သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ (သို့) ယဉ်ကျေးမှု ဟူသည်

သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ (သို့) ယဉ်ကျေးမှု ဟူသည်
by -
အာကာ

အာကာ - မိုးတဖွဲဖွဲ ရွာနေတဲ့ နံနက် ရ နာရီကျော်က တည်းက ရွာသူ ရွာသားတွေနဲ့ ကျောင်းသူ ကျောင်း သား တထောင်ကျော်ဟာ မိမိတို့ရဲ့ ယဉ်ကျေးမှု ဝတ်စုံများကို ကိုယ်စီ ဝတ်ဆင်ပြီး ဝင်းကရွာရဲ့စေတီ အနီးကို တဖွဲဖွဲ စုရုံးလာခဲ့ကြပါတယ်။

Ship-1ဝါးလုံးတွေနဲ့ ဆောက်ထားတဲ့ သဘောင်္ပေါ်မှာ မိုးစိုခံထားရတဲ့ တံခွန် ကုက္ကားတွေနဲ့ အလံတိုင်တွေနဲ့အတူ သဘောင်္အတွင်းမှာတော့ တော်သလင်းလပြည့်နေ့က ဆွမ်းတင်ထားတဲ့ မုန့်ပဲ ချိုချဉ် ဘောဇဉ်တွေကို တွေ့ရပြီး သူတို့ဟာ ဗုဒ္ဓဂါယာစေတီ အနီးက ဒီဝါးသဘောင်္ကို စံခလယ် ရေပြင်ကျယ်ချောင်းထဲ ဆွဲချဖို့အတွက် ရောက်လာခြင်း ဖြစ်ပါတယ်။

တော်သလင်းလပြည့်နေ့ အာရုံတက်ချိန်က သူတို့ဟာ မိုးဖွဲဖွဲရွာနေတဲ့ ကြားကပဲ စေတီရှေ့ ရင်ပြင်မှာ “သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ (သို့) ဆွမ်းတော်တတောင်တင်ပွဲ” ကို ကျင်းပခဲ့ကြပါတယ်။ဆွမ်းတော် တင်ပြီးတဲ့နောက်မှာတော့့ သင်္ဘောကို ရေချတာဟာ ဘေးအန္တရာယ် ကင်းရှင်းပြီးယတြာချေ တဲ့သဘော သက်ရောက်တယ်လို့ မွန်လူမျိုးအချို့က ယုံကြည်ကြပါတယ်။

အရှည် ပေသုံးဆယ်ကျော်တဲ့ ဒီဝါးသဘောင်္ကို ဆောက်ဖို့အတွက် သုံးရက်အချိန်ယူရပြီး ဝါးအလုံးပေါင်း တထောင်ကျော်ကို အသုံးပြုခဲ့ရတယ်လို့ ဆောက်လုပ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်ဂျပန်က ပြောပါတယ်။

နောက်ခံရွာ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်မှာ ရှိတဲ့ ဝင်းကရွာဟာ ကန်ချပူရီခရိုင် စံခလပူရီမြို့ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ မြို့ကို စံခလယ်ချောင်းက ထိုင်းဘက်ကမ်းနှင့် မွန်ဘက်ကမ်း နှစ်ပိုင်း ခြားထားပြီး မွန်ဘက်ကမ်းကို ဝင်းကရွာလို့ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစအချိန်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်လာကြတဲ့ဝင်းကဆရာတော် ဘုရားကြီးနဲ့ မြန်မာနိုင်ငံအောက်ပိုင်းက အိမ်ထောင်စု ၆ဝ လောက် ရှိတဲ့ မွန်လူမျိုးတွေက ဝင်းကရွာဟောင်းကို တည်ခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ် ထွန်ဖာဖွန် ရေကာတာ ဆောက်တဲ့ အချိန်မှာတော့ ရွာဟောင်း ရေမြုပ်ပြီး သူတို့ဟာ အခုရွာသစ်ကို ပြောင်းလာခဲ့ကြပါတယ်။

