ယနေ့သည် လကုန်ရက်ဖြစ်၏။
အမှုထမ်းများ အားလုံး ခံစားခွင့် လစာရရှိမည့်နေ့ ဖြစ်၏။ ယနေ့ လစာရရှိသော်လည်း မိမိတို့လစာကို မျှော့်လင့် စောင့်စားနေသူများ နည်းပါးလှသည်။ ကုံလုံကြွယ်ဝချမ်းသာ ပြည့်စုံလှ၍ မျှော့်လင့်မနေခြင်းလည်း မဟုတ်။ ယနေ့ခေတ်ကာလ၏ ကုန်စျေးနှုန်းနှင့် နပမ်းသတ်နေရသော သေမထူးရှင်မထူး သေကောင်ပေါင်းလဲ ဖြစ်၍ အသက် ၆၀ ပြည့်သည့်နေ့၊ အငြိမ်းစားပင်စင်ရယူမည့်နေ့ကို မျှော့်လင့်စောင့်စားရင်း အချိန်ကုန်လွန်စေခဲ့ ရသည့် ဆရာမှန်ကဲ့သို့ ကျောင်းအုပု်ကြီးများကား ဒုနှင်ဒေးပင် ရှိလိမ့်မည်။
“စိတ်ကုန်နေတာကြာလှပြီ။ ဝန်ထမ်းဘဝလည်း ကျေနပ်ပါပြီ။ ယခုလုပ်နေတာလဲ အနှစ်မရှိ၊ အကာသက်သက် ပါ။ အသက် ၆၀ ပြည့်တဲ့နေ့ဟာ လွတ်လပ်ခွင့်ရတဲ့နေပဲ”။
လကုန်ရက်အစည်းအဝေးတက်ရသည့် အခါတိုင်း ထက်၊ လယ် ကျောင်းအုပ်ကြီးများ၏ ညည်းတွားသံစဉ်များ ကာ မရိုးနိုင်ခဲ့ပါ။
“ဆင်းရဲလို့ ပညာရေးဝန်ထမ်း ဝင်လုပ်နေကြတာမှ မဟုတ်တာ။ ချမ်းသာလို့ လုပ်နေတာ။ ဘာဖြစ်လို့ ညည်းတွား နေတာလဲ။ ဝဋ်ကြွေးရှိခံပေါ့။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ တားမြစ်ထားတာလည်းမဟုတ်။ မလုပ်နိုင်က ထွက်၊ ဝင်ဖို့စောင့်မျှော့်နေသူတွေ ပြည့်လို့၊ သည်လိုမဟုတ်လား”။
ကျောင်းအုပ်ကြီး ဒေါ်ရွှေမှုံ၏စကားကြားရသည့်အခါ အားလုံးရယ်မောသွားကြ၏။
“ဟုတ်ပ---ဒေါ်ရွှေမှုံရေ-- ဘယ်လောက်ညည်းညည်း ယနေ့ထိ အလုပ်ခွင်က မလုပ်နိုင်လို့ ထွက်သွားတဲ့သူတွေ မရှိဘူး ဟုတ်လား၊ ဘာပြောပြော”
ထိုအခါ ကျောင်းအုပ်ကြီးဆရာမှန်က ချောင်းသံရှင်း၍ ဆိုပါလိုက်ပြန်သည်။
“ပညာရေးနဲ့ ဆက်စပ်ပတ်သက်တဲ့အလုပ် တနည်း ဆရာ၊ ဆရာမရဲ့အလုပ်၊ ဆရာ/ဆရာမတွေရဲ့ဘဝဆိုတာ ကြိုးတစ်ချောင်းနဲ့ ရစ်ပတ်ချည်နှောင်ခံထားရလို့ ရုန်းထွက်ဖြတ်ထောက်ဖို့ မလွယ်ဘူးဗျာ။ ကျနော်ကိုကြည့် ဆံ ပင်တွေဖြူလို့ ဆေးဆိုးနေရပြီ။ သွားတွေကျိုးလို့ အစားထိုးထားရပြီ။ မျက်စိတွေမှုန်ဝါးလို့ မျက်မှန်ဆို တစ်လက် ပြီးတစ်လက် လဲနေရပြီ-- ဒါပေမဲ့ ကျနော်ပင်စင်နီးပေမဲ့-- မထွက်နိုင်နေတုံးဘဲ-- သံယောဇဉ်တွေကြောင့်ပေါ့”
စည်းဝေးခန်းမှ ရယ်မောသံများ ပြန့်လွင့်၍ နေပါသည်။
