ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀) ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀) ...
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀) ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀) လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရသည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ် အခြေစိုက် နအဖ စကခ (၁၂) လက်အောက်ခံ ခလရ (၂၃၁) တပ်ရင်းနှင့် BGF (၁၀၁၆) တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ (၁) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူး စောဆန်းအောင်က ယခုလို ပြောသည်။
၎င်းက “မနေ့က နေ့လည် ၁၂းဝဝ နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့ တပ်ဖွဲ့က အပိုင်နေရာ ယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက် အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်” ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။
အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့် လက်နက်များ အပါအဝင် ကျည်ဆံ တချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
ထို့အပြင် မြဝတီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၆ ရက်နေ့ည (သောကြာနေ့)မှ စ၍ ယနေ့အချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ ဦး သေဆုံးကာ ၂၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက် စသည့် ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ (၄၁၀) နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေဝမ်း တပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အမှတ် (၁၀၁၆) တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူး စောမြတ်ခိုင် ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ (၉၉၉) လက်အောက်ခံ တပ်ရင်း (၃) ၏ တပ်ရင်းမှူး ဖြစ်သည်။