အမျိုးသမီးများအပေါ် ရာဇဝတ်မှု ကျုးလွန်ထင်ရှားကြောင်း ဂျပန်တရားသူကြီးများ အခိုင်အမာ ပြောဆို

အမျိုးသမီးများအပေါ် ရာဇဝတ်မှု ကျုးလွန်ထင်ရှားကြောင်း ဂျပန်တရားသူကြီးများ အခိုင်အမာ ပြောဆို
by -
နော်အောင်လေး
မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ သက်သေထင်ရှားကြောင်း ဂျပန်နိုင်ငံရှိ သဏ္ဍာန်တူခုံရုံး တခုက မြန်မာအမျိုးသမီး ၄ ဦး၏ သက်သေထွက်ဆိုချက်များ ကြားနာခဲ့ပြီးနောက် အခိုင်အမာ ထုတ်ဖော်...

မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ သက်သေထင်ရှားကြောင်း ဂျပန်နိုင်ငံရှိ သဏ္ဍာန်တူခုံရုံး တခုက မြန်မာအမျိုးသမီး ၄ ဦး၏ သက်သေထွက်ဆိုချက်များ ကြားနာခဲ့ပြီးနောက် အခိုင်အမာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထိုသို့ လူသားမျိုးနွယ်စုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျုးလွန်ခဲ့သည့် စစ်အစိုးရကို ထိရောက်စွာ အရေးယူနိုင်ရန် ကုလသမဂ္ဂ လုံခြံုရေး ကောင်စီ အနေဖြင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းလည်း ပြီးခဲ့သည့်လက ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြည်သူ့ခုံရုံးတွင် ဂျပန်လူမျိုး တရားသူကြီးများ၊ ဥပဒေပညာရှင် စုစုပေါင်း ၅ ဦးပါ အဖွဲ့က သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ထိုသဏ္ဍာန်တူ ပြည်သူ့ခုံရုံးတွင် ဂျပန်လူမျိုး တရားသူကြီးများ ဖြစ်သည့် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း မစ္စတာ ဟာမာဒါ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှုး အပါအဝင်၊ ဂျပန်နိုင်ငံ ချီးဘားတက္ကသိုလ်မှ ဥပဒေ ပါမောက္ခနှင့် ဥပဒေပညာရှင်တို့ ပါ၀င် ဆောင်ရွက်ခဲ့ကြသည်။

စစ်အစိုးရ၏ လူမဆန်သည့် လုပ်ဆောင်ချက်များကို ကိုယ်တိုင်ကျူးလွန်ခံခဲ့ရသူ အမျိုးသမီး ၂ ဦးနှင့် ကိုယ်စားသက်သေခံ ထွက်ဆိုခဲ့သူ ၂ ဦးတို့က တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦးတို့ အပါအဝင် ပရိဿတ် ၃၀၀ ကျော် တက်ရောက် နားထောင်ခဲ့သည့် ကြားနာပွဲတွင် အသီးသီး ထွက်ဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံ ဖြစ်ကာ မြန်မာနိုင်ငံကို ထောက််ပံ့မှုများ ပေးထားသည့် ဆက်စပ်မှုကြောင့်တကြောင်း၊ ICC ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သောကြောင့် မြန်မာစစ်အစိုးရ ကျူးလွန်နေသော စစ်ရာဇဝတ်များကို ဂျပန်အစိုးရနှင့် ၎င်းနိုင်ငံက ပြည်သူလူထုများ ပိုမိုသိရှိလာစေရန် WLB အဖွဲ့က ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတွေကို ကျူးလွန်တာတွေက လူသားတွေကို ဆန့််ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ပြောလို့ ရတယ်။ ဆုံးဖြတ်ခဲ့တယ်။ ကုလသမဂ္ဂရဲ့ လုံးခြံုရေးကောင်စီ အနေနဲ့ ဒါတွေကို တကယ်လွတ်လပ်စွာ စုံစမ်းပြီး အရေးယူဖို့ကို တိုက်တွန်းနှိုးဆော်ထားတယ်” ဟု ဂျပန်နိုင်ငံကို သွားရောက်ခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ထိုင်းအခြေစိုက် ကရင်သတင်းဌာန -KIC ကို ပြောဆိုသည်။