ရွာသစ်နဲ့ ရွာဟောင်းကတော့ ၁ ကီလိုမီတာ လောက်သာ ဝေးပါလိမ့်မယ်။ ရေကာတာကြောင့် ရွာဟောင်းကတော့ အခု ရေထဲမှာ လုံးလုံးနစ်ခဲ့ရသလို သမိုင်းမှတ်တမ်း အချို့အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝ ကျော် ဟံသာဝတီ မင်းနေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့တဲ့ မွန်လူမျိုးတွေ တည်ခဲ့တဲ့ ဘုရားသုံးဆူ စေတီဟောင်းလည်း ရေမြှုပ်သင်္ဂြိုဟ်ခံလိုက်ရပါတယ်။Ship2
ရေကာတာ ဆောက်ပြီးတဲ့ နောက်မှာ ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ခြားထားတဲ့ စံခလယ်ချောင်း ကျဉ်းဟာ လည်း ချောင်းပြင်ကျယ်ချောင်း ဖြစ်လာခဲ့ရပါတယ်။ ရွာသားတွေရဲ့ သွားလာရေး အခက်အခဲကို ဖြေရှင်းပေးဖို့အတွက် ဝင်းကဆရာတော်ဘုရား ဘဒ္ဒန္တဥတ္တမ မဟာထေရ် ဦးဆောင်မှုနဲ့ မီတာ ၄၅၀ လောက် ရှည်တဲ့ သစ်သားမြစ်ကူးတံတားကို ၁၉၈၄ ခုနှစ်မှာ ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီတံတားဟာ ထိုင်းနိုင်ငံမှာ အရှည်ဆုံး သစ်သားမြစ်ကူးတံတားတစင်း ဖြစ်ပါတယ်။

သဘာဝတောတောင် ရှုခင်း ပေါများပြီး အပန်းဖြေရာ နေရာတခု ဖြစ်တဲ့ ဒီဒေသကို ထိုင်းနိုင်ငံသားများနဲ့ နိုင်ငံခြားသားတွေ နေ့စဉ်လိုလို လာရောက်လည်ပတ်လေ့ ရှိပြီး နွေရာသီမှာတော့ ဧည့်သည်တွေ ပိုများပါတယ်။

တံတား၊ ရွာဟောင်း၊ စေတီနဲ့ စံခလယ်ချောင်းတွေဟာ ဖောင်အိမ်ငှားခြင်း၊ မွန်နဲ့ မြန်မာလက်မှုပညာ ပရိဘောဂများ ရောင်းချခြင်း စတာတွေနဲ့ ဒီဒေသရဲ့ စီးပွားရေးလုပ်ငန်းကို အထောက်အကူ ဖြစ်စေပါတယ်။

ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်ပြီး မြန်မာနိုင်ငံက မွန်တိုင်းရင်းသားတွေ တည်ခဲ့တဲ့ ဒီရွာမှာ မွန်ယဉ်ကျေးမှု ဖြစ်တဲ့ သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ အပါအဝင် ညောင်ရေသွန်းပွဲ၊ ထမင်းနဲပွဲ၊ သင်္ကြန်ပွဲ စတဲ့အငွေ့အသက် တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ ထိုင်းနဲ့ မတူတဲ့ အချက်ကတော့ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံသူတွေလို ထမီဝတ်ကြတာပဲ ဖြစ်ပါတယ်။ သောကြာနေ့တိုင်းမှာ ကျောင်းသူ ကျောင်းသားတွေကို မွန်ရိုးရာဝတ်စုံနဲ့ မြင်တွေ့နိုင်ပါတယ်။

သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ နောက်ခံ

သမိုင်းအဆိုအရ သာသနာသက္ကရာဇ် ၉၅၆ ခု (အေဒီ ၄၁၃) တွင် ပိဋကတ် သုံးပုံနှင့် အဋ္ဌကထာများကို ရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ်ပြည်မှ သုဝဏ္ဏဘူမိ သထုံပြည်သို့ သင်္ဘောဖြင့် ပင့်ဆောင်လာခဲ့သည်ကို အစွဲပြုပြီး တော်သလင်းလပြည့်နေ့တိုင်း သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲကို မွန်လူမျိုးများက အစဉ်အလာတခုအဖြစ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အခြားအဆိုတခုကမူ သာသနာတော် သန့်ရှင်းရေးအတွက် သီဟိုဠ်ပြည်သို့ ဓမ္မစေတီမင်း စေလွှတ်ခဲ့သည့် စိတ္တရဒူတနှင့် ရာမဒူတ သင်္ဘော ၂ စင်းအနက် တစင်းသာ ဟံသာဝတီသို့ ပြန်လည်ရောက်ခဲ့ပြီးကမ်းပျောက်နေ သည့် ရာမဒူတသင်္ဘောကို ဘေးမသီ ရန်မခ ပြန်ရောက်ရန် ရည်ရွယ်ပြီး ဆွမ်း ပန်းမာလ် သစ်သီဝလံများဖြင့် ပူဇော်ကာ သာသနာ သက္ကရာဇ် ၁၀၁၉ -၂၀ ခုနှစ် (အေဒီ ၆၀၆) ခန့်က စတင်ကျင်းပလာခဲ့သည့် ဓလေ့ဟု ဆိုသည်။

