၁၁ ကြိမ်မြောက် ကရင်နီ ကျောင်းသား သမဂ္ဂမွေးနေ့

၁၁ ကြိမ်မြောက် ကရင်နီ ကျောင်းသား သမဂ္ဂမွေးနေ့
by -
ကေအိုင်စီ

ကရင်နီကျောင်းသားသမဂ္ဂ KSU ၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာ တွင် ကျင်းပကြပါသည်။

KSU ၏ ပထမဆုံးဥက္ကဋ္ဌ ဖြစ်သူ ဆရာမမော်မီးမာ က အခမ်းအနားတွင် ယခုလိုပြောကြားသည်။

KSU မွေးနေ့ပွဲ အခမ်းအနားကျင်းပစဉ်

“ကျမတို့ နိုင်ငံတော်ခေါင်းဆောင်ကြီး ခဏခဏပြောသွားတဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်၊ နောက်ဆုံး KnPT ဘွဲ့နှင်းသဘင် အခမ်းအနားမှာလည်း ပြောသွားသေးတယ် အထူးသဖြင့် လူငယ်တွေဟာဆိုလို့ရှိရင် ကိုယ့်ဖာသာကိုယ် လမ်းဖောက်ဖို့ သိပ်ပြီးတော့ မစဉ်းစားချင်ကြဘူး သူများဖောက်ပြီးသားလမ်းကို လျှောက်ကြဖို့ စဉ်းစားတာများတယ်၊ တချို့က သူများဖောက်ပြီးသားလမ်း ကိုတောင်မှ မလျှောက်နိုင်ကြတဲ့ အခြေအနေမျိုးမှာရှိတယ်” ဟု ခေါင်းဆောင်တစ်ဦး၏ စကားကို ကိုးကားပြီးအခမ်းအနားတွင် ပြောကြားသွားပါသည်။

KSU မွေးနေ့အခမ်းအနားနှင့် ပတ်သက်ပြီး လက်ရှိဥက္ကဋ္ဌဖြစ်သူ ဆရာမာတိယာလေးက ယခုလိုရှင်းပြပါသည်။

“ကျနော်တို့ ဒီ KSU DAY ကို် ကျင်းပရတာ တကယ်ပဲ အရေးကြီးပါတယ်၊ ကျနော်တို့ KSU က စတည်ထောင်ခဲ့တာ ဒီနေ့နဲ့ဆိုရင် ၁၁ နှစ်ရှိပါပြီ၊ KSU ဒီလိုဆက်ရှင်သန်နိုင်ဖို့ဆိုရင် ပုံမှန်သူ့ရဲ့မွေးနေ့ပွဲကို လုပ်နိုင်ရမယ် လှုပ်ရှားမှုတွေကို တနေ့တနေ့ update ပုံမှန်လုပ်နိုင််ရမယ် နောက်ပြီး ကျောင်းသားတွေ သိနိုင်ဖို့က ဒီအခြေအနေမျိုးမှာပဲ သိခွင့်ရတယ် ကျန်တဲ့အခြေအနေမျိုးမှာဆိုရင် သူတို့ပညာယူတဲ့ အခြေအနေနဲ့ ကျနော်တို့လုပ်တဲ့ လှုပ်ရှားမှုတွေက သိပ်မအပ်စပ်တော့ KSU DAY ကို ကျင်းပဖို့ဆိုတကယ်ပဲ အရေးကြီးပါတယ်”

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခေါင်းဆောင်များ၊ ကရင်နီပညာရေးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ KSU အကြံပေးဘုတ်အဖွဲ့ဝင်များ၊ ကနေဒါနှင့် ဖိလစ်ပိုင်နိုင်ငံမှ KSU အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၆၀ ကျော် တက်ရောက်သည်။

“ကိုယ့်အဝိုင်းအဝန်းလောက်ပဲ စပြောပါရစေ ကျနော်တို့ အဝိုင်းအဝန်းမှာပဲကြည့် ကျနော်တို့က အင်မတန်မှ ဆင်းရဲတယ်နုံချာတယ် ခေတ်နောက်ကျတယ် အဲဒီလိုပြောရင် ကျနော်တို့လူတွေက ကိုယ့်ကိုယ်ကို နှိမ်တယ်လို့ ပြောချင်ကြတယ် သူများလည်း ကျနော်တို့ကို နှိမ်တယ် ကိုယ့်ကိုယ်ကိုမနှိမ်လို့မှ ဘယ်သူ့ကိုသွားနှိမ်ဖို့ရှိလဲ၊ ဒါပေမယ့် အနှိမ်ခံဘဝက လွန်မြောက်ဖို့အတွက် ကျနော်တို့ သူများနဲ့ရင်ဘောင်တန်းနိုင်ဖို့ဆိုတာ ပညာတွေတတ်မှ… ” ဟု ကရင်နီအမျိုးသား ပညာရေးနှင့် ကျန်းမာရေး ကော်မီတီဥက္ကဌ ဆရာဦးရယ်က ပြောသည်။

အခမ်းအနားသို့ လူကိုယ်တိုင်မတက်ရောက်နိုင်သည့် နိုင်ငံတကာရောက် KSU အဖွဲ့ဝင်များမှလည်း “အသိအမှတ်ပြုသတင်းစကား” များပါးခဲ့ကြသည်။

“ဒီ KSU မှာ လုပ်ခဲ့တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားပေမဲ့ စခန်းထဲမှာ ရှိတဲ့ကျောင်းသားတွေအတွက် ပြည်တွင်းမှာ ရှိတဲ့ကျောင်းသားတွေအတွက် KSU က အမြဲရှင်သန်နေလိမ့်မယ်လို့ ယုံကြည်နေတယ်။ အခုလက်ရှိ KSU အတွင်းမှာ လုပ်ဆောင်နေတဲ့သူတွေလည်း ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်သွားကြပါ။ ကျနော့အနေနဲ့လည်း ပြန်လာပြီးတော့ အလုပ်ပြန်လာလုပ်နိုင်ဖို့အတွက် ကြိုးစားပါ့မယ်” ဟု ကနေဒါရောက် KSU အား ထူထောင်ခဲ့သူတစ်ဦးဖြစ်သည့် ဆရာတေစူးလားက ပေးပို့လာသော သတင်းစကားတွင် ပြောကြားသည်။

ပဥ္စမအကြိမ်မြောက် KSU ရွေးကောက်ပွဲကို ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ပြီး ဗဟိုကော်မီတီဝင် ၁၀ ဦးကို ရွေးချယ်တင်မြောက်ခဲ့ပါသည်။ KSU ၏ ဖွဲ့စည်းပုံမူကြမ်းအရ ရွေးကောက်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ပါသည်။

အမေရိကန်၊ ကနေဒါ၊ ဖင်လန်၊ ဆွီဒင်၊ သြစတေးလျ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ကရင်နီပြည်တွင်းအပါအဝင် ယခုလက်ရှိ KSU အဖွဲ့ဝင်ပေါင်း ၁၅၀၀ ခန့်ရှိသည်။

Most read this week