အမေ၏ ခါးပတ်တကွင်းစာ ပီတိမျက်ရည်

အမေ၏ ခါးပတ်တကွင်းစာ ပီတိမျက်ရည်
by -
စစ်မုန်းလူ
မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့စျေးကြီးသည် နေ့စဉ်နှင့်အမျှစျေးသွား၊  စျေးလာ၊ စျေးသည်တွေရဲ့ တစာစာ အော်သံ တွေနဲ့ လူမျိုးပေါင်းစုံ၊အဆင့်အတန်း မရွေး ပြွတ်သိပ်စည်ကား....

မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့စျေးကြီးသည် နေ့စဉ်နှင့်အမျှစျေးသွား၊  စျေးလာ၊ စျေးသည်တွေရဲ့ တစာစာ အော်သံ တွေနဲ့ လူမျိုးပေါင်းစုံ၊အဆင့်အတန်း မရွေး ပြွတ်သိပ်စည်ကားနေသည်။

ယနေ့ အိုင်ဇောလ်စျေးကြီးတွင် အနိမ့်ဆုံးအဆင့် စျေးရောင်းသူများထဲက ၆ဝ ရာခိုင် နှုန်းသည် မြန်မာပြည်သား တွေဖြစ်မည် ဟုမြန်မာပြည်သူလမ်းဘေးစျေးသည်မလေး တဦးက ပြောသည်။

သူမက “ပိုက်ဆံဟောင်းဝယ်၊ လမ်းဘေးစျေး၊ စျေးလျှောက် စျေးသည်တွေ အများစု ဟာကျမတို့မြန်မာပြည်ဖက်က စျေးသည်တွေပါ၊ ဗမာစကားပြောမလား၊ ချင်းစကား ပြောမလား၊ အကုန်ရကြမှာပါ၊ ဒါပေမဲ့ နိုင်ငံခြားသားအထင်ခံမှာစိုးလို့ မပြောရဲမဆိုရဲ ဖြစ်နေကြတယ်” ဟု ပြောပြသည်။

လူငယ်တဦးသည် သူ့တကိုယ်လုံး ခါးပတ်တွေအပြည့်ချိတ်လွယ်ပြီး ဆရာခါးပတ် ဝယ်မလား၊ စျေးချိုတယ်၊ ဘာအရောင် ကြိုက်သလဲ စျေးသွား စျေးလာ တွေနောက် ကို တကောက်ကောက်လိုက်ပြီး သူ့ ခါးပတ်တွေကို ကြော်ငြာရောင်း နေသည်။

မိုးဦးကာလသည် ဗမာပြည်တပြည်လုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေထားတဲ့ ဆယ်တန်း ကျောင်းသားတွေ စိတ်အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ အောင်စာရင်းထွက်မည့် နေ့ကို ကိုယ်စီ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြရသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခါနန်ကျေးရွာသား အောင်အောင် သည်လည်း၄င်း တို့ထဲ က တယောက်အပါအဝင်ပေါ့။

၂ဝဝ၁ – ၂ဝဝ၂ ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းကို လေလှိုင်းထဲက ကြေညာ နေသည်။အောင်အောင် သူ့ အိမ်နီးချင်း ကျောင်းဆရာ နေအိမ်မှာ အောင်စာရင်း နားထောင်နေသည်။ ညနေကိုးနာရီဆိုပေမဲ့ အောင်အောင်တကိုယ်လုံးချွေးပျံပြီး ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ ခုံနံပါတ် ( ) အောင်အောင် ဟု ပါလာပြီ။

“ဆယ်တန်းအောင်ပြီ၊ မိဘ လုပ်ကျွေးနိုင်တော့မယ် ”ဟုအသံကုန်ဟစ်အော်ပြီး သူ့အိမ် သို့ သုတ်ခြေတင်တော့သည်။

“ပင်ပန်းရကျိုးနပ်ပြီအဖေကြီးရေ” ဟု မျက်ရည်စက်လက်နဲ့ သူ့အဖေကိုပြောနေသည့် အမေပြောစကားအပေါ်မှာအောင်အောင်ပီတိဖြာနေသည်။