“သည်လိုလကုန်ရက် ကျောင်းအုပ်ကြီးတွေ တွေ့ဆုံကြတဲ့အခါ ကျောင်းမှာတင်းမာနေရတဲ့အကြောတွေ ယခုလို ရယ်မောလိုက်တော့ ပေါ့ပါးသွားတာပဲ-- ကျောင်းမှာက ရယ်မောဖို့ မေ့လျော့နေတယ်။ ရယ်မောလို့လဲမရ-- ကျောင်းအုပ်ကြီးတွေ မဟုတ်လား--လက်ထောက်တွေ အရိုအသေတန်မှာစိုးလို့ ဟန်တွေမာန်တွေ ချီထားရတာ ကိုက စိတ်မောလူမောပါပဲ--”
“အိမ်ကလူတွေလည်း ဒါ ကျောင်းမဟုတ်ဘူး။ အိမ်နော် သတိထား အကြောလျှော့ ပါဝါလည်းမထည့်နဲ့တဲ့”
“ကျမတို့က ကျင့်သားပါနေပြီလေ ဘယ်လိုပြင်လို့ရမှာလဲ--”
အစည်းအဝေးမစခင်မှာ တစ်ယောက်နှင့်တစ်ယောက် တစ်ရင်းတစ်နှီး ပြောဆိုရယ်မော ရင်တွင်းစကားပြောဆို ဖွင့်ဟနိုင်ခွင့်က ယခုလို လကုန်ရက်အစည်းအဝေး၏လွမ်းဆွတ်တမ်းတဖွယ်ရာ နေ့ရက်တစ်ရက် ဖြစ်ခဲ့ရသည်။
မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလူမော် စည်းဝေးခန်မထဲသို့ဝင်လာ၍ ပြောဆိုရယ်မောသံများ တမဟုတ်ချင်း တိတ်ဆိတ်သွား၏။ မကြာခင် အစည်းအဝေးစတင်ပါတော့သည်။
“ယနေ့အစည်းအဝေးက အရေးကြီးတယ်။ နက်ဖြန် လူကြီးခရီးစဉ်ရှိတယ်။ တွေ့ဆုံပွဲ အခမ်းအနားလုပ်မယ်။ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ၊ လုပ်ငန်းရှင်များနဲ့ တွေ့မယ်။ ပြီးရင် ကျောင်း၊ ဆေးရုံကို ကြည့်မယ်။ ခရီးစဉ်လမ်း ကြောပေါ်မှာရှိတဲ့ ကျောင်း၊ ရုံး၊ ဌာနဆိုင်ရာများက သန့်ရှင်းရေးလုပ်ထားရမယ်--”
ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွေက ကျောင်းဝန်းကျင် သန့်ရှင်းအောင် လုပ်ထားရမယ်။ တံတွေးခွက်၊ လက်သုက်ပုဝါ၊ လက်ဆေးခွက်၊ ဆပ်ပြာထားရှိရမယ်။ မှန်တံခါး၊ ပြတင်းပေါက်မှန်တွေ ပြောင်စင်နေအောင် သုတ်ထား-- စာရေးခုံ၊ ထိုင်ခုံ ပြောင်လက်အောင် ပွတ်တိုက်ထား-- ညစ်ညမ်းတဲ့စာအရေးအသားတွေရှိနေရင် ဖျက်ပစ်။ ချုံနွယ်ပိတ်ပေါင်းတွေကို ခုတ်ထွင်ရှင်းလင်းပါ။ အုတ်တံတိုင်းတွေ ဆေးသုတ်။ နိုင်ငံတော်အလံ၊ ကျောင်းကောင်စီအလံတွေ သစ်လွင်နေပါစေ။ ကျောင်းနဲ့ ပတ်သတ်တဲ့ဆိုင်းဘုတ်တွေ ဟောင်းနွမ်းဆေးကွာ တာတွေ မရှိစေနဲ့။ မှာကြားတဲးအတိုင်း ကိုယ့်ကျောင်းကို အသေအချာလုပ်ထားကြပါ။ ဦးစီးဇယား၊ လက်ကမ်း စာစောင်တွေကိုလည်း အသင့်လုပ်ထားပါ။
