မြစ်ဆုံစီမံကိန်း တရုတ် အရှိန်မြှင့်လုပ်ဆောင်နေ

မြစ်ဆုံစီမံကိန်း တရုတ် အရှိန်မြှင့်လုပ်ဆောင်နေ
by -
စောခါးစူး

ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်-KIA အကြား စစ်ပွဲများ ဖြစ်ပွားနေသည့်တိုင် တရုတ် ကုမ္ပဏီဘက်မှမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကိုအရှိန်မြှင့် လုပ် ဆောင်နေသည်ဟုကချင်လူမှုဖွဲ့ဖြိုးရေး ကွန်ယက် အဖွဲ့-KDNG ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Myitsone_Dam3
တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေကာတာတည်ဆောက်ရေးအဖွဲ့ ဆိုင်နိုဟိုက်ဒရိုကော်ပိုရေးရှင်း (Sinohydro Corporation) ကုမ္ပ ဏီသည် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့် ဇွန်လတွင် ရပ်ဆိုင်းထားခဲ့သော ၎င်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းများကို တလကျော် အကြာတွင် ပြန်ရောက်လာပြီး လုပ်သား ရ၀၀ကျော်ဖြင့် နေ့ရောည ပါ အလုပ်လုပ်နေကြသည်ဟု အဆိုပါအဖွဲ့က ထောက်ပြထား သည်။

KDNG အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် အားနန်က “ဒီတရုတ်ကုမ္ပဏီက ပထမအဆင့် ကန်ထရိုက်ရထားတယ်။ သူတို့ ဒီနှစ်အတွင်း ပထမ အဆင့် ပြီးအောင်လုပ်မယ်လို့ တရားဝင် ထုတ်ပြန်ထားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

၂၀၀၄ခုနှစ်တွင် စတင် ဖွဲ့တည်ထောင်ခဲ့သည့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့-KDNG သည် လူမှုရေးနှင့် ဖွံ့ဖြိုးရေးကိစ္စတို့ကို ဆောင်ရွက်လျက်ရှိသည့်အဖွဲ့ ဖြစ်သည်။

မေလအတွင်းက ထုတ်ဝေဖြန့်ဝေခဲ့သည့် “ခက်ခဲပြင်းထန်သော မြစ်ကြီးနားတိုက်ပွဲ”အမည်ရှိဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်း ကုမ္ပဏီ ၏ ဗွီဒီယိုမှတ်တမ်းခွေတွင် မြစ်ဆုံရေကာတာစီမံကိန်းနှင့် ပတ်သက်၍ နှောင့်နှေး ကြန့်ကြာစေမည့် မည်သည့်အခက်အခဲ အနှောက် အယှက်မဆို ၎င်းတို့ ကျော်လွှားသွားမည်ဟုဖော်ပြထား ခဲ့သည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ရေကာတာကို ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တည်ဆောက်သွားမည်ဟုလည်း ထုတ်ပြန်ထားကြောင်း KDNG အဖွဲ့က ပြောသည်။

တရုတ်ကုမ္ပဏီ၏ ရေကာတာစီမံကိန်းအပေါ် KDNG က အရေးပေါ် သတင်းထုတ်ပြန်ချက်တစောင်လည်း ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန် ချက်အရ တရုတ်အလုပ်သမားများသည် အလုပ်ပြန်ဆင်းပြီးနောက်စီမံကိန်းနေရာ များ တွင် တောင်ကတုံးများဖြစ်သည်အထိ ခုတ် ထွင်ရှင်းလင်းခြင်း၊ မြောင်းများ တူးဖော်ခြင်းနှင့်တမံတုတ် ခြင်း များကို လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်း ပြန်လည်သုံးသပ်ရန်  ဒေါ်အောင် ဆန်းစုကြည်က ထုတ်ပြန် ချက်ထုတ်ကာ တောင်းဆိုထားသလို အစိုးရဘက်မှ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကလည်း ဧရာဝတီမြစ်ကို ကာကွယ်မည်ဖြစ် ကြောင်း၊ ယခုလဆန်းပိုင်း နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စီမံကိန်း တည်ဆောက်ရေးနေရာကို KIA တပ်များ မတိုက်ခိုက်နိုင်ရန် မြန်မာအစိုးရက လုံခြံုရေး အပြည့်အဝ ချထားပြီး လူဝင်လူ ထွက်ကိုလည်း တားမြစ်ထားသည်ဟု KDNG ၏ ပြောဆိုချက်အရ သိရသည်။

မြစ်ဆုံရေကာတာတည်ဆောက်ရေးတွင် လမ်းတံတားတည်ဆောက်ရေး၊ သံတမံတည်ဆောက်ရေးနှင့် ရေမြောင်းတူးဖော်ရေး အပါ အဝင် ဆောက်လုပ်ရေး ၈ခုရှိပြီး ပထမအဆင့် တည်ဆောက်သည့်မြစ်ဆုံရေ ကာတာသည် မြစ်ကြီးနားမြို့၏ မြောက်ဘက် ကီလိုမီ တာ ၄၀ (၂၇မိုင်) တည်ရှိသည်ဟု KDNG က ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့က သဘောတူညီမှုရရှိပြီးလျှပ်စစ် စွမ်းအားစုစုပေါင်း ၁၃,၃၆၀မဂ္ဂါ၀ပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံရေကာတာ စီမံကိန်းအတွက်တရုတ် နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂၀ ရင်း နှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအဖို့ ရင်းနှီးမှုအကြီးမား ဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

Most read this week