ဒုက္ခသည်စျေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ

ဒုက္ခသည်စျေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ
by -
နန်းသူးလေ

ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်အတွင်းရှိမယ်လ အူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းနှစ်ခုမှလူသုံးကုန် နှင့် စားသောက်ကုန် ရောင်း စျေးဆိုင်များကို ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့က ယခုလဆန်းပိုင်းမှစ၍ လစဉ် ဆိုင်အခွန်ငွေ ကောက် ခံခဲ့သည်ဟု သိရသည်။

Mae_La_Oo_camp_inside

ထိုသို့ ကောက်ခံရန် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ကရင်ဒုက္ခသည်ကော်မတီ(KRC)ကို အသိပေး ပြောဆိုခဲ့သည့်အ ပေါ် စခန်းတာဝန်ရှိသူများက သြဂုတ်လ ၁ရက်နေ့တွင် လိုက်လံကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မဲ့စရင်းမြို့ရှိ KRC က ကေအိုင်စီ ကို ပြောပြသည်။

ယခင်က စခန်းနှစ်ခုစလုံးတွင် စျေးဆိုင်ခွန် ကောက်ခံခဲ့ခြင်းမှာ ထိုင်းအာဏာပိုင်များကိုယ်တိုင် တနှစ်လျှင် တစ်ကြိမ်သာ ကောက်ခံခဲ့သော်လည်း မကြာသေးမီ လပိုင်းက ပြောင်းရွှေ့လာသည့်ထိုင်းအုပ်ချုပ်ရေးမှူး
အသစ်က တလတကြိမ် ကောက်ခံ သွားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

KRC ၀န်ထမ်းတစ်ဦးက “အရင်ကတော့ စခန်းတစ်ခုလုံးက ဆိုင်အားလုံးပေါင်း တနှစ်ကို ဘတ်ငွေ၁သောင်း ပေးရတယ်။ အခု အသစ်ပြောင်းလာတဲ့ ပလာကတော့ တစ်လ ၅သောင်း တောင်းတယ်။ အဲဒါ စခန်းက စျေးသည်တွေအနေနဲ့လည်း ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် စခန်းမှာရှိတဲ့ စျေးဆိုင်တွေရဲ့အခြေအနေ ကိုကြည့်ပြီး ကောက်ပေးခဲ့တယ်။”ဟု ပြောသည်။

မယ်လအူး ဒုက္ခသည်စခန်းတွင် စျေးဆိုင်စုစုပေါင်း ၂၀၀နီးပါးရှိပြီး ယခုကောက်ခံမှုမှာ ဆိုင်အကြီးအငယ် အလိုက် ဘတ်ငွေ ၂၀ မှ ၂၀၀အထိ ကောက်ခံခဲ့သလို အပြင်မှ ကားနှင့်လာရောက်၍ စျေးရောင်းနေသည့် ထိုင်းစျေးသည်များအား ကားတစ်စီးလျှင် ၄၀၀၀ဘတ် ကောက်ခံခဲ့သည်ဟု စခန်းစျေးသည်တစ်ဦးက ယခုလို ပြောပြသည်။

မယ်လအူး စျေးဆိုင်ပိုင်ရှင်တစ်ဦးက “ကျနော်စျေးရောင်းလာတာတော့ ၆နှစ်လောက်ရှိသွားပြီ။အရင်နှစ် တွေကတော့ ကျနော် ဆိုင်ကြီးဖွင့်ပေမဲ့ ၃၀ဘတ်ပဲ ပေးရတယ်။ ဒီနှစ်တော့ ကျနော်လည်းစျေးသိပ်ရောင်း မကောင်းလို့ ဆိုင်မှာ အနည်းအကျဉ်းပဲ ရောင်းတော့တယ်။ ဒါပေမဲ့ အခုအခွန်အတွက် ကျနော့်ဆိုင်က ဘတ် ၅၀ပေးလိုက်ရတယ်။”ဟု သူက ပြောသည်။

မယ်လအူးနှင့် မယ်ရာမိုစခန်းနှစ်ခုကို ထိုင်းအာဏာပိုင်တစ်ဦးတည်းက အုပ်ချုပ်နေခြင်းဖြစ်ပြီး ယင်းသို့ဆိုင် အခွန်များ လစဉ် ကောက်ခံနေပါက စခန်းအတွင်းရှိ စျေးသည်များအနေဖြင့် ရှေ့ဆက် စျေးရောင်းရန်အခက် အခဲရှိနိုင်ကြောင်း ဒုက္ခသည်များက ပြောဆိုနေကြသည်။

မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၈၀ကျော် ကွာဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လူဦးရေ ၁၇,၀၀၀ကျော်ရှိပြီး မဲ့စရင်းမှ ၁၅၀ ကီလိုမီတာကွာဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင် လက်ရှိ လူဦးရေ၁၆,၀၀၀ကျော်ရှိ ကြောင်း (KRC)မှတ်တမ်းများအရ သိရသည်။