သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ရှေ့နေ စောကျော်ကျော်မင်း ပါ၀င်

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ရှေ့နေ စောကျော်ကျော်မင်း ပါ၀င်
by -
ကေအိုင်စီ

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင် တရားရုံးတော်တွင် မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ရှေ့နေစောကျော်ကျော်မင်း ယနေ့နံနက် ရ နာရီက လွတ်မြောက်လာပြီဖြစ်သည်။

အကျဉ်းသား ၆၀ ကျော် လွတ်မြာက်လာသည့် အနက် မိမိပါ၀င်ကြောင်း မိတ်ဆွေဖြစ်သူ ဦးအောင်သူရိန်ထွန်းထံ ဆက်သွယ်ခဲ့သည်ဟု “သူကျနော့်ကို ဒီနေ့မနက်ပဲ ဖုန်းဆက်လာပါ တယ်။ သူလွတ်လာပြီဆိုတဲ့အကြောင်းပါ။ ဒါကြောင့် သူနဲ့ကျနော်တို့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

ရှေ့နေစောကျော်ကျော်မင်းသည် မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေးအတွင်းက နိုင်ငံရေးလှုပ်ရှားသူများ အတွက် အမှုလိုက်ပေးရင်း တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈ နှင့် ထောင်ဒဏ် ၆ လဖြင့် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံနေရသဖြင့် အယူခံဝင်ရန် စောင့်ဆိုင်းနေဆဲဖြစ်၍ ထောင်ဝင်အမှတ် အစ/၁၂/၀၉၆၅၁/က စောကျော်ကျော်မင်း (ဘ) ဦးမြင့်ကြွယ် အမည်ဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က စောကျော်ကျော်မင်းအတွက် အယူခံဝင်ရန် တရားလွှတ်တော်ရှေ့ နေ ဦးသန်းထွန်းအောင်(မြို့မ)က ရန်ကုန်တိုင်းဒေသကြီး တရားရုံးသို့ စာတင်ခဲ့ပြီး ယခုလ နိုဝင်ဘာလ ၆ ရက် နေ့တွင် အယူခံဝင် ပြီးဆုံးခဲ့သည်။

ဦးသန်းထွန်းအောင်(မြို့မ)က “အယူခံတော့ ၀င်ပြီးသွားပါပြီ။ ဒါပေမယ့် တရားရုံးက အမိန့်တော့ မချရသေးပါ ဘူး။ အခုလိုမျိုး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်ဆိုတော့ ဘာပဲပြောပြော ကျနော်တို့အနေနဲ့ ၀မ်းသာပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တဆက်တည်းမှာပင် ယနေ့လွတ်လာသည့် အကျဉ်းသား ၆၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ထောင်ဒဏ်တသက် အကျခံရသော လူ့အခွင့်အရေးခေါင်းဆောင် ဦးအေးမြင့်၊ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ဆက်သွယ် မှုဖြင့် ထောင်ကျခံရ သည့် စောဖိုးချို၊ စောတင်ဦး(၁)၊ စောတင်ဦး(၂)၊ စောဖားခူ၊ စောကြည် အေးတို့ ပါ၀င်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)-AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ထို့အပြင် ဒီကေဘီအေ အဖွဲ့ဝင် တစ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး- ABSDF မှ အဖွဲ့ဝင် ၁၀ ဦးနှင့် သျှမ်းပြည်တပ်မတော်-SSA မှ ၁၀ ဦးပါ၀င်သည်ဟု ကိုတိတ်နိုင်က ပြောသည်။

“၆၆ ယောက်လွတ်လာတယ်ဆိုပေမယ့် ၁ ဦးကတော့ နောက်ထပ်အမှုထပ်ရှိနေသေးတဲ့အတွက် မလွတ်လာ သေးဘူး။ ဒါကြောင့် ကျနော်တို့ သိရသလောက် အခုလွတ်လာတာ ၆၅ ဦးဖြစ်ပါတယ်”ဟု ကိုတိတ်နိုင်က ဖြည့်စွက်ပြောသည်။

မြန်မာအစိုးရ၏ အခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းသား ၄၅၂ ဦး လွှတ်ပေးလိုက်ကြောင်း အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပြီး ယခုဆက်လက် လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုင်ငံရေးအကျဉ်းသားများပါ၀င်သည့် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် အမေရိကန်ပြည် ထောင်စု သမ္မတ ဘရက် အိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိသည့်နေ့လည်း ဖြစ်သည်။

စောကျော်ကျော်မင်းသည် ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်း ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့က အမိန့်ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ် လ ၂၉ ရက်နေ့တွင် တရားရုံးမှ အရေးယူထောင်ချလိုက်ခြင်းဖြစ်သည်ဟု AAPP ၏ မှတ်တမ်းအရ သိရသည်။

Most read this week