ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ

ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ
by -
ကေအိုင်စီ

မြန်မာနိုင်ငံ၏ ရွှေဝါရောင်တော်လှန်ရေးအတွင်းက နိုင်ငံရေးလှုပ်ရှားသူများအတွက် အမှုလိုက်ပေးရင်း တရားရုံးတော်ကို မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ နှင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခံခဲ့ရပြီး အင်းစိန်အကျဉ်း ထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်နိုင်ရန် စောင့်ဆိုင်းလျှက်ရှိ သည်။

စောကျော်ကျော်မင်း
၎င်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ပြစ်မှုအယူခံ အမှတ် ၂၄၉/၁၂ ဖြင့်  ရန်ကုန် တိုင်းဒေသကြီး တရားရုံးတွင် စာတင်ခဲ့ကြောင်းအယူခံဝင် ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ကေအိုင်စီသို့ ပြောသည်။

“ကျနော်က ဦးစောကျော်ကျော်မင်းကို ချထားတဲ့ပြစ်ဒဏ်ဟာ ဘယ်လိုမှ ဥပဒေနဲ့မညီပါဘူး။ လျှောက်တင်ချက်အရလည်း မှားနေပါတယ် ဆိုတာကို ပြောရမယ်။ သူတို့ဘက်က လက်ခံတယ်ဆိုရင်တော့ နိုင်ငံတော်ဘက်ကနေ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် လက် ထောက်ညွှန်ကြားရေးမှူးနဲ့ ကျနော်တို့ တစ်ယောက်တဖက် ပြောရမယ်” ဟု ၎င်းက ပြောဆိုသည်။

စောကျော်ကျော်မင်းသည် တရားရုံး မထီမဲ့မြင်ပြုမှု စွပ်စွဲချက်ဖြင့် တရားစွဲခံထားရပြီး အဖမ်းအဆီး မခံနိုင်သဖြင့် ၂၀၀၈ ဒီဇင်ဘာ လဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လာကြရန် ယမန်နှစ် သြဂုတ်လက သမ္မတ ဦးသိန်း စိန်မှ ဖိတ်ခေါ်ခဲ့သည့်အတွက် ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလက ပြည်တော်ပြန်ခဲ့စဉ် အဖမ်း ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ပြည်ပမှ ပြန်လာသူများသည် တစုံတရာ ပြစ်မှု ကျူးလွန်ထားပါက သက်ဆိုင်ရာ ပြစ်မှု အလိုက် အပြစ်ပေး အရေးယူခြင်း ခံရမည်ဟု သမ္မတက ပြောဆိုထားသည်။

ရှေ့နေစောကျော်ကျော်မင်း အယူခံစာတင်နိုင်ရေးအတွက် ရှေ့နေ ဦးညီညီထွေးနှင့် ဦးအောင်သူရိန်ထွန်းတို့မှ အချက်အလက် များနှင့်တကွ လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးမည်ဟု ဦးသန်းထွန်း အောင်(မြို့မ)က ပြောဆိုသည်။

အယူခံဝင်ရမည့် အမှုများကို အပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်တိုင်းတရားရုံးရှေ့တွင် ဖော်ပြထားပြီး ရှေ့နေ စောကျော်ကျော်မင်း၏  အမှုတွဲပါလာခဲ့ပါက တရားရုံးမှ သတ်မှတ်ဖော်ပြထားသည့် နေ့ရက်တွင် သွားရောက်အယူခံဝင်ရမည်ဟု သိရသည်။

လက်ရှိအချိန်၌ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရသည့် စောကျော်ကျော်မင်းကို မိသားစုဝင်မှ လွဲ၍ မည်သူ တဦးတယောက်မျှ  သွားရောက် တွေ့ဆုံခွင့်မရကြောင်းနှင့် တရားစွဲဆိုခံရသည့် ကိစ္စနှင့် ပတ်သက်၍ စောကျော်ကျော်မင်း ရေးသားထားသည့် စာတိုလေးတစ်စောင်အား မကြာသေးမီက လက်ခံရရှိခဲ့ကြောင်း ရှေ့နေ ဦးသန်းထွန်းက ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့တွင်ရှေ့နေစောကျော်ကျော်မင်း သည် တရားရုံးကို မထီမဲ့မြင်မှု ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၆လ ကျခံရန် အမိန့်ချမှတ်ခံခဲ့ရပြီး  ယခု ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် တရားရုံးမှ အရေးယူထောင်ချလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) ၏ မှတ်တမ်းအရ သိရသည်။