၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်ခဲ့စဉ်အချိန်က အသက် ၁၇ နှစ်သာရှိသေးတဲ့ ကိုမွန်ချမ်းတယောက် မဲပေးဖို့ အသက်မပြည့်ခဲ့လို့ ဆန္ဒမဲ မပေးခဲ့ရ.....
၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်ခဲ့စဉ်အချိန်က အသက် ၁၇ နှစ်သာရှိသေးတဲ့ ကိုမွန်ချမ်းတယောက် မဲပေးဖို့အသက်မပြည့်ခဲ့လို့ ဆန္ဒမဲ မပေးခဲ့ရပါဘူး။
တိုက်တိုက်ဆိုင်ဆိုင် မဲပေးရမယ့်နေ့မတိုင်ခင် တရက်အလိုမှာ ၀မ်းရောဂါကြောင့် အိပ်ရာထဲ လဲနေခဲ့တဲ့ မိခင်ကို သူတို့နေထိုင်ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစု မိခင်ကို မဲပေးရန် အိမ်တိုင်ယာရောက် လာရောက်ခေါ်ငင် ခဲ့ကြပေမဲ့ ထို့နေ့က မိခင်ဖြစ်သူ မဲရုံကို ခြေလှမ်းပင် မလှည့်နိုင်ခဲ့ပါ။
ယခုဆိုလျင် အနှစ် (၂၀) လွန်လာခဲ့ပါပြီ။ မိခင်ဖြစ်သူလည်း တမလွန်ကို ကူးပြောင်းသွားခဲ့ပြီးဖြစ်သလို ကိုမွန်ချမ်းလည်း မဲပေးဖို့ရန် အသက် အရွယ်ပြည့်မီခဲ့ပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူ့ဘ၀အတွက် ပထမဦးဆုံး အကြိမ် မဲပေးရမှာ ဖြစ်တာမို့ စိတ်လှုပ်ရှားမိတာ မထူးဆန်းသလို၊ ထိုနှစ်က မဲမပေးနိုင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ဖြစ်အင်ကြောင့် ဒီနှစ်ရွေးကောက်ပွဲဟာ သူ့အတွက် အသစ်တဖန် အမှတ်ရစေတာအမှန်ပါ။
“တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ မဲမထည့်ခင် ညမှာ ကျနော့်အမေ နေမကောင်း ဖြစ်တယ်၊ အဲဒီရောဂါနဲ့ပဲ နောက်နှစ်နှစ်မှာ ကျနော့်အမေ ဆုံးခဲ့တယ်၊ အခုဆို (၁၈) နှစ်လောက် ရှိပြီ။ ။ ကိုးဆယ်တုန်းက ရွေးကောက်ပွဲဟာ ကျနော့်အတွက် အမှတ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်” လို့ ကိုချမ်းမွန်က ပြောတယ်။
ရေးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ မွေးဖွားလာတဲ့ သူဖြစ်ပေမဲ့ လာမယ့် ရွေးကောက်ပွဲအကြောင်းနဲ့ ပတ်သက်လို့ မလွတ်လပ်ဘူး၊ တရားမျှတမှုမရှိဘူးလို့ ပြည်တွင်း၊ ပြည်ပ လူတွေရဲ့ ဝေဖန်သံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတာကြောင့်၊ ရွေးကောက်ပွဲမှာ မဲပေးသင့်၊ မပေးသင့်၊ ဘယ်ပါတီကိုမဲပေးသင့်တယ် စတဲ့ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပြောဆိုသံတွေအပေါ် သူ သဲကွဲစွာ ဆင်ခြင် တွေးခေါ် နိုင်သလို၊ ဇဝေ ဇ၀ါ ဖြစ်မနေပေ။
၉၀-ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်သူတွေက နိုင်ငံရေး အသိတရား နည်းပါးကြပေမဲ့ ဒီမိုကရေစီ အစိုးရ ပေါ်လာမှာပဲဆိုတဲ့ ရည်ရွယ် ချက်နဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားခဲ့ကြတယ်လို့ ရှေ့နောက်မှီ လူကြီးများက ဆိုသည်။
ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူတွေက မခံစားခဲ့ကြပါဘူး။ ရွေးကောက်ပွဲရလဒ် ပေါ်လာပြီး မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲက သူတို့ကို သင်ခန်းစာ ပေးခဲ့လေတော့ “ခဲမှန်ဘူးတဲ့ စာသူငယ်” လို “တခါသေဘူး ပျဉ်ဖိုး နားလည်” ခဲ့ပြီမို့ လာမဲ့ရွေးကောက်ပွဲဟာလည်း မုသာဝါဒနဲ့ပြည့်နေတဲ့ ရွေးကောက်ပွဲလို့ပဲ ဒေသခံလူတွေက မှတ်ယူနေလောက်ပါပြီ။
မွန်ပြည်နယ်မှာ မြို့နယ်စုစုပေါင်း ၁၀ ခုရှိပါတယ်။ ဒီ ၁၀-မြို့နယ်ကို မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်ဆိုပြီး ခရိုင် ၂- ခု ခွဲထားပါတယ်။ မော်လမြိုင်ခရိုင်မှာတော့ မော်လမြိုင်မြို့နယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တို့ ဖြစ်ကြပြီး၊ သထုံခရိုင်မှာတော့ ပေါင်မြို့နယ်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့ ပါဝင်ကြပါတယ်။ သံလွင်မြစ် ခြားထားတဲ့ ဒီခရိုင် ၂-ခုကို မြန်မာပြည်မှာ အရှည်ဆုံး တံတားဖြစ်တဲ့ သံလွင်မြစ်ကူး တံတားနဲ့ ပေါင်းကူးထားပါတယ်။
၉၀-ခုနှစ် ရွေးကောက်ပွဲတုံးက မွန်ပြည်နယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ် ၄- ခုမှာ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့မဲဆန္ဒနယ်အားလုံးမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၊ ယခင် ၉၀- ခုနှစ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ ပါတီပေါင်း ၆- ခုက မွန်ပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ကြဖို့ ပြင်ဆင်နေကြပါတယ်။
ဒီပါတီ ၆- ခုမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (မွန်ပါတီ) နဲ့ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ (ကရင်ပါတီ) တို့ဟာ တိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကရင်ပါတီက ကရင်ပြည်နယ်ကိုသာ အားထားပြီး မွန်ပြည်နယ်မှာတော့ ကျိုက်မရော မြို့နယ် တစ်ခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ မွန်ပါတီကတော့ မော်လမြိုင်ခရိုင် ၆- မြို့နယ်နဲ့ သထုံခရိုင် ပေါင် မြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။
ရုပ်ဝတ္ထုအင်အား အကြီးဆုံးလို့ လူအများ ယုံကြည်နေကြတဲ့ပါတီကတော့ ကြံ့ဖွံ့ပါတီဖြစ်ပြီး၊ ဒုတိယနေရာလိုက်နေတာကတော့ ယခင် ၉၀ ခုနှစ်ရွေးကောက်ပွဲတုံးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဘူး တစညပါတီ ဖြစ်ပါတယ်။ ဒီပါတီ ၂- ခုစလုံးဟာ မွန်ပြည်နယ်ရဲ့ မဲဆန္ဒ နယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့က မဲဆန္ဒနယ် အနည်းငယ်မှာသာ ယှဉ်ပြိုင်ကြမှာပါ။