လူကြီးက ရော်ဘာပင်ကြား ကြားသီးနှံစိုက်ပျိုးဖြစ်ထွန်အောင်မြင်မှုများကို သွားရောက်ကြည့်ရှုမယ်။ ကြက်ဆူစိုက်ခင်းကိုလည်း ကြည့်ရှုအားပေးမယ်။ ပြီးလျှင် စက်စဲကမ်းခြေကိုသွားပြီး အုန်းပင်စိုက်ပျိုးပွဲတော်ကို သွားရောက်အားပေးမှာ ဖြစ်တယ်။ စက်စဲမှာ နံနက်စာ စားမယ်။
လမ်းမပေါ်မှာ အချိန်အခါမဟုတ် ကျောင်းသားတွေ၊ ဆရာ/မတွေကိုလည် လမ်းမပေါ်မှာ မတွေ့မိစေနဲ့။ တွေ့ရှိရင် သက်ဆိုင်ရာကျောင်းအုပ်ကြီးကို ထိရောက်စွာ အရေးယူမယ်။ သတိထားပါ။
မြို့နယ်ပညာရေးမှူးကြီးက အမိန့်ပေးညွန်ကြားချက်များကို မိန့်ဆိုထုတ်ပြန်နေသည်ကို ထက်၊ လယ်ကျောင်းအုပ် ကြီးများက ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိသော်လည်း ညွန်ကြားချက်အတိုင်း ကျောင်းမှာတဆင့် ပြန်လည်ညွန် ကြားရမှာက ကျောင်အုပ်ကြီးများ၏တာဝန်ဖြစ်နေတော့သည်။
“မလုပ်နိုင်ရင်ထွက်။ မညည်းကြနဲ့။ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာက တို့ရဲ့တာဝန်ပဲ-- တာဝန် ကိုလေးစားပါ--”။
ကျောင်းအုပ်ကြီးဆရာမှန်က မိမိကျောင်းပြန်လည်ရောက်ရှိသည့်အခါ အရေးတကြီးအစည်းအဝေးခေါ်ယူ၍ ညွန် ကြားချက်များကို မိန့်ကြားရသည်။ ဆရာမှန်၏ဆိုမိန့်ချက်များသည် အစည်းအဝေးကျင်းပသည့်အခါတိုင်း ရိုက် ချက်ပြင်းလှသည်။ အသွားထက်သည့်ဓားလက်နက်ဖြင့် ထိုးနှက်သလို ဆရာ/မများ ခံစားကြရသည်။
“လူကြီးတွေကို ကြိုဆိုရတဲ့အခါ အချိန်ကြာလို့ဆိုပြီး မငြိုးငြင်ပါနဲ့။ လူကြီးတွေကို နားလည်ပေးရမယ်။ ကိုယ့်ဝမ်း ကိုယ်ဖြည့်ထား-- ကိုယ်ဗိုက်ကိုယ်ဖြည့်ထားကြပါ”
“ယခုလ နှုတ်ဖြတ်စာရင်းပြောမယ်။ ပင်စင် ၁ ဦး ၄၀၀ ကျပ်၊ ဆရာပူဇော်ပွဲ ၂၅၀ ကျပ်၊ လစဉ်ပုံမှန် ၁၀၀ ကျပ်၊ ဆွမ်းဆန်အလှူ ၅၀ ကျပ်၊ ဝန်ထမ်း ၁ ဦး နှုတ်ဖြတ်ငွေ ၈၀၀ ကျပ် ဖြစ်တယ်”။
“အခြားနှုတ်ဖြတ်ငွေကိုတော့ သိပါပြီး။ ဆွမ်းဆန်က ဘာလဲဆရာကြီး- ကျမတို့မသိလို့ပါ”။
ဆရာမတစ်ဦးက ဆွမ်းဆန်နှုတ်ဖြတ်ငွေကို မကျေနပ်လို့လား။ အမှန်တကယ်မသိ၍လာ-- ဤပြဿနာကို ဆရာ ကြီး ဖြေရှင်းပေးရမည်။
“ယခင်နေ့က လူကြီးတွေလာသွားတယ်။ မြို့နယ်သံဃာတွေကို ဆွမ်းဆန်ဆီ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ တယ်။ အဲဒီအတွက် ဝန်ထမ်း ၁ ဦး ငွေ ၅၀ ကျပ်နှုန်း ဖြတ်တာပါကွယ်”။