သူမက “ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက သက်သေ အထောက်အထား ခိုင်လုံတာကြောင့် လွပ်လပ်စွာ စုံစမ်းစစ်ဆေးပြီးတော့ အမှုတွေကို အရေးယူ ဆောင်ရွက်သင့်တာကတော့ အဓိက အချက်ထားပြီး (တရားသူကြီးများက) သုံးသပ်ချက်ပေးပါတယ်” ဟုလည်း ဆက်၍ပြောသည်။

စစ်အစိုးရ အာဏာပိုင်များကိုယ်၌က အမျိုးသမီးများအပေါ် ၎င်းတို့၏ အောက်ခြေတပ်သားများ ဆက်တိုက် ကျူးလွန်ခဲ့မှုများကို ထိရောက်သည့် အရေးယူမှုများ မရှိခဲ့သည့်အပြင် ကင်းလွတ်ခွင့် ပြုပေးထားမှုများ ရှိနေသည့်အတွက် လွတ်လပ်သည့် တရားစီရင်ရေး ရှာမတွေ့သည့်အဆုံး နိုင်ငံတကာ တရားစီရင်ရေး စံနှုန်းများနှင့် ဥပဒေများကို အသုံးပြုကာ စစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း နိုင်ငံတကာ အစိုးရနှင့် အသိုင်းအဝိုင်းများထံ ထောက်ပြနိုင်ရန် WLB က ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျူးလွန်မှုတွေကို ကင်းလွတ်ခွင့် ပေးထားတယ်။ တရားမျှတမှု ရဖို့အတွက် ရှာဖွေဖို့လိုတယ်ဆိုတာကို နိုင်ငံတကာကို ထောက်ပြ ပေးတာပဲ။ ပြစ်မှုတွေက ICC ကို တင်လို့ရနိုင်လောက်အောင်ကိုု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ မြောက်နေတဲ့အတွက်ကြောင့် နိုင်ငံတကာ စစ်ခုံရုံးမှာ စစ်ဆေးဖို့ သင့်တယ်လို့ လှုံ့ဆော်သွားတာပါ” ဟု ဒေါ်သင်းသင်းအောင်က ဆိုသည်။

၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ICC သည် နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည်။

၎င်းအဖွဲ့သည် သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှှုများ၊ လူသားမျိုးနွယ်စုများအပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ယခုကဲ့သို့ အလားတူ သဏ္ဍာန်တူ ခုံရုံးတခုကို ယခုနှစ်၊ မတ်လအတွင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီး စုစုပေါင်း ၁၂ ဦးတို့က စစ်အစိုးရ၏ ရေကာတာ တည်ဆောက်မှုအတွက် ကျေးရွာများ အဓမ္မ ရွှေ့ပြောင်းခံရမှု၊ ပေါ်တာခိုင်းစေမှု၊ ရွာများမီးရှို့ဖျက်ဆီးခံရမှုများ၊ ထောင်တွင်း အကျဉ်းကျခံရစဉ် နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပမ်းမှုများ၊ မဖွယ်မရာ ဆက်ဆံပြောဆိုမှုများနှင့် အပြစ်မဲ့ ရွာသားတချို့ကို သေသည်အထိ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ စသည့် လူသားမဆန်သည့် ပြုမှုမှုများကို သက်သေထွက်ဆိုခဲ့ကြသည်။

ထို့အပြင် နေ့ခင်းတွင် စစ်တပ်ရိက္ခာများကို ပေါ်တာ ထမ်းစေပြီး ညပိုင်းတွင် အုပ်စုလိုက် မုဒိမ်းကျင့်ခံရသူ တိုင်းရင်းအမျိုးသမီး တယောက်နှင့် ကချင်ပြည်နယ်တွင် ကျောင်းသူ ၄ ဦးကို အဓမ္မ ပြုကျင့်ပြီး နှုတ်ပိတ်ရန် ကြိုးစားခဲ့ရာမှ ပြည်ပမီဒီယာ အကူအညီဖြင့် ဖော်ထုတ်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့ ၄ ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာချိန်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြသည့် တိုင်းရင်းသူတချို့ကိုယ်စား သက်သေထွက်ဆိုခဲ့ခြင်းလည်း ရှိခဲ့သည်။

