မြန်မာပြည်တွင် ပြုလုပ်မည့် KBC အစည်းအဝေးသို့ KNU အား ဖိတ်ကြား

မြန်မာပြည်တွင် ပြုလုပ်မည့် KBC အစည်းအဝေးသို့ KNU အား ဖိတ်ကြား
by -
ကေအိုင်စီ

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးနိုင်ရန် လာမည့် နို၀င်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် ကရင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ အစည်းအဝေးသို့ KNU အဖွဲ့အား ဖိတ်ခေါ်လိုက်သည်။

၂ ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ကေအဲန်ယူနှင့် မြန်မာအစိုးရ တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မည်သည့်အဆင့်၌ ရှိနေကြောင်း၊ ရှေ့ဆက် မည်သို့လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အခြေအနေပေါ် မူတည်၍ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးသွားမည်ဟု KBC အမှုဆောင် အရာရှိဖြစ်သူ ဒေါက်တာဂါဘရီလ်(Dr. Gabriel)က ပြောသည်။

“ပြည်တွင်းမှာရှိတဲ့ ကရင်တွေဟာ အပစ်ခတ်ရပ်စဲရေးဖြစ်စေ၊ စည်းလုံးညီညွှတ်ရေးဖြစ်စေ ကျနော်တို့ ဘယ်လိုပူးပေါင်းပါ၀င်ဆောင်ရွက်မလဲဆိုတာ အားနည်းနေသေးတယ်။ ဒါကို ဒီထက် နားလည်အောင် အခုလုပ်မယ့် အစည်းအ ဝေးမှာ ပြောဆိုဆွေးနွေးကြဖို့ ကေအဲန်ယူကိုလည်း ဖိတ်တာဖြစ်တယ်” ဟု ဒေါက်တာဂါဘရီလ်က ကေအိုင်စီသို့ ပြောသည်။

အစည်းအဝေးသို့ ကေအဲန်ယူ ကိုယ်စားလှယ် ၃ ဦး အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များ ကော်မတီ-KRC ဥက္ကဌလည်းဖြစ်သူ နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော်စောရောဘတ်ထွေး ဦးဆောင်သည့်အဖွဲ့ ၈ ဦးနှင့် KBC အား ကူညီပံ့ပိုးပေး သူများ၊ ပြည်တွင်းရှိ ခရစ်ယာန်အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ စသည်တို့ စုစုပေါင်း လူ ၄၀ ကျော် တက်ရောက်မည်ဟု သိရသည်။

သို့သော် ယင်းအစည်းအဝေးသို့ ကေအဲန်ယူ ကိုယ်စားလှယ် အဖြစ် တက်ရောက်မည့်သူအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ KBC သည် ဘာသာရေး အဖွဲ့ဖြစ်သည့်အတွက် ယင်းအစည်းအဝေးသို့ တက်ရောက်ရန် သေခြာ စဉ်းစားသင့်ကြောင်း သြစတြေးလျား၊ ဂျပန်၊ အင်္ဂလန်၊ နော်ဝေနှင့် ဒိန်းမတ် စသည့် နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းများက သုံးသပ်ပြောဆိုကြသည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စ၍ လာမည့် ၂၀၂၀ ခုနှစ်အထိ တနှစ်လျှင် ၂ ကြိမ် စီမံကိန်းဖြင့် အစည်းအဝေး လုပ်ဆောင်သွားရန် KBC က စီစဉ်ထားပြီး ကေအဲန်ယူအား ယခု ပထမဆုံး ဖိတ်ကြားခြင်း ဖြစ်သည်။

Most read this week