ဆရာများထက် ဆရာမများ၏ညည်းတွားသံပို၍ ကျယ်လောင်စွာ ထွက်လာသည်။
“ဟင်း-- သူ့အလှူဟာ ငါတို့အလှူဖြစ်နေပါလား” ဟူသော ပြောဆိုညည်းတွားသံများက ပြန့်လွင့်၍ နေပါသည်။
ဆရာမှန်သည် ကျောင်းလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကျောင်းအုပ်ကြီး၏စွမ်းဆောင်မှုကဏ္ဍကို ပြီး ပြည့်စုံအောင် ဆောင်ရွက်လိုသည်။
မိမိတာဝန်ယူထမ်းရွက်စဉ်ကာလ မိမိကျောင်းကို အဘက်ဘက်ပြည့်စုံ ကောင်းမွန်အောင် စွမ်းဆောင်ချင်သည်။
အောင်ချက်မြင့်မားရေးကဏ္ဍကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့၍ အောင်ချက်ရာနှုန်း ၅၀ နှင့် အထက်ရရှိသော ကျောင်းများကို တိုင်းမှူးကြီးချီးမြှင့်သော ဆုကိုလည်း နှစ်ကြိမ်ရရှိခဲ့ပြီး ဖြစ်၍ ကျေနပ်အားရနေမိပါသည်။
ကျောင်းဥပဓိရုပ်ကောင်းမွန်လှပရေးအပြင် ပညာရေးညွှန်းကိန်းအရ A အဆင့်ရရှိအောင် ကျောင်းအုပ်ကြီး၏ စွမ်းဆောင်ချက် ၅၀ ချက်ကိုလည်း အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးပြီ။
“အင်း- အလုပ်တာဝန်မှ ရပ်နားဖို့ အချိန်တောင်နီးနေပြီပဲ။ နောက်စာသင်နှစ်တစ်နှစ်ပြီးရင် အလုပ်တာဝန် ပြီးဆုံးပါပြီ။ စိတ်ရောကိုယ်ပါ အလုပ်ထဲမှာ နှစ်မြုပ်ထားလိုက်တာ အနှစ်သုံးဆယ်ပင် ကျော်ခဲ့ပါပကော-”။
တစ်ခါတစ်ရံ ကျောင်းအားရက်များမှာ ဆရာမှန်ရောက်တက်ရာရာတွေးနေမိသည်။ ဆရာ့ဘဝ၊ ဆရာ့စေတနာ တွေနှင့် ပတ်သတ်ပြီး ရံဖန်ရံခါရင်ထဲမှာ စူးနစ်စွာခံစားခဲ့သည်များက အမှတ်ရစရာ ဖြစ်ခဲ့ရသည်။
အထက်တန်းကျောင်းအုပ်ကြီးများ ကျောင်းခွဲမပါ၊ နက်ဖြန် ပြည်နယ်ရုံးသို့ အမြန်လာရောက်ကြရန် အရေးတကြီး ညွှန်းကြားလာသဖြင့် ကျောင်းအုပ်ကြီး ဆရာမှန်ကဲ့သို့ နယ်ကျောင်းအုပ်ကြီးများ ရေးကြီးသုတ်ပြာ တက်လာကြသည်။ ရောက်မှ Mobile Phone (GSM) တပ်ဆင်ခွင့်ပေးမည်ဖြစ်ကြောင်း လျှောက်လွှာတင်ကြရ ၍ ကျောင်းအုပ်ကြီးများ အံ့သြဝမ်းသာ ပြုံးပျော်ခဲ့ရသည်ကို မြင်ယောင်သေးတော့သည်။
မပျော်နေနိုင်ရိုးလာ၊ ကျောင်းအုပ်ကြီးက ကိုယ်ပိုင် Phone နှင့်ဆိုလျှင် မည်မျှဂုဏ်ကျက်သရေရှိလိမ့်မည်နည်း။ လူကြီးခရီးစဉ်တုန်းက ဌာနဆိုင်ရာအရာရှိကြီးများက Hand Phone တကိုင်ကိုင် ဟန်ရေးပြ ပြောဆိုနေသည်ကို အားကျနေခဲ့ မိသည်။
