သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ တခုတည်းသော ကုတင် ၁၆ ဆန့်၊ ခရိုင်ဆေးရုံတွင် လူနာနှင့် ကုတင် အရေအတွက် မမျှသည့်အတွက် လူနာများ အခက်တွေ့နေရ....
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ တခုတည်းသော ကုတင် ၁၆ ဆန့်၊ ခရိုင်ဆေးရုံတွင် လူနာနှင့် ကုတင် အရေအတွက် မမျှသည့်အတွက် လူနာများ အခက်တွေ့နေရသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ဆောက်လုပ်ခဲ့သည့် ထိုဆေးရုံကို ၂၀၀၆ ခုနှစ်ခန့်က စတင်ကာ ကုတင် ၁၀၀၀ ဆန့်အထိ ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း ယနေ့ထိတိုင် သတ်သတ်မှတ်မှတ် တိုးချဲ့ဆောင်များ မရှိသည့်အတွက် လက်ရှိလူနာဦးရေနှင့် မမျှဖြစ်နေရကြောင်း ယခင်ဆေးရုံတာဝန်ကျ ဆရာဝန်များနှင့် ဒေသခံများက ဆိုသည်။
“လက်ရှိက ဆေးရုံမှာ လူနာ ၆၀ ကျော်လောက်ရှိတယ်။ ဆေးရုံနဲ့ လူနာမမျှဘူးဖြစ်နေပါတယ်။ ဆေးမရှိ တာကလည်း တကြောင်းပေါ့” ဟု ခရိုင်ဆေးရုံတွင် တာဝန်ကျခဲ့ဖူးသည့် ဆရာဝန်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မူဆယ်ဒေသခံတဦးမှလည်း “မူဆယ်ဆေးရုံမှာ ကုတင် ၁၀၀ ဆန့်လို့ သတ်မှတ်လိုက်ပေမဲ့ ဟိုတုန်းက အဆောက်အဦးအတိုင်းပဲ။ ကုတင် ၁၀၀ ဆန့်အောင် ဟိုဟာလေးချဲ့ဆောက်လိုက်၊ ဒီဟာလေး ချဲ့ဆောက်လိုက် ပေမဲ့ တိတိကျကျ စံချိန်မှီ ကုတင် ၁၀၀ ဆန့်မဟုတ်ဘူးဗျ” ဟု ဆိုသည်။
ကုတင်အရေတွက်နှင့် လူနာမဆန့်သည့်အတွက် ယခင်ခွဲစိတ်ခန်းနှင့် သားဖွားဆောင်တို့တွင် လူနာများအတွက် အဆင်ပြေသလို တိုးချဲ့ဆောင် ပြုလုပ်နေရကြောင်းလည်း ထိုသူက ပြောသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စီးပွားရေး အချက်အခြာကျသော မူဆယ်မြို့ တွင် ယခု အခါ လူဦးရေ သုံးသိန်းကျော်အထိရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။
လတ်တလော မူဆယ်ဆေးရုံတွင် ဆရာဝန်များအပါအဝင်၊ သူနာပြုဆရာမများနှင့် ဆေးရုံဝန်ထမ်း စုစုပေါင်း ၁၀၀ ခန့်ရှိပြီး၊ သွားအထူးကု ဆရာဝန်ပင်လျှင် ၆ ဦးနှင့် အထူးကုဆရာဝန် ၄ ဦးရှိသည်။ သို့သော် ထိုဆေးရုံမှ ဆရာဝန် အများစုသည် ပြင်ပဆေးခန်းဖွင့်သူများသည်။
“အပြင်ဆေးခန်းမှာ ကျနော့် လူနာ ၃၀ ရှိတယ်။ တကယ်တန်း ဆေးရုံမှာက လူနာ ၆ ယောက်ပဲ ရှိတယ်” ဟု လက်ရှိဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူ ဆရာဝန်တဦးက ဆိုသည်။
ဒေသခံများက တခုတည်းသော ခရိုင်ဆေးရုံကို အားကိုးမှီခိုနေရသော်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူစဉ်နှင့် ခွဲစိတ်သည့်အခါတွင် ထိုးဆေး၊ သောက်ဆေးများကို ပြင်ပတွင် ၀ယ်ယူနေရသည့်အတွက် ပြင်ပဆေးခန်းကိုသာ ပိုမိုအားထားနေကြသည်။
