ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည်စစ်ဆင်လာ

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည်စစ်ဆင်လာ
by -
စောခါးစူးညား

၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်....

၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက်မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့ (နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိအောင် လုပ်ရမယ်”ဟု ကေအိုင်စီကို ပြောသည်။

ယခုဇူလိုင်လတွင် ကရင်ပြည်နယ်နှင့် အခြားသော ကရင်လူမျိုးများ နေထိုင်ရာ နယ်မြေများတွင်် နအဖ စစ်တပ်မှ လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုလုပ်ရပ်များ ပိုမို လုပ်ဆောင်လာသည်ဟု ဇူလိုင်လ ၂၇ရက်နေ့က ထုတ်ပြန် လိုက်သည့် ကေအဲန်ယူ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ကရင်ပြည်နယ််၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီ အေ တပ်ဖွဲ့များ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဇူလိုင်လ (၂၅)ရက်နေ့က ဒေသခံ မိသားစု(၁၀၀)ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ(၂၃)ရက်၌လည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် နအဖတပ်မှ ထိုဒေသရှိ သဒါးဒဲကျေးရွာ ကို မော်တာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အိမ်ခြေ ၅၀ကျော်၊ ခရစ်ယာန် ဘုရားကျောင်း တကျောင်းနှင့် အလယ်တန်း စာသင်ကျောင်းတကျောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေရသော သဒါးဒဲရွာသူရွာသား ၅၄၀ဦးနှင့် ကျောင်းသူကျောင်း သား ၁၇၈ဦးတို့သည် ယုခုုမိုးရာသီဖြစ်သဖြင့် နေထိုင်ရေးအတွက် အမိုးအကာနှင့် ဆေးဝါးပစ္စည်းများ လိုအပ်သည့်အပြင့် ဆင်းရဲ ဒုက္ခ အမျိုးမျိုး ရင်ဆိုင် နေရသည်ဟု သိရသည််။

အလားတူ ဖာပွန်ခရိုင်မှ နအဖ လှုပ်ရှားတပ်ဖွဲ့ စကခ(၄) လက်အောက်ခံ စစ်ကြောင်း (၂)၊ ခမရ (၇၀၄) တပ်ရင်းမှ သန်းထွန်း ဆိုသူ သည် ပြီးခဲ့သော ဇူလိုင်လ ၁၀ရက်နေ့ညက ခေကော်ရွာသူ အိမ်ထောင်သည် အသက်(၂၇)နှစ် အရွယ်ရှိ ကရင်အမျိုးသမီး တဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

ကရင်လူထုများအပေါ် နအဖ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်သွားရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဥရောပနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များ အနေဖြင့် နအဖစစ်အစိုးရကို ၀ုိင်းဝန်း ဖိအားပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Most read this week