ထိုသဏ္ဍာန်တူခုံရုံးတွင် ဥပဒေပညာရှင်များ ဖြစ်ကြသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံ၊ ရှီရင်းအီဘာတီနှင့် တောင်ကိုရီးယား နိုင်ငံမှ ပါမောက္ခ စိန်ဆူးရှင်း၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ ဥပဒေပညာရှင် ဗီတစ်မွန်တာဘွန်တို့ တက်ရောက်ကြားနာခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေးကင်တားနား (Tomas Ojea Quintana) စစ်အစိုးရ၏ လူသားချင်းစာနာမှှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှှုများကို ကုလစုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေးအဆိုကို UN တွင် တင်ပြထားသည်။

ယခုအခါတွင် ထိုအဆိုကို ထောက်ခံသည့် နိုင်ငံများမှာ သြစတေးလျား၊ ချက်က်၊ ဗြိတိန်နှင့် စလိုဗက်ကီးယားတို့ ဖြစ်ပြီး အမေရိကန် ပြည်ထောင် စုက ထောက်ခံရန် စဉ်းစားနေဆဲ ဖြစ်သည်။ အကယ်၍ အမေရိကန်က ထောက်ခံပါက လက်ရှိတွင် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကို ထောက်ခံသည့် နိုင်ငံမှာ ၅ နိုင်ငံ ရှိလာမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်အခြေစိုက် Freedom House ၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ လူ့အခွင့် အရေး ချိုးဖောက်မှု အဆိုးဆုံး ဒေသများအဖြစ် ၁၇ နိုင်ငံနှင့် နယ်မြေဒေသ ၃ ခုအကြောင်း ဖော်ပြရာတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။

ထိုနိုင်ငံများနှင့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုသည် အခြေခံ နိုင်ငံရေးနှင့် အခွင့်အရေးများ ဆုံးရှုံးနေကြရသည့်အပြင် နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ်မှု ရင်ဆိုင်နေကြသူများ ဖြစ်သည်ဟု ဝေဖန်ထောက်ပြထားသေးသည်။

ယခုလို အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို သက်သာရာရစေရန် နှစ်သိမ့်ဆွေးနွေးမှုများကို အမျိုးသမီးအဖွဲ့ဝင်များက တဖက်တလမ်းက လုပ်ဆောင်ပေးကြောင်း ထိုင်းအခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံး KWO အဖွဲ့က အတွင်းရေးမှူးဖြစ်သူ နန်းဒါး အယ်ကလယ် က KIC ကို ယခုလို ပြောသည်။

“ကျမတို့က အချိန်တိုအတွင်းမှာ အဓမ္မ ပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် နှစ်သိမ့် ဆွေးနွေးမှုတွေလုပ်တယ်။ ဒါ့အပြင် မုဒိမ်းမှု ဖြစ်ခဲ့တဲ့ အမျိုးသမီီး တချို့ကို ဘဝလုံခြံုမှုအတွက် တတိယနိုင်ငံသွားဖို့ ဆန္ဒရှိသူကို ကူညီပေးပါတယ်။ စစ်တပ်ကနေပြီး အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို အရေးယူ ပြစ်ဒဏ်ကျခံစေဖို့ WLB က နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကမ္ဘာ သိအောင် လုပ်ပေးနေပါတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို နိုင်ငံတကာက စောင့်ကြည့်နေသော်လည်း စစ်အစိုးရဘက်က ဆက်လက်ကျူးလွန်နေမည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်ပြီး မြန်မာစစ်အစိုးရသည် ICC တွင် ဆူဒန်နိုင်ငံမှ နိုင်ငံ့ ခေါင်းဆောင်များကဲ့သို့ပင် ရာဇဝတ် ကောင်များ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသူများလည်း ရှိနေသည်။

