နံနက်စောစော ကြက်တွန်သံကြားတော့ ထုံးစံအတိုင်း ပေါက်တူးတလက်ထမ်းပြီး စပါးပျိုးကြဲထားတဲ့ လယ်ကွင်းတွေဆီ ဆင်းဖို့ ပြင်ဆင်နေတုန်း မိုးစက်၊ မိုးပေါက်တွေ ကျလာလေမလားလို့ ခေတ္တစောင့်မျှော်နေတဲ့ အခိုက်အတန့်မှာ အရှေ့အရပ်ဆီက နေမင်းက တရိပ်ရိပ်နဲ့ ပြူထွက်လာတာ တွေ့လိုက်တော့ ဒီကနေ့အတွက် ရင်မော ရပြန်သည်။
မိုးစပါးစိုက်ပျိုးဖို့ မိုးမရှိရင် မဖြစ်ချေ။ မိုးမရွာတော့ မကြာသေးခင်က ကြဲထားခဲ့တဲ့ ပျိုးစပါးပင်ပေါက်လေးတွေက ကျိုးတိုးကျဲတဲနဲ့ အပင်ပေါက်နေတာတွေကိုကြည့်ပြီး နောက်ထပ်တခါ ပျိုးစပါး ထပ်ကြဲရအုံးမည်ဟု ကရင်ပြည်နယ်က လယ်သမားတဦးက လက်ရှိတွေ့ကြံုနေရတဲ့ အခက်အခဲတွေကို ညည်းညူပြောဆိုသည်။
“ဒုက္ခလှလှတော့ ရောက်နေပါပြီ။ မျိုးတွေကြဲထားတယ်။ မျိုးတွေပျိုးထားတာတွေတော့့ မကုန်တကုန်ပါပဲ။ မိုးသာ ဆက်မရွာဘဲ ဒီအတိုင်းသာ ခြောက်ကပ်ကပ်ဖြစ်နေရင် ကုန်မှာပဲ။ သေကုန်မှာပဲ။ မရှိက ရှိကတော့ ဒုက္ခရောက်အုံးမှာ။ အသစ််ပြန်ကြဲဖို့ ပြင်ရတော့မယ်” ဟု ပြောသည်။
အခုချိန်မှာတော့ ဘဝတူ လယ်သမားတွေ မိုးစပါးစိုက်ပျိုးဖို့အရေး၊ မိုးမျှော်နေရသည်။ ဒီနှစ် နွေဥတု ရှည်လျားကာ မိုးအရောက် နောက်ကျသည့်အပြင် မစို့မပို့ ရွာချ လိုက်သည့်မိုးကို အားပြုရင်း စပါးပျိုးပင်များ ယုံယုံကြည်ကြည် ကြဲချလိုက်ကြသည်။ မိုးဆက်မရွာတော့ ပျိုးပင်တွေ ခြောက်ကပ်ကာ ပျက်စီးကုန်သည်။
ယခင်နှစ်တွေက ခါသင်္ကြန်ကျပြီး မရှေးမနှောင်းမှာပင် မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အကြောင်းတွေကိုသာ အောက်မေ့ တမ်းတနေကြသည်။ ဒီနှစ်တော့ သင်္ကြန်သာပြီးဆုံးသွားသည်။ နေကျဲကျဲပူကာ မိုးအရိပ်အခြေ တစက်ကလေးမှ မမြင်တွေ့ခဲ့ရပါ။
မနှစ်က ဒီအချိန်ဆိုရင် လယ်သမားတွေ ကောက်စိုက်ပြီးချိန် ဖြစ်တဲ့အကြောင်းကိုလည်း လယ်သမားတွေက အခုလို အမှတ်တရ ပြောဆိုနေကြပြန်သည်။
“ခါတိုင်းနှစ်ဆို ဒီအချိန် ကောက်စိုက်လို့တောင် ပြီးကုန်ပြီလေ။ ဒီနှစ်တော့ မိုးကလည်းမဆက်၊ မျိုးကလည်းသေ၊ နှစ်ခါပြန်လုပ်ရတယ်” ဟု ရင်လေးသည့် စကားသံဖြင့် ဆိုသည်။
တရိပ်ရိပ်တက်လာနေတဲ့ ကုန်စျေးနှုန်းနဲ့အပြိုင်၊ လယ်ယာသုံး ကိရိယာတွေ၊ စပါးပျိုးပင်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စတဲ့ စျေးနှုန်းတွေကို စျေးကြီးပေး ၀ယ်ယူ သုံးစွဲ နေရလို့ လယ်သမားတွေအဖို့ အမြတ်မကျန်တဲ့အပြင် တနှစ်စာ ၀မ်းစာကို အလျင်မီအောင် ကြိုးစား ရုန်းကန်နေရရှာသည်။
ယခင်နှစ်တွေက လယ်တဧက ပျမ်းမျှကုန်ကျစရိတ် စုစုပေါင်း ကျပ် ၃ သိန်းခန့်ရှိသည်။ ယခုနှစ်တွင် ထိုထက်မက ကုန်ကျစရိတ် တက်လာဖွယ်ရှိကြောင်း လယ် ၂ ဧက လုပ်ကိုင်နေသည့် လယ်သမားတဦးက အခုလို ပြောသည်။