တတိယ အင်အားအကြီးဆုံး နိုင်ငံရေးပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဖြစ်ပါတယ်။ “တနိုင်ငံလုံးမှာတော့ ကြံ့ဖွံ့ပါတီ အနိုင်ရမှာပါ။ ဒါပေမဲ့ မွန်ပြည်နယ်မှာတော့ ကျနော်တို့ပါတီ အနိုင်ရမှာပါ၊ ကြံ့ဖွံ့ပါတီမှာ အခွင့်အရေးတွေ အများကြီးရှိတယ်။ တရား မျှတမှု မရှိဘူး ဆိုတာလည်း ကျနော်တို့ သိတယ်။ ဒါပေမဲ့ ကျနော်တို့ မမှုဘူး” လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောတယ်။
မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ရွေးကောက်ပွဲ ဝင်တာနဲ့ပတ်သက်လို့ ဖိအားပေး ဝေဖန် အခံရဆုံးပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဖြစ်ပါတယ်။ မွန်ပါတီတွေထဲမှာ ရွေးကောက်ပွဲ မဝင်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုးသား ဒီမိုကရေစီ ပါတီက (၂၀၀၈) ဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ မရှိဘူးလို့ ထောက်ပြပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဖိအား ပေးခဲ့ကြပါတယ်။
ပြည်ပရောက် မွန်လူမျိုးတွေကတော့ လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ စစ်အစိုးရအဆက်ဆက်က ဝန်ထမ်းဘဝနဲ့ ရပ်တည်ခဲ့တဲ့ လူတွေက ဦးဆောင်နေတယ်။ ဝန်ထမ်းအများစုတွေရဲ့ ဘ၀မှန်က အထက်လူကြီးတွေပြောဆိုသမျှ မမှိတ်မသုန် ခေါင်းညိတ်လေ့ရှိသည့် အစီအလာရှိတဲ့အတိုင်း တကယ်လို့ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့တိုင် စစ်တပ်ကိုယ်စားလှယ်တွေ ပြောတဲ့အတိုင်း ဆက်လက်ခေါင်းညိတ်နေကြမှာ ဖြစ်ပြီး မွန်ပြည်သူတွေရဲ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ဒေသခံတွေ အကြား ဝေဖန်ပြောဆိုသံတွေလည်း ရှိနေပါတယ်။
ဒီလိုဝေဖန်ချက်ကို ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဝေဖန်ချက်သာ ဖြစ်ပြီး ဝမ်းနည်းမိကြောင်း အငြိမ်းစား အထက်မြန်မာပြည် အခြေခံ ပညာရေးဌာနက ညွှန်ကြားရေးမှူး နိုင်ငွေသိန်းက ယခုလို ပြောပါတယ်။
“ကျနော်တို့က နိုင်ငံရေးလုပ်ပြီဆိုတော့ ဒီလောက် ဝေဖန်တာကို ခံနိုင်ရည် ရှိရမှာပေါ့။ ဒါပေမယ့် မစဉ်းစား မဆင်ခြင်ပဲ ဝေဖန်တာက ရက်စက်လွန်းပါတယ်။ ကျနော်သာ စစ်အစိုးရအလိုကျ ခေါင်းညိတ်နေခဲ့မယ်ဆိုရင် ဒီလိုအဆင့်အတန်းနဲ့နေပြီး ဒီလိုအလုပ်ကို လုပ်မှာ မဟုတ်ဘူး” လို့ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း အဓိက ပြိုင်ဘက် ပါတီတွေဖြစ်ကြမယ့် ကြံ့ဖွံ့ပါတီ၊ တစည ပါတီနှင့် မွန်ပါတီတို့ ဖြစ်ကြပြီး ကြံ့ဖွံပါတီနဲ့ မွန်ပါတီ တွေက နိုင်ခြေအများဆုံး ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကြံ့ဖွံ့ပါတီကို စစ်အစိုးရက နောက်ခံပေးထားလို့ အခြားနိုင်ငံရေးပါတီတွေထက် စည်းရုံးရေး၊ ငွေရေးကြေးကအစ အဖက်ဖက်မှာ အသာစီးက ရနေပါတယ်။ လူကြိုက်မများပေမဲ့ ဒေသခံတွေအတွက် ရေးတွင်းတူးပေးတာ၊ လမ်းခင်း၊ ကျောင်းဆောက်၊ ဖုန်းလိုင်းတွေ ချပေးတာမျိုးတွေလုပ်နိုင်တော့ ကျန်တဲ့ပါတီတွေထက် မက်လုံးပေး စည်းရုံးရေးလုပ်နိုင်တာဖြစ်ပါတယ်။ တစညပါတီတော့ သူတို့ လောက် အင်အားမတောင့်တင်းပေမဲ့ ပါတီဟောင်းဖြစ်နေတာကြောင့် အတိုင်းအတာ တခုအရ အခြေခိုင်နေသည်။