အော်-- ယခုတော့ ဆရာမှန်စိတ်ကူးမယဉ်တော့ပါ။ လျှောက်လွှာတင်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီ။ မြို့ပေါ်မှာ ထက်၊ လယ်ကျောင်းအုပ်ကြီးများ GSM ကို ဟန်တချီချီနှင့် ကိုင်သူကိုင်၊ အမြတ်ရလို့ ရောင်းသူကရောင်းနှင့် နယ်ကျောင်းအုပ်ကြီးများသည် ယနေ့တိုင်း GSM နှင့် မျှော်တိုင်းဝေးခဲ့ရသည်။
GSM အတွက် စုဆောင်းခဲ့သည်တို့လည်း နာကျည်းစွာနှင့်ပင် အခြားသို့ ပြေးထွက်သွားကြကုန်သည်။
ဆရာမှန်ကျောင်းသည် သန့်ရှင်းသာယာလှပရုံမျှမက စည်းကမ်းရှိသည်၊ အောင်ချက်ကောင်းသည်။ သို့သော် ယခုနှစ် ကျောင်းဝင်နှုန်းနည်းနေသည်။ အကြောင်းရင်းကို ရှာဖွေသုံးသပ်သည်။
“ကျောင်းဖွင့်စနှစ်ဦးမှာ မည်သည့်ကျောင်းသာထံမှ သတ်မှတ်နှုန်းထားဖြစ်သော မိဘကြေး၊ ကျောင်းလခ၊ အား ကစားကြေး၊ စာကြည့်တိုက်ကြေး၊ စာရေးကိရိယာကြေးတို့မှလွဲ၍ ငွေကြေးကောက်ခံခြင်း၊ အလှူငွေကောက်ခံ ခြင်းများ မပြုလုပ်ရ။ ကျောင်းဝင်နှုန်း ကျောင်းနေနှုန်းလျော့မည်စိုး၍ ပညာရေးဆိုင်ရာလူကြီးများက အရေးကြီး ကိစ္စတစ်ခုအနေဖြင့် ညွှန်းကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ငွေကြေးကောက်ခံခြင်းပြုလုပ်ပါက ကျောင်းအုပ်ကြီးများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း---”။
ငွေကြေးကောက်ခံမှုနှင့် ပတ်သတ်၍ ညွှန်ကြားချက်များအကြိမ်ကြိမ်ထုတ်ခဲ့ပေသည်။ ဆရာမှန်လည်း အကြိမ် ကြိမ်စဉ်းစားခဲ့ရသည်။ “ကျောင်းသားရှိလျှင် ငွေရှိသည်--” ဟူသည့် ကျောင်းအုပ်တိုင်း၏လက်သုံးစကားများ လည်း ချေဖျက်ရတော့မလိုပင် ရှိနေသည်။
ကျောင်းဖွင့်စ ဇွန်လမှာ ပညာရေးဝန်ထမ်းဆရာ/မများအား ငေါ့တော့တော့ ထေ့တေ့တေ့စကားလုံးများဖြင့် ဂျွန် ထော ဖြစ်တော့ဿမယ်။ ဆရာမတွေထောပြီ ဟု ခနိုးခနဲ့ ဆိုကြလည်း ဂျွန်ထော မဖြစ်ခဲ့ပါ။
“ကျောင်းတစ်ကျောင်းမှာ (Top ကျောင်းများမဆိုလိုပါ) ငွေကြေးမပြည့်စုံက ပညာရေးဆိုင်ရာလှုပ်ရှားမှု၊ ပညာ ရေးပြက္ခဒိန်လုပ်ငန်းများကို မည်သို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်လဲ။ စာသင်ကျောင်းသည် ဘုန်း ကြီးမဟုတ်ပါ။ မိဘအမှုဆောင်၊ ကျောင်းအကျိုးတော်ဆောင်များ အစည်းအဝေးကျင်းပတိုင်း အလှူခံနေရမည် ဆိုက အစည်းအဝေးတွင် အင်အားအပြည်တက်ရောက်ခြင်းမရှိသည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်လား--”။
