လေယာဉ် အသုံးပြု လေ့ကျင့် နေသည့်အပေါ် ဒေသခံများ စိုးရိမ်

လေယာဉ် အသုံးပြု လေ့ကျင့် နေသည့်အပေါ် ဒေသခံများ စိုးရိမ်
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယခုရက်ပိုင်း အတွင်း မြန်မာအစိုးရတပ်မှ လေယာဉ် အသုံးပြုပြီး စစ်ရေးလေ့ကျင့်နေသဖြင့်  ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြောင်း သိရသည်။

နိုဝင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ တစ်ကြိမ်၊ ၁၅ ရက်နေ့က တစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်များ ပစ်ခတ်၍ လေ့ကျင့်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ အခုလို ပြောသည်။

“ကျနော်တို့ လုပ်ကိုင်စားသောက်နေရတဲ့ စပါး၊ ပဲ စတဲ့ သီးနှံရိတ်သိမ်းလို့ မပြီးသေးတဲ့ အချိန်မှာ ဒီလို လေယာဉ်နဲ့ စစ်လေ့ကျင့်တာတွေလုပ်တော့ ကြောက်ရတယ်။ အလုပ်မဆင်းရဲတဲ့အတွက် အလုပ်အကိုင်ပျက်၊ ၀င်ငွေလည်း ထိခိုက်တယ်။ နောက် ဗုံးသံ၊ သေနတ်သံတွေကြောင့် ကြောက်လန့်နေရတယ်”ဟု ပြောဆိုသည်။

ထန်းတပင်မြို့နယ် အရှေ့ဘက် ၄ မိုင်ခန့် အကွာတွင် လေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သည့် ကျွန်းကုန်း၊ ရွှေစျေး၊ ပဲပုတ်၊ ချောင်းဝ၊ ကရင်နီကုန်းစသည့် ကျေးရွာများမှ ဒေသခံရွာသူ ရွာသားများ ရာသီပေါ် သီးနှံ စိုက်ပျိုးသည့် နေရာဝန်းကျင်တွင် လေ့ကျင့်နေခြင်း ဖြစ်သည်။

တောင်ငူခရိုင်ရှိ နယ်မြေခံ KNU တာဝန်ရှိသူတစ်ဦးက ထန်းတပင်မြို့နယ်တွင် လေကြောင်းတပ်မရှိကြောင်း၊ ယခု စစ်ရေးလေ့ကျင့်မှုသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ် သဖြင့် တောင်ငူ အခြေစိုက် လေတပ်စခန်း ဌာနချုပ်မှ ဖြစ်နိုင်ကြောင်း အခုလို သုံးသပ်ပြောဆိုသည်။

“စစ်ရေးလေ့ကျင့်မှုဟာ တောင်ငူလေတပ်က ဖြစ်နိုင်တယ်။ အနီးအနားဆိုရင် အဲဒါပဲ ရှိတာကိုး။ အခုလို လေ့ ကျင့်မှုလာလုပ်တာ ဒေသခံလူထုတွေကို တိုက်ရိုက် လူ့အခွင့် အရေးချိုးဖောက်နေရတာတွေ၊ နောက် လူနဲ့ ကျွဲ၊ နွား တိရစ္ဆာန်တို့ ထိခိုက်တာတော့ မရှိပါဘူး။ ဒါပေမယ့် အလုပ်အကိုင် ကောင်းကောင်း မလုပ်ရတော့ သွယ်ဝိုက်တဲ့နည်းနဲ့ ချိုးဖောက်ခံရတာပဲပေါ့” ဟု ပြောသည်။

ထို့အပြင် KNU နှင့် အစိုးရတပ်တို့ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း လေယာဉ်ဖြင့် စစ်ရေးလေ့ကျင့် နေသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒေသခံများက KNU အပေါ် မေးခွန်းထုတ်နေကြောင်း ဆက်လက် ပြောဆိုသည်။

ယခု စစ်ရေး လေ့ကျင့်သည့် ဒေသအတွင်း တောင်ငူမြို့ အရှေ့ဘက် ၄ မိုင်အကွာတွင် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၃၉) နှင့် မြို့တောင်ဘက်ခြမ်း ၁၀ မိုင် အကွာရှိ ဇရပ်ကြီး အခြေစိုက် ခလရ (၇၃)တပ်ရင်း တို့ရှိကြောင်း သိရသည်။

KNU တောင်ငူခရိုင်အတွင်းရှိ မြန်မာအစိုးရတပ်များသည် ယခင်နှစ်များက စစ်လေ့ကျင့်ရေး ပြုလုပ်ခဲ့ သော်လည်း ဝေဟင်မှ လေယာဉ်ဖြင့် စစ်ရေးလေ့ကျင့်ခြင်း ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း KNU အဖွဲ့ တောင်ငူခရိုင် တာဝန်ရှိသူများက ဆိုသည်။