ကရင်ပြည်နယ် ဖားအံမြို့ အရှေ့ဖက်ရှိ သံလွင်တံတားဂိတ်တွင် ယနေ့မနက်ပိုင်း၌ ပုံမှန် မဟုတ်ဘဲ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေး....
ကရင်ပြည်နယ် ဖားအံမြို့ အရှေ့ဖက်ရှိ သံလွင်တံတားဂိတ်တွင် ယနေ့မနက်ပိုင်း၌ ပုံမှန် မဟုတ်ဘဲ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးလျှက်ရှိကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
“ဒီနေ့မနက် ၈နာရီအချိန်လောက်မှာ ဖားအံ သံလွင်တံတားဂိတ်မှာ ဆိုင်ကယ်လိုင်စင်တွေ စစ်ပါတယ်။ ခါတို်င်းဆိုရင် တစ်ခါ မှ သံလွင်တံတားဂိတ်မှာ ဆိုင်ကယ်လိုင်စင် မစစ်ပါဘူး။ ကုန်တင်ကားတွေကိုပဲ စစ်တာ။ ဒါပေမယ့် ဒီနေ့မနက်မှာကျတော့ ဆိုင်ကယ်တွေကိုရပ်ခိုင်းပြီး လိ်ုင်စင်စစ်တော့တာပဲ။”ဟု ဆိုသည်။
အဆိုပါဂိတ် လိုင်စင် စစ်ဆေးသည့်အချိန်မှာ တက္ကသိုလ် ကျောင်းသူကျောင်းသားများ ကျောင်းတက်ချိန်ဖြစ်ပြီး ယင်းသို့ ဆိုင် ကယ်လိုင်စင် စစ်ဆေးခြင်းမျိုး ယခင်က မရှိခဲ့ဘဲ မြို့ထဲရှိ လမ်းဆုံများ၊ မီးပွိုင့်များတွင်သာ ရှိခဲ့ ဖူးကြောင်း ကျောင်းသူတစ်ဦးက ကေအိုင်စီကို ယခုလို ပြောပြသည်။
သူမက “လိုင်စင်စစ်တဲ့အချိန်ကလည်း ကျောင်းသားတွေ ကျောင်းသွားတတ်ကြတဲ့ အချိန်ကောင်းပဲ။ တစ်ခါမှ ဒီလိုဂိတ်မှာ မစစ်ပါဘူး။ ဆိုင်ကယ်လိုင်စင်စစ်ရင် လမ်းဆုံတွေမှာ၊ မြို့ထဲတွေမှာ၊ မီးပွိုင့်တွေမှာပဲ စစ်တာပါ။ စစ်ပုံကတော့ တံတားဂိတ်မှာ ဖြတ်သွားတဲ့လူတွေကို ဆိုင်ကယ်တွေ ရပ်ခိုင်းပြီး လိုင်စင်စစ်တယ်။ ကျောင်းသား တွေကိုလည်း စစ်တာပဲ။ လိုင်စင်မရှိတဲ့ ဆိုင် ကယ်တွေကိုတော့ သိမ်းပြီး နေပြည်တော်ကို ပို့တယ်လို့ ပြောကြတယ်” ဟု ပြောသည်။
၎င်းအပြင် အသိမ်းခံရသည့် ဆိုင်ကယ်များကို အချို့ပိုင်ရှင်များက ကျပ်ငွေ နှစ်သောင်းပေးဆောင်၍ ပြန်လည် ထုတ်ယူမှုများ လည်း ရှိသည်ဟု အသိမ်းခံရသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင် မိတ္တူများကို ယုံကြည်မှုမရှိဘဲ မူရင်းကိုသာ လက်ခံကြသည်ဟု လိုင်စင် အစစ်ခံရသူ မိန်းကလေးတစ်ဦးက ယခုလို ပြောဆိုသည်။
“သူတို့သဘောနဲ့ကို သူတို့လုပ်နေတာလေ။ လိုင်စင်ကို မူရင်းပြရတယ်။ မိတ္တူကူးထားရင် မယုံချင်ကြဘူး။ ရစ်ချင်ကြတယ်။ ဆက်ဆံရေးကလည်း ကြမ်း၊ မျက်နှာထားကလည်း တင်းနေတာပဲ။ အဲဒါကြောင့် ဆိုင်ကယ် လိုင်စင်မူရင်းနဲ့ ယာဉ်မောင်းလိုင် စင်စာအုပ်တွေကိုု ဆိုင်ကယ်ဘောက်ထဲမှာ ဆောင်ထားကြရတယ်။ သူတို့စစ်ရင် အချိန်မရွေး ထုတ်ပြနိုင်အောင်လို့လေ။”ဟု ပြောသည်။
သံလွင်တံတား၏ ဂိတ်နှစ်ခုအနက် ဖားအံမြို့ဘက်ခြမ်းရှိ တံတားဂိတ်မှ စစ်ဆေးခြင်းဖြစ်ပြီး ဖားအံတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်များသို့ ကျောင်းတက်သွားကြသူများမှာ စိတ်အနှောက်အယှက် ဖြစ်ရသည်ဟု ငြီးငြူနေကြ သလို ယခုစစ်ဆေးမှုတွင် ပါ၀င်သည့် ရဲများနှင့် စစ်သားများက တံတားဂိတ်တွင် ခရီးသွားများကို ထိုသို့ အငိုက်ဖမ်းခြင်းဖြင့် ၎င်းတို့အတွက် ၀င်ငွေရသည့်ဂွင်တစ်ခုဖြစ်လာပြန်သည်ဟုလည်း တံတားအနီးတဝိုက်တွင် နေထိုင်သူများက ဝေဖန်ကြသည်။
သံလွင်တံတားဂိတ်တွင် ပြီးခဲ့သည့် ၂လခန့်ကပင် အဆောက်အဦးတစ်ခု ဆောက်ထားပြီး တံတားကို ဖြတ်သန်းသွားလာနေ သည့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ဆယ်ဘီး၊ ဆယ့်နှစ်ဘီး ကားကြီးများ၊ ကားငယ်နှင့် ဆိုင်ကယ်များကို စစ်ဆေး လျှက်ရှိသော်လည်း ၀င်ထွက်မှုလွယ်ကူရေးအတွက် ငွေကြေးကို ပေးဆောင်ခြင်းဖြင့် ဖြေရှင်းနေကျဖြစ်ကြောင်း ကားပိုင်ရှင် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာစစ်အစိုးရသည် ဆိုင်ကယ်လိုင်စင် လုပ်ဆောင်ခြင်းကို ပြီးခဲ့သည့် ဇွန်လကုန်အထိသာ သတ်မှတ်ပေးခဲ့ပြီး ဇူလိုင်လ ၁ရက်နေ့မှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များကို စတင် ဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။