“ဆရာဝန်တွေရှိပေမဲ့၊ ဆေးမလုံလောက်မှု၊ နေရာအခက်အခဲတွေကြောင့် မူဆယ်က လူနာတွေ အရေးကြံုရင် မန္တလေးကို ဆင်းကုကြတာများတယ်။ ကုန်သည်တွေများတဲ့ မူဆယ်မှာတော့ အစိုးရ ဆေးရုံထက်၊ ပြင်ပ ဆေးခန်းကို ပြေးကြတာများတယ်” ဟု တရုတ်-မြန်မာ နယ်စပ်နေထိုင်သူ ဒေသခံတဦးကဆိုသည်။
ထိုသူက “တရုတ်ပြည်ဘက်ကိုတော့ သွားကုတဲ့သူရှားတယ်။ ခွဲစိတ်ခ ကျပ် ၁၀ သိန်းလောက် အနဲဆုံးကုန်တယ်။ သာမန်ဆေးခန်းပြတာတောင် ၃ သိန်းကျော်ကုန်တယ်။ အစိုးရ ဆေးရုံကို အားကိုးချင်ကြပေမဲ့ အခြေအနေက အတော်ခက်တယ်” ဟု ပြောသည်။
မူဆယ်မြို့သည် ရွှေလီမြစ်ပေါ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ရွှေလီမြို့ကို တံတားဖြင့် ဆက်သွယ်ထားသည်။
မူဆယ်ခရိုင်ဆေးရုံတွင် တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ကူးစက်ရောဂါများ ဖြစ်ပေါ်လာပါက အရေးပေါ်လူနာများ သီးသန့် ခွဲထားရန်ပင် အခက်အခဲ ရှိနေသည်။
“ကူးစက်ရောဂါတွေ အတွက် ပြင်ထားတာတော့ရှိတယ်။ အဆောက်အဦး အားနည်းချက်ဖြစ်နေတာ နှစ်နိုင်ငံ နယ်စပ် မှာ ကူးစက်ရောဂါတွေ ဖြစ်လာရင် လူနာတွေ သီးသန့်ခွဲထားရမဲ့ အဆောင်မရှိဘူး။ ဟိုနားဆောက် ဒီနားဆောက်ဆို တော့ လူနေအိမ်တွေနားမှာပဲ ဖြစ်နေတယ်” ဟု ဆိုသည်။
ဒေသခံများအနေဖြင့် ကြက်ငှက်တုတ်ကွေး၊ ၀က်တုတ်ကွေးနှင့် သွေးလွန်တုတ်ကွေး စသည့် ကူးစက်ရောဂါများ နယ်စပ်လမ်းကြောင်းများမှတဆင့် ပြန့်ပွားလာမည့် အရေးကိုလည်း စိုးရိမ်နေကြရသည်။
ကျန်းမာရေးဌာနမှ ဒုဝန်ကြီးနှင့် ညွှန်ချုပ်များ မူဆယ်ဆေးရုံသို့ မကြာခဏ လာရောက်လေ့ရှိသော်လည်း ယနေ့ အထိ ဆေးရုံ ဆောက်လုပ်ပေးခြင်း မရှိကြောင်း သိရသည်။ နိုင်ငံတော်အတွက် အခွန်ငွေ အမြောက်အများ ထည့်ဝင်နေရသည့် မူဆယ်ဒေသခံများကမူ အခြေခံ လူထုကျန်းမာရေးကို လျစ်လျူရှုထားသည့် အာဏာပိုင်များ အပေါ် နားမလည်နိုင် ဖြစ်နေရသည်ဟု ဆိုသည်။
သို့သော် မကြာသေးမှီက ထိုမူဆယ်ဆေးရုံ အဆောက်အဦးကို ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ၂ ထပ် အဆောက် အဦး တခု ဆောက်လုပ်ရန် အာဏာပိုင်များက စိုင်းပြင်းနေကြသည်။ ထိုအဆောက်အဦးကို ဒေသခံများထံမှ ကောက်ခံထားသည့် ငွေကြေးဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ဖြစ်စေချင်တာက မူဆယ်ဟာ အစိုးရအတွက် အခွန်တွေ အများကြီးထည့်ပေးနေရလို့ ကျပ်သိန်း ၄၊ ၅ ထောင် ဆိုတဲ့ငွေ က ဘာမှမပြောပလောက်ဘူး။ ဒါကိုမှ ချမပေးတော့ ကျနော်တို့လည်း နားမလည်တော့ဘူး” ဟု ဒေသခံ တဦးက ဆို သည်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၏ လစာ၊ စားစရိတ်နှင့် ဆေးဝါးများ အထိုက် အလျောက် ထောက်ပ့ံပေးသော်လည်း လက်ရှိမူဆယ်မြို့ ခရိုင်ဆေးရုံအတွင်း အသုံးပြုနေသည့် ဆေးဝါးနှင့် ဆေးရုံအထောက်အကူပြုကိရိယာများကိုမူ ပုဂ္ဂလိက အလှူရှင်များ အပေါ်တွင် မှီခိုနေရသည်။