ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်၍ ၄ ဦးသေ၊ ၁၂ ဦး ဒဏ်ရာ၊ အများအပြား ပျောက်ဆုံး

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်၍ ၄ ဦးသေ၊ ၁၂ ဦး ဒဏ်ရာ၊ အများအပြား ပျောက်ဆုံး
by -
ကေအိုင်စီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်တွင် သွားလာနေသော စက်လှေ တစ်စီးအား စစ်တပ်မှ အဆက်မပြတ် ပစ်ခတ်မူကြောင့် လူငယ် ၄ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာ ရရှိကာ အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများမှာ ယခုအချိန်တွင် ကျောက်တော် ဆေးရုံသို့ ရောက်ရှိနေပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလယ်ကျွန်းကျေးရွာမှ လူငယ် အလောင်း တစ်လောင်း ရောက်ရှိလာသည်ဟု ဒေသခံ လူကြီးတစ်ဦးက ဆေးရုံမှ နေပြီး နိရဥ္စရာသို့ ပြောကြားသည်။

“ အခုဘဲ အလောင်းရောက်လာပါတယ်။ မောင်ဝင်းလိူင်လို့ခေါ်တယ်။ အလယ်ကျွန်းကျေးရွာကတဲ့။ အခုဘဲ ဆေးရုံကို ယူလာပါတယ်” ဟု ဆိုသည်။

ယနေ့နံနက်ကလည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုထွန်းအေးသာ အလောင်းကိုလည်း ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သဖြင့် ယနေ့ ရောက်လာသော အလောင််းမှာ (၂) လောင်း ဖြစ်ပြီး စုစုပေါင်း အလောင်း ၄ လောင်းဖြစ်သည်ဟု သူက ပြောသည်။

“ အခု စစ်တပ်က တောင်ဘွေ ကျေးရွာ အနီးမှာ ပစ်ခတ်တဲ့ အတွက် သေဆုံးသူ ၄ ဦး ရှိသွားပါပြီ၊ ဒဏ်ရာ ရသူ ၁၂ ဦး၊ ပျောက်ဆုံးနေသူ အများအပြား ရှိနေပါတယ်” ဟု ပြောသည်။

သေဆုံးသူများမှာ ကိုဦးထွီးလှစိန် (၂၈) နှစ်၊ ဦးကျော်လှ (၂၃ နှစ်)၊ ကိုထွန်းအေးသာနှင့် မောင်ဝင်းလိူင် တို့ ဖြစ်ကြပြီး သူတို့မှာ တင်းမကျေးရွာ၊ လက်ဖြူကျေးရွာ၊ သာစည်ကျေးရွာနှင့် အလယ်ကျွန်း ကျေးရွာတို့က ဖြစ်သည်။

အဆိုပါ စက်လှေသည် အောက်တိုဘာလ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့ အထက်ပိုင်း ကုလားတန်မြစ် အတွင်း သွားနေစဉ် စစ်တပ်မှ  တောင်ဘွေ ကျေးရွာအနီး ကမ်းပေါ်မှ နေပြီး တရစပ် အချက်ပေါင်း မြောက်မြားစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ စစ်တပ်က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မပြောနိုင်ဘူး။ သူတို့က မွတ်ဆလင်ရွာကို တိုက်ခိုက်ဖို့ လာတယ်ထင်ပြီး ပစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရေထဲမှာ သွားနေတဲ့ စက်လှေကို ကုန်းပေါ်ကနေ အနီးကပ် ပစ်တာဖြစ်တဲ့ အတွက် လူတွေ အထိအခိုက် အကျအဆုံးများသွားတာ ဖြစ်ပါတယ်။ စက််လှေပေါ်မှာ လူပေါင်း ၃၀ ကျော်လောက် ပါလာတယ်။ အခုအချိန်ထိ အကုန်လုံးလိုလို ပျောက်နေပါတယ်” ဟု ပြောသည်။

ဒဏ်ရာ ရသူ ၁၂ ဦးထဲမှ ၄ ဦးအား စစ်တွေဆေးရုံကြီးသို့ ယမန်နေ့က ယူဆောင်သွားပြီး ယနေ့တွင် ဒဏ်ရာ ပြင်းထန်သဖြင့် နောက်ထပ် ၆ ဦးကို စစ်တွေသို့ ယူဆောင် သွားသည်ဟု သိရသည်။ လူနာ ၁၀ ဦးထဲမှ ကိုသန်းရွှေ ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့တွင် ရန်ကုန် ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ယူဆောင် သွားကြောင်း သတင်း ရရှိသည်။

လက်ရှိ အချိန်ထိ မြန်မာတပ်မတော်မှ ပစ်ခတ်သတ်ဖြတ်မူကြောင့်  သေဆုံးသွားသူများမှာ ရသေ့တောင်တွင် (၂) ဦး၊ မင်းပြား ပန်းမြောင်းတွင် (၂) ဦး၊ မြောက်ဦး ပရိန်နှင့် ယဉ်သေတွင် ၄ ဦး၊ ကျောက်တော်တွင် (၈) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ တစ်ခြားနေရာများတွင်လည်း ရှိနိုင်သေးကြောင်း သတင်းများက ဆိုသည်။

စစ်တပ် ပစ်ခတ်မူကြောင့် ဒဏ်ရာ ရသူများမှာ ရသေ့တောင်မြို့နယ်တွင် ၁၂ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၅ ဦးခန့်နှင့် တခြားမြို့နယ်များတွင် လူပေါင်း ၃၀  အထက်ရှိနိုင်ကြောင်း သိရသည်။

Most read this week