလုံ၊ မာမားခေါက်ဆွဲထုတ်၊ ဆပ်ပြာနှင့် ခေါင်းလျှော်ရည် စသည့် လက်ဆောင်ပစ္စည်းများ ပေးဝေခြင်းတို့ ပြုလုပ်ခဲ့သည်။
လူ့အခွင့်အရေးနေ့ အပါအဝင် နို၀င်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ၁၆ ရက်တာလှုပ်ရှားမှုကို အမျိုးသမီးများ အခွင့်အရေး အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ၁၉၉၁ ခုနှစ်မှ စတင်၍ ပြုလုပ်လာခဲ့ကြသည်။