၁၄ကြိမ်မြောက် KSC ကရင်ကျောင်းသားဟောင်းများ ပြန်လည် တွေ့ဆုံနှုတ်ဆက်

၁၄ကြိမ်မြောက် KSC ကရင်ကျောင်းသားဟောင်းများ ပြန်လည် တွေ့ဆုံနှုတ်ဆက်
by -
ကေအိုင်စီ

ယနေ့ကျရောက်သော ၁၄ ကြိမ်မြောက် ကရင်ကျောင်းသူ၊ ကျောင်းသားဟောင်းများ ပြန်လည် တွေ့ဆုံနှုတ်ဆက်ပွဲနှင့် ထူးချွန် ကျောင်းသားများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့မနက် ၈ နာရီခွဲမှ ၁၀ နာရီအထိ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်-၄ရပ်ကွက်ရှိ ကရင်ကျောင်းသူကျောင်းသားများရိပ်သာ(KSC)တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသော ကရင်ကျောင်းသားဟောင်းများက ပြန်လည်ဆုံ စည်းကြသဖြင့် တစ်ဦး နှင့်တစ်ဦး အမြင်ချင်းဖလှယ်နိုင်သည့် အပြင် အမျိုးသားရေးစိတ်ဓာတ် များကို ပြန်လည်နှိုးဆော်ပေးသည့်အနေဖြင့် အခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “နေရာဒေသ အသီးသီးကို ရောက်ရှိနေကြတဲ့ ကျောင်းသားဟောင်းတွေ ဒီလိုအခမ်းအနားမျိုးမှာ ပြန်တွေ့ရတဲ့အခါကျ တော့ ကိုယ့်ရပ်ရွာရဲ့အခြေအနေကို တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်း ဖလှယ်လို့ရတယ်။ နောက်ပြီး ကိုယ့်ကရင်သူငယ် ချင်း အချင်းချင်းပြန်တွေ့ရတော့ ၀မ်းသာတာပေါ့”ဟု ပြောဆိုသည်။

ထို့အပြင် KSC တွင် နေထိုင်၍  ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူ ကျောင်းသူကျောင်းသား ၄၇ ဦးကို ထိုရိပ်သာမှ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့သည့်အပြင် ယင်းတို့အနက် (၁)ဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သူ ဆယ်ဦးအား ကျပ်ငွေနှစ်သောင်းနှင့် ရိုးရိုးအောင်မြင်သူများအား ကျပ်ငွေတစ်သောင်းစီ ချီးမြှင့်ခဲ့သည်။

ကရင်ကျောင်းသားများရိပ်သာ ပညာရေးတာဝန်ခံ ဆရာထွန်းအေးက “အခုလိုဆုချီးမြှင့်လိုက်တဲ့အတွက် ကျောင်းသူကျောင်း သားလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရာရောက်သလို နောက်ကျောင်း သားလေးတွေအတွက်လည်း အားကျ အတုယူစရာ ဖြစ် စေပါတယ်”ဟု ပြောသည်။

တစ်ဆက်တည်းမှာပင် ကရင်ပြည်နယ်၏ အထင်ကရ ပုဂ္ဂိုလ် တောင်ကလေး ဆရာတော် ဦးပညာသာ မိကလည်း ၎င်းအခမ်းအနားသို့  သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်ပြည်နယ် ၀န်ကြီးများဖြစ်ကြသည့် ၀န်ကြီးချုပ် ဦးဇော်မင်း၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး စောခင်မောင်မြင့်၊ လျှပ်စစ်ဝန်ကြီး စောကြည်လင်း တို့အပါအဝင် ကရင်အမျိုးသမီးဖွ့ံဖြိုးရေးအဖွဲ့များ၊ ကရင်ပြည်နယ်ရှိ ကရင်လူမှုအခြေပြုအဖွဲ့အစည်း(CBO)များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း-INGO များ၊ ကျောင်းသူကျောင်းသား များနှင့် လူထုပရိဿတ်စုစုပေါင်း ၃၅၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ပညာသင်ကြားရန် အခက်အခဲရှိသူများအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ ကရင်ရှေးဟောင်းစာပေများ ပြန်လည်ဖော်ထုတ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်အချို့က ကရင်ကျောင်းသူ ကျောင်းသားများရိပ်သာ(KSC) ကို ဖားအံမြို့တွင် ၁၉၇၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် လက်ရှိ လေးထပ်ကျောင်းဆောင်ကို နေရာပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့သ လို ယခုပညာသင်နှစ်တွင် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားကျောင်း သူဦးရေ ၂၇၀ ဦး ခိုလှုံကာ ပညာသင်ကြားလျှက်ရှိသည်။ ၁၉၉၉ ခုနှစ်မှစတင်ကာ ကရင်ကျောင်းသူကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံနှုတ်ဆက်ပွဲနှင့် ထူးချွန်ကျောင်းသားများ ဆုချီးမြှင့်ပွဲကို နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

Most read this week