“ကျနော့်မှာ လယ်များများတော့မရှိဘူး။ ၂ ဧကခွဲပဲလုပ်နေတာ။ အဲဒါကိုလုပ်တာ မနှစ်ကဆို ၅ သိန်းကျော် ၆ သိန်းနီးပါးကုန်ကျတယ်။ မနှစ်ကစျေးနှုန်းနဲ့ပေါ့။ ဒီနှစ်တော့ အဲဒီထက်များမှာက သေချာတယ်လေ။ ဘာလို့လဲဆိုတော့ ကုန်စျေးနှုန်းကြောင့်လေ” ဟု ဆိုသည်။
သူကဆက်၍ ပြောဆိုရာတွင် “အဲဒီလောက်ရင်းထားပြီးတော့ စပါးထွက်လာတာ တင်း ရ၀ ကျော်ကျော် ၈၀ နီးပါးလောက်ပဲထွက်တယ်။ ကျနော် လယ်လုပ်လာတာ မြတ်တယ် ဆိုတာ တခါမှမရှိဖူးဘူး။ စားရုံလောက်ပဲရတယ်။ လုပ်လိုက် စားလိုက်နဲ့ ကွက်တိဖြစ်နေတယ်” ဟု လည်း သူက ပြောသည်။
စပါးအထွက်နှုန်းနည်းသည့်အတွက် လယ်သမားအများစုက အမြတ်ငွေ မရကြသော်လည်း လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ခြင်း မရှိပါက ဒေသခံ အာဏာပိုင် များက ၎င်းတို့ လယ်မြေများကို လာရောက် သိမ်းယူမည်ကို စိုးရိမ်နေကြသည့်အတွက် ဆက်လက် လုပ်ကိုင်နေရကြောင်း သိရသည်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့တွင် နေထိုင်သူ ဒေသခံ အများစုသည် အဓိကအားဖြင့့်် ဘိုးဘွားပိုင် လယ်ယာလုပ်ငန်းနှင့် ခြံလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
ယခင်နှစ်က စပါးခင်းများကို စပါးဖျက်ပိုး၊ ကြွက်များ ၀င်ရောက်ဖျက်ဆီးခဲ့သည့်အပြင်၊ မိုးကြီးခဲ့ရာ အထွက်နှုန်း ခန့်မှန်းချေ သုံးပုံတပုံသာ ရှိခဲ့သည်။ ယခုနှစ် မိုးခေါင်သည့် အတွက် လယ်သမားများ စားဝတ်နေရေးအတွက် ယခင်နှစ်ကထက် ပိုမို အခက်အခဲ ဖြစ်လာနိုင်သည်။
မွန်ပြည်နယ်၊ မုဒုံမြို့ နေထိုင်သူ တောင်သူတဦးကမူ “ရင်လေးစရာပါပဲဗျာ…မနှစ်နွေမှာလည်း စပါးလျော့တာ မကုန်တကုန်နဲ့့ အခုမိုးလည်း နောက်ကျပြန်တော့ ဒီနှစ် လည်း ချောင်ပုံမပေါ်ဘူး။ လယ်သမားတွေ ထမင်းငတ်ကိန်း ဆိုက်နေပြီ” ဟု ဆိုသည်။
ရာသီဥတုကောင်းမွန်ပြီး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ ပုံမှန်အသုံးပြုနိုင်ပါက လယ်တဧကထွက်နှုန်းမှာ စပါးတင်း ၁၀၀ ခန့်အထိ ရှိကြောင်း လယ်ယာလုပ်ငန်း ကျွမ်းကျင်သူ တောင်သူများက ဆိုသည်။
လယ်ယာလုပ်ငန်းကိုသာ မှီခိုအားထားနေရပြီး၊ အခြား စီးပွားရေးလုပ်ငန်းမရှိသူ တောင်သူလယ်သမားများအဖို့ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းသည့်နှစ်များတွင် ငွေအတိုးချေးယူကာ တနိုင်တပိုင် လယ်ယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေကြရသည်။