ယခုလို အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် စစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေမှုများကို လုပ်ဆောင်ခြင်းဖြင့် သက်ဆိုင်ရာ နိုင်ငံအစိုးရခေါင်းဆောင်များနှင့် ပြည်သူလူထုက အဖြစ်မှန်ကို သိရှိလာကြမည့်အပြင် အကြမ်းဖက်မှု ကျူးလွန်နေသည့် စစ်အစိုးရ အနေဖြင့်လည်း ရပ်တန့်သွားစေနိုင်သည်ဟု  အများက သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်သင်းသင်းအောင်ကလည်း “စစ်အစိုးရ ကိုယ်တိုင်လည်း သတိထားပြီး နောက်ထပ်မကျူးလွန်အောင်နဲ့ ရပ်တန့်သွားအောင် ရည်ရွယ်ပြီးတော့ ပြုလုပ်တာပါ” ဟု ပြောဆိုသည်။

ထို့အပြင် မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှုများ လုံးဝရပ်တန့်သွားရေးကို အမျိုးသမီးထုသာမက အမျိုးသားများကိုယ်တိုင် စာနာနားလည်ပြီး အကြမ်းဖက်မှု လုပ်ရပ်ကို ဆန့်ကျင်ကာ ပါဝင်လုပ်ဆောင်ရန်ကိုလည်း အမျိုးသမီးများအရေး လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက လိုလားလျှက် ရှိသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ဖြင့် တည်ထောင်ထားသည့် WLB အဖွဲ့ အနေဖြင့် ၂၀၀၀ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ အစီရင်ခံစာ ၁၀ ခု ထုတ်ဝေခဲ့သည်။

ထို့အပြင် WLB အဖွဲ့ဝင် အမျိုးသမီးများ အနေဖြင့်လည်း မိမိတို့ ဒေသရှိ အမျိုးသမီးများအား နအဖ စစ်တပ်၏ ရာဇဝတ်မှု မြောက်သည့် လူ့အခွင့် အရေး ချိုးဖောက်ကျူးလွန်မှုများ၊ အမျိုးသမီးများကို လိင်ဖျော်ဖြေမှုအဖြစ် အသုံးချမှုများ ပပျောက်သွားစေရန် သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာချက်များနှင့် အစီရင်ခံစာတချို့ ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် သမိုင်းတလျှောက် ဖြစ်ပေါ်ခဲ့့သော ကျား၊ မ ဆိုင်ရာ ခွဲခြားဆက်ဆံမှု တခုတည်းသာမကဘဲ တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် စစ်တပ်အုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံ၏ အဆင့်တိုင်း၊ နေရာတိုင်းတွင် အကြမ်းဖက်မှုများကို ရင်ဆိုင်နေကြရသည်။

အထူးသဖြင့် တိုင်းရင်းသား နယ်မြေဒေသများတွင် စစ်အစိုးရတပ်မှ အာဏာရှိသူများက အကြမ်းဖက်မှုများကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် လုပ်ရိုးလုပ်စဉ်ပမာ ကျူးလွန်လေ့ရှိရာ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အဓမ္မ ပြုကျင့်မှုများကို လူ့အခွင့်အရေး အစီရင်ခံစာများ၊ ထုတ်ပြန် ကြေညာချက်များမှ တဆင့် အထောက်အထားများစွာ တွေ့ရှိနိုင်ပေသည်။

၎င်းအခြေအနေများအပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင် ပြည်ပအခြေစိုက် အဖွဲ့အစည်းများကို ထိုအမှုကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားခြင်း မပြုရန် ခြိမ်းခြောက်မှုတချို့ ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ၎င်းတို့ ၏ လက်ကိုင်တုတ် အဖွဲ့အစည်းများ အာဏာတည်မြဲသရွေ့ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘဝလုံခြံုမှုနှင့် အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးနိုင်မှုမှာ အတိုင်းအတာ တခုအထိ ထိရောက်နိုင်မည် မဟုတ်ပေ။