ဆရာမှန်၏အတွေးစများကာ တနံတလျားဆွဲဆန့်၍ နေပေပြီ။
ယခုနှစ်ကျောင်းအပ်စဉ်က ယခင်နှစ်အတွေ့အကြုံအရ အလှူငွေကောက်ခံမိ၍ လာရောက်စစ်ဆေးခံခဲ့ရသည် ကိုပင် သင်ခန်းစာယူပြီး “အလှူငွေ လက်မခံပါ” ဟု ကြော်ငြာသင်ပုန်းပေါ်တွင် စာလုံးကြီးဖြင့် မြင်သာအောင် ကပ်ထားရသည်။
“သည်နှစ် ကျောင်းအပ်တာ ငွေကုန်သက်သာလိုက်တာ။ ငွေကုန်နည်းနေတယ်”။
“ကျမတို့ အလှူငွေမကောက်လို့ ငွေကုန်နည်းနေတာ။ အခုမကောက်လည်း နောက်တစ်လ နှစ်လကြာရင် ကျောင်းလိုအပ်အချက်အရ ကျမတို့ကောက်ခံဖို့ရှိပါတယ်။ အဲသည်အတွက် ချန်ထား၊ စုထားနော်--”
ကျောင်းအပ်စဉ် ဆရာမများက စကားဦးသန်းထားသော်လည်း သြဂုတ်လလယ်ရောက်၍ အမှန်တကယ် အလှူ ငွေကောက်ခံရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပါ။ ၅၀% မျှသာ ကောက်ခံရရှိ၍ လုပ်ငန်းလျားထားချက် များ အောင်မြင်ချောမောခြင်းမရှိ၍ မိုးလလယ်ရောက်မှ ကျောင်းအမိုးယိုယွင်းမှု များပြားလာကာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကြုံတွေ့ခဲ့ရပြန်သည်။
သည်ကြားထဲ အခက်အခဲတစ်ခုက ကျောင်းစစ်ဆေးရေးကိစ္စ ဖြစ်သည်။ စာသင်နှစ်တစ်နှစ်တွင် ပြည်နယ်စစ် ဆေးရေး (၃) ကြိမ်၊ ရုံးချုပ်စစ်ဆေးရေး (၃) ကြိမ်အတွက် ကျွေးမွေးစရိတ်၊ ဧည့်ခံစရိတ်၊ ကြိုဆိုရေးနှင့် သြကာ သဂါရဝအမှုများ ချောမောပြေပြစ်စေရန်အတွက် စစ်ဆေးရေးတစ်ကြိမ်လျှင် အနည်းဆုံး တစ်ပုံးမှာ အသာလေး ဖြစ်သည်။ ပြည်နယ်၊ ရုံးချုပ်နှစ်ဖွဲ့ပေါင်းက တစ်နှစ်လျှင် အနည်းဆုံး ခြောက်ပုံးလောက်တော့ စရိတ်ရှာဖွေ စုဆောင်းထားရသည်။
ဧည့်ခံရေးစရိတ်များသည် ကျောင်းအုပ်ကြီးများနှင့် ကျောင်းတို့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ အထက်လူကြီးများ၊ စစ်ဆေးရေးအဖွဲ့များက အသိပညာပေးလမ်းညွှန်းမှုများပေး၍ ဝန်ထမ်းများအသိပညာ တိုးပွား၊ ကျောင်းအတွက်အကျိုးရှိသော်လည်း တစ်နှစ်တာကုန်ကျမည့်ဧည့်ခံစရိတ်တို့ကို ကျောင်းလိုအပ်ချက်များ တွင် ဖြည့်ဆည်းလိုက်ရပါက ကောင်းလေစွဟု အတွေးများချာချာလည်၍ နေပေတော့သည်။