၂၀၀၇ ခုနှစ်က၊ မွန်ပြည်နယ်တွင် လယ်ယာမြေဧက စုစုပေါင်း ၆ သိန်းကျော်ရှိရာမှ ၂၀၀၈ ခုနှစ်တွင်မူ ရ သိန်းကျော်အထိတိုးမြှင့်လာကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာဟောင်းတဦးက ပြောဆိုခဲ့ပြီး၊ ထိုနှစ်များအတွင်း စပါးအထွက်နှုန်းကိုလည်း မုဒုံမြို့နယ်တွင် တင်း ၆ သိန်း၊ သံဖြူဇရပ်မြို့နယ်တွင် တင်း ၂ သိန်း၊ ချောင်းဆုံ မြို့နယ်တွင် တင်း ၄ သိန်း၊ ကျိုက်မရောမြို့နယ်တွင် ၃ သိန်းနှင့် ရေးမြို့နယ်တွင် တင်း ၂ သိန်း၊ အသီးသီး လျာထား သတ်မှတ်ခဲ့သည်။
တနိုင်ငံလုံးအတိုင်းအတာအရ မြန်မာနို်င်ငံတွင် မိုးစပါး စိုက်ပျိုးမြေဧက ၁၆.၄၃၄ သန်းနှင့် နွေစပါးစိုက်ဧက ၃.၄ သန်း၊ စုစုပေါင်း စိုက်ပျိုးမြေဧက ၁၉ သန်းကျော် ရှိသည်။ ထို့အပြင် စပါးအထွက်နှုန်းမှာ တင်းပေါင်း ၁၅၀၀ သန်းရှိကြောင်း မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် ထုတ်ဝေသည့် အစိုးရပိုင် သတင်းစာတွင် ဆိုသည်။
အစိုးရ စီမံကိန်းများတိုးချဲ့လုပ်ဆောင်လာသည်နှင့်အမျှ တဖက်တွင် တောင်သူလယ်သမားများမှာ ထိုစီမံကိန်းများ ဖြစ်မြောက်အောင်မြင်ရေးအတွက် တနှစ်တွင် ၂ သီးစား၊ သုံးသီးစား စသည့် စိုက်ပျိုးရေးတို့ကို မဖြစ်မနေ လုပ်ဆောင်ရန် ဖိအားပေးခြင်း ခံနေရသည်။
၁၉၉၃ ခုနှစ်မှစတင်ကာ တနှစ်ပတ်လုံး၏ မိုးရာသီကာလတွင် နှစ်သီး စိုက်ပျိုးရန် မူဝါဒတခု ချမှတ်ခဲ့သည်။
သို့သော် တောင်သူလယ်သမားများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အရည်အသွေးပြည့်မီသည့် မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့် လယ်ယာသုံး ပစ္စည်းကိရိယာများကို အစိုးရအနေဖြင့် လုံလောက်စွာ ကူညီပံ့ပိုးပေးနိုင်ခြင်း မရှိသေးပေ။
ထို့အတွက် လယ်သမား အများစုသည် နှစ်စဉ် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းတို့မှ လယ်ယာလုပ်ငန်းအတွက် အတိုးနှုန်းဖြင့် ချေးယူသုံးစွဲထားသည့် ချေးငွေ အတိုးများ အကြား သံသရာလည်ကာ ရုန်းမထွက်နိုင်ကြသေးသည်မှာလည်း မြန်မာနိုင်ငံက လယ်သမားများအတွက် အထူးအဆန်းတော့ မဟုတ်ပေ။
“လယ်သမားတွေကို ချေးငွေထုတ်ပေးတယ် ဆိုတာကလည်း တဧကကို တသောင်း နှစ်သောင်းတဲ့။ အရင်းလုပ်ဖို့ နေနေသာသာ ဓာတ်မြေသြဇာ တအိတ်တောင် မရပါဘူး။ ဒါပေမယ့်လည်း လယ်သမားတွေက ဒါဟာ ကိုယ့်အလုပ်ပဲလေ မလုပ်လို့မှမရတာ မလုပ်ပြန်တော့လည်း လာသိမ်းသွားမှာ စိုးရိမ်နေရတယ်လေ” ဟု လယ်သမားအများစုက ဆိုသည်။
ထိုဒေသက လယ်သမားများအဖို့တော့ မိုးကိုမျှော်သည်။ မိုးရွာပါက ပျိုးပင်တွေ အညှောင့်ထွက်ကာ အပင်တွေ ပေါက်လာမည်။ သို့မှသာ စပါးပင်များကို လယ်ကွက် များတွင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်မည်။