မွန်လူမျိုးကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် မွန်ပါတီမှာတော့ ငွေအင်အား တောင့်တင်းမှု မရှိပေမဲ့ ဒေသခံ လူမျိုးစုကို အခြေပြုဖွဲ့စည်း ထားတာကြောင့် မွန်ပြည်နယ်အတွင်းတော့ ထင်ရှားတဲ့ပါတီဖြစ်နေတဲ့အပြင် တခြားကျန်တဲ့ ပါတီတွေထက်စာရင် အင်အားရှိတယ်လို့ ယူဆနိုင်တယ်လို့ မော်လမြိုင်မြို့နေထိုင်သူ နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုလိုက်ပါတယ်။
မကြာသေးခင်ကပဲ ရွေးကောက်ပွဲက ဆန္ဒမဲတွေကို ထည့်မယ့် မဲပုံးတွေကို ပြည်နယ် အသီးသီးတွေဆီကို ရွေးကောက်ပွဲ ကော်မရှင်က ပို့နေပါပြီ။ လာမယ့် နိုင်ဝင်ဘာလ ၇ နေ့မှာဆိုရင် မွန်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ ရွေးကောက်ပွဲကို တပြိုင်နက် ကျင်းပကြ တော့မှာပါ။
၂၀၀၈-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်တွေကြောင့် ၉၀-ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီ အများစုက နိုဝင်ဘာ ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်ဘက် အုပ်ချုပ်ရေး ကနေ အရပ်ဘက် အုပ်ချုပ်ရေးကို ကူးပြောင်းရာမှာ လှေခါးထစ်တခု ဖြစ်တယ်လို့ ယူဆပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
မွန်ပြည်နယ်မှာ ရှိတဲ့ ပြည်သူအများစုကတော့ ရွေးကောက်ပွဲကို သိပ်စိတ်ဝင်စားပုံ မရကြပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်မယ့် အရိပ်အယောင်လည်း မတွေ့ရပါဘူး။ သူလိုငါလို မဲရုံကို သွားပြီး မဲထည့်ကြမှာပါ။ ဒီအထဲမှာ ကိုမွန်ချမ်းလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
“ကျနော်က အစိုးရ အခံရှိတဲ့ ကြံ့ဖွံ့ပါတီကိုလည်း မကြိုက်ဘူး၊ တစညပါတီကိုလည်း မကြိုက်ဘူး” လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က မဲပေးခွင့် မရခဲ့တဲ့ ကိုမွန်ချမ်းက ဒီရွေးကောက်ပွဲမှာ မဲထည့်ဖို့ဆုံးဖြတ်ထားပါပြီ။ ဒါပေမဲ့ နိုင်ငံရေးအကြောင်း အသေးစိတ် သူနားမလည် သလို၊ စိတ်ဝင်စားသူလည်း မဟုတ်ပါဘူး။ သူလိုချင်နေတာက အများပြည်သူတွေ တောင့်တနေတဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အေးအေး ချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့ပါပဲ။
ကြံ့ဖွံ့ပါတီ၊ တစညပါတီကို မကြိုက်တဲ့ ကိုမွန်ချမ်းက ကြံ့ဖွံ့ပါတီ၊ တစညပါတီနဲ့ မွန်ပါတီ သုံးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရေးမြို့နယ်မှာ မဲထည့်ရမယ်ဆိုရင်တော့ သူရွေးမယ့် ပါတီက မွန်ပါတီကလွဲပြီး ကျန်တာမရှိတော့ပါ။