ယဉ်ကျေးမှု ဟူသည်

အောက်တွင် ကားဘီးခံထားသည့် သင်္ဘောကို မြစ်ဆိပ်သို့ ရှည်လျားသည့် ကြိုးတန်းဖြင့် လက်ဝဲလက်ယာနှစ် ဘက်နှစ်ချက် ဆွဲခေါ်သွားလေပြီ။ ကုန်းဆင်းတွင် သင်္ဘောကို ထိန်းရန်အတွက် နောက်ဘက်တွင်လည်း ကြိုးတန်းရှည် ကိုင်သူများ ရှိသည်။ အိုးစည်ဗုံမောင်းနှင့် အကအဖွဲ့က ရှေ့ဆုံး။
Ship3
အချို့မှအပ အားလုံးလိုလိုက ပျော်ရွှင်နေကြသည်။ “ဖောင်ကို ရေထဲမျှောတာဟာ ကိုယ့်မှာ ရှိတဲ့ဘေးအန္တရာယ် အားလုံးကို ဖောင်ပေါ်တင်ပြီး မျှောလိုက်တာနဲ့ အတူတူပဲ” ဟု သက်ကြီးရွယ် အမျိုးသမီးတဦးက ပြောသည်။ သူ့ယုံကြည်ချက်နဲ့သူ။

“ဒီလို ခဏလောက် ပျော်ဖို့ ပိုက်ဆံတွေ အများကြီး ဖြုန်းလိုက်တာပဲ။ အကျိုးမရှိဘူးလို့ ကျနော်မပြောလို ပါဘူး။ ကိုယ့်ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းတာ ကျနော် လက်ခံပါတယ်။ ထိုက်သင့်သလောက် လုပ်ရင် ရရက်သားနဲ့။ အခုတော့ ငါးတွေပဲ ဝကြမယ်” ဟု အသက် ၄၀ ခန့်ရှိ လူရွယ်တဦးက ပြောသည်။ သူ့တွက်ဆချက်နှင့်သူ။

တံခွန် ကုက္ကား အလံနှင့် မုန့်ပဲ ချိုချဉ် ဘောဇဉ်များကို တင်ဆောင်ထားသည့် ဝါးသင်္ဘောကိိုု ထိုင်းရေတပ်မှ ရေယာဉ်တစီးက မြစ်လယ်သို့ ဆွဲခေါ်သွားစဉ်။

တံခွန် ကုက္ကား အလံနှင့် မုန့်ပဲ ချိုချဉ် ဘောဇဉ်များကို တင်ဆောင်ထားသည့် ဝါးသင်္ဘောက မြစ်ဆိပ်သို့ ရောက်ပေပြီ။ ထိုင်းရေတပ်မှ ရေယာဉ်တစီးက သင်္ဘောကို မြစ်လယ်သို့ ဆွဲခေါ်သွားပြီး လွှတ်လိုက်လေပြီ။ သင်္ဘောက ညင်သာစွာ စီးနေသည့် စံခလယ်မြစ်ကျယ် ရေလျဉ်ကြောတွင် တရွေ့ရွေ့ မျောပါလျက်။

သူတို့က မည်သို့ ခံစားကြရသည် မသိ။ “ဘေးဥပါဒ် အန္တရာယ်များကို မျှောချလိုက်လေပြီ” သို့တည်းမဟုတ် “ငွေများကို မျှောချလိုက်ပြီ” ဟု တွက်ဆခံစားနေကြလိမ့်မည်တည်း။

Most read this week