လာမည့် နိုဝင်ဘာ ၇ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Kayin State Democracy and Development Party-KSDDP)မှ လွှတ်တော်ကိုယ်စားလှယ် ၄ဦး ၀င်ရောက်အရွေးခံမည် ...
လာမည့် နိုဝင်ဘာ ၇ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Kayin State Democracy and Development Party-KSDDP)မှ လွှတ်တော်ကိုယ်စားလှယ် ၄ဦး ၀င်ရောက်အရွေးခံမည်ဟု သိရသည်။
ပါတီ၏ အဓိကခေါင်းဆောင်များဖြစ်သည့် ဥက္ကဌ စောသာ ထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေ၊ အတွင်းရေးမှူး စောသောင်း မြတ်တို့ အပါအ၀င် အလုပ်အမှုဆောင် ကော်မတီဝင် (၂၇)ဦးဖြင့် ဖွဲ့စည်းထားသည့် KSDDP ပါတီသည် မကြာခင် ကျင်းပတော့မည့် ရွေး ကောက်ပွဲ၌ ကရင်ပြည်နယ်တွင် ပြည်နယ်နှင့် အမျိုးသား လွှတ်တော်နေရာများ၌ ကိုယ်စားလှယ် ၄ဦး ပါဝင်အရွေးခံမည် ဖြစ်ကြောင်းကို အမည်မဖော်လိုသူ လွှတ်တော် အမတ်တစ်ဦးက ယခုလို အတည်ပြု ပြောဆိုသည်။
သူက “ကျနော်တို့ ပါတီမှာ ကိုယ်စားလှယ် ၄ ဦး ၀င်အရွေး ခံမယ်ဆိုတာ ဟုတ်ပါတယ်။ ဒီ လှိုင်းဘွဲ၊ မြ၀တီနဲ့ ကြာအင်း ဆိပ်မြို့နယ် မှာပဲ ၀င်အရွေးခံမှာဖြစ်တယ်။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦးတွင် စောသာထူးကျော်က လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်၊ စောအောင်ငွေက လှိုင်းဘွဲမြို့နယ် မဲဆန္ဒအမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ စိုင်းချစ်လှိုင်က မြ၀တီမြို့ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မန်းအောင်တင်မြင့်က ကြာအင်းဆိပ်ကြီးမြှို့ မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့ ဖြစ်ကြသည်။
KSDDP ပါတီသည် ကရင်ပြည်အတွင်းရှိ တိုင်းရင်းသားပြည်သူတို့၏ အရေးကို ကျယ်ပြန့်စွာ ထမ်းဆောင်ပေးနိုင်ရန်နှင့် အနာဂတ် နိုင်ငံတော်အရေးကို တစ်ခန်းတစ်ကဏ္ဍ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရခြင်းဖြစ်ကြောင်း ပါတီ ဥက္ကဌဖြစ်သူ စောသာထူးကျော်က အောက်တိုဘာ ၁၁ရက်နေ့ ညပိုင်းထုတ်လွှင့်သည့် မြန်မာ့ ရုပ်မြင်သံကြား၏ နိုင်ငံရေးပါတီများ ဟောပြောချက်အစီအစဉ်တွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုနိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးနှင့် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်အဖြစ် ထာဝရရပ်တည်နိုင်ရေးတို့ကို စွဲမြဲခံယူပြီး ကရင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးနှင့် ဒီမိုကရေစီအရေးဆိုသည့် ရည်မှန်းချက်များဖြင့် ဒေသခံလူထုနှင့်အတူ KSDDP အနေဖြင့် လက်တွဲဆောင်ရွက်မည်ဟု ဆိုသည်၊
အဆိုပါ ပါတီ၏ လွှတ်တော်အမတ်များသည် ၎င်းတို့ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်မြေများတွင် ယခုအချိန်ထိ မည်သည့် စည်းရုံး လှုပ်ရှားမှုမျိုးမှ လုပ်ဆောင်ခြင်းမရှိသေးဟု သိရသည်။
မြ၀တီမြို့ မဲဆန္ဒနယ်တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်က “ကျနော်တို့က ဘာစည်းရုံးရေးမှလည်း မလုပ်ပါဘူး။ အလုပ်တခု လုပ်မယ်ဆိုရင် အတွေ့အကြုံ လိုအပ်တယ်လေ။ ကျနော်တို့က အခုမှပေါက်တဲ့ ပါတီဖြစ်တဲ့အတွက် သိပ်အရမ်းကြီး မလုပ် တတ်ဘူး။ ဟို ခလုတ်တိုက်ပြီး ခြေမပဲ့မှာတို့၊ ဒူးခေါင်းပဲ့မှာ စိုးရိမ်တယ်လေ။ အဲဒါကြောင့်ပါ။”ဟု ပြောသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဌာနချုပ်ထားရှိပြီး သြဂုတ်လ ၁၉ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့သည့် KSDDP ပါတီသည် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမဖွဲ့စည်းမီ ယခင်က နအဖ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့အစည်း(ဒီကေဘီအို)အဖြစ် ရပ်တည်ခဲ့သည့်အဖွဲ့ဖြစ်သည်။
KSDDP ပါတီသည် ရန်ပုံငွေနှင့် ပါတီမူဝါဒပါမကျန် စစ်အစိုးရ၏ ကျောထောက်နောက်ခံမှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြို့နယ်ပေါင်းစုံ တွင် ၀င်ရောက် အရွေးခံခြင်း မရှိသည့်အတွက် ၎င်းတို့်ရရှိလာမည့် မဲပြားများမှာ ကြံ့ဖွံ့ပါတီအတွက်သာ ဖြစ်နိုင်သည်ဟု ဝေဖန် နေကြ သူများလည်း ရှိသည်။