အောင်အောင်ရဲ့မိဘနှစ်ပါးဟာ ရှိစုမဲ့စုလေးတွေကိုထုခွဲရောင်းချပြီး မိဘဝတ်တရား အရ အောင်အောင်ကိုု ကျောင်း ပညာသင်ပေးခဲ့ကြတာပါ။ ဒါကိုသားဖြစ် သူအောင် အောင်ကလည်းနားလည်ပြီး မိဘနှစ်ပါးရဲ့ရည်မှန်းချက်မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအသိစိတ်၏တွန်းအားပေးမှုတွေကြောင့် စာကြိုးစားပြီး ယခုလို တက္ကသိုလ် ဝင်ခွင့်စာ မေးပွဲကို အောင်မြင် နိုင်ခဲ့တာပါ။

တက္ကသိုလ်ဝင်တန်းဆိုပေမဲ့သူ့မိသားစု၏စားဝတ်နေရေးအခြေအနေကြောင့်တက္ကသိုလ် ပညာဆက်လက်မဆည်းပူးနိုင် တော့တဲ့ အောင်အောင်တယောက် မိဘတွေရဲ့ အထောက်အပံ့မယူတော့ဘဲ အလုပ်တခု ခုဝင်လုပ်ရင်းကိုယ့်နည်း ကိုယ့်ဟန် ဖြင့် အဝေးသင်တက္ကသိုလ်ဆက်တက် မည်ဆိုပြီး အလုပ်တွေကိုလိုက်ရှာရင်း တနေ့တော့ သူတို့ရွာမှာအခြေစိုက်တဲ့ ရဲစခန်းက ရဲတ ယောက်နဲ့တွေ့ဆုံပြီး သူအလုပ်ရှာ နေတဲ့ အကြောင်း တွေကိုပြောတော့အဲဒီရဲက သူ့ကို အခုလိုပြောပါတယ် “ မင်းခုလို ဝင်ငွေတခုခုရရှိပြီးကိုယ့်နည်းကိုယ့်ဟန်နဲ့ကျောင်း တွေဆက်တက်ချင် တယ်ဆိုရင် မင်းရဲတပ်ဖွဲ့ထဲဝင်ပါလား၊ မင်းတို့ လိုလူငယ် ဆယ်တန်းအောင်ပြီးသား  တွေဆိုရင် အခွင့်အရေးအများကြီးရှိတယ်၊ တခါတည်း အရာရှိတွေဖြစ်သွားနိုင်တယ်၊ လခလည်း ကောင်းတယ် တဖက်ကလည်း တက္ကသိုလ် ကိုမင်းဆက်တက်နိုင်တာပေါ့”ဆိုပြီး အသက် ၁၉နှစ်သာရှိသေးသည့် အောင်အောင် ကိုရှင်းပြပြောဆိုခဲ့ပါတယ်။

“ ဆယ်တန်းအောင်ပြီးသားလူငယ်တွေဆိုရင် ခဏလေးနဲ့အရာရှိ တွေဖြစ် လာမယ် မင်းမိသားစုတွေကို လည်းကျွေး မွေးနိုင် မယ်ဆိုပြီး ကျနော့ကို ပြောတော့ ကျနော် လည်းယုံပြီး အဲဒီရဲတပ်ဖွဲ့ထဲကိုဝင်လိုက် တယ်”ဟုအောင် အောင်ကသူ့ဘဝကို ပြန်ပြောပြခဲ့ခြင်းဖြစ်သည်။

၂ဝဝ၂ ခုနှစ်၊ ရဲတပ်ဖွဲ့ဝင်ရောက်သည့်နေ့ကစပြီး ၃ လလုံးလုံးခါနန်ရဲစခန်းမှာပဲ နေ့စဉ် နေ့တိုင်းရဲစခန်း ပတ်ဝန်ကျင်သန့်ရှင်းရေးကိုလုပ်ရတယ်လို့သူကပြောပါတယ်။

“ကိုယ့်စရိတ်ကိုယ်စားနဲ့လခလည်းမရရှိဘဲ နဲ့ နေ့တိုင်းဘဲ သန့်ရှင်းလုပ်ရ တယ်”ဟု သူကပြောသည်။

“၃ လအပြီး ပဲခူးတိုင်း ဝက်ထီးကန်မြို့မှာ ၆ လ သင်တန်းတက်ရောက် ခဲ့ပြီးခါနန် ရဲစခန်းမှာပဲ ရဲသားဘဝနဲ့ ကျနော်တာ ဝန်ကျခဲ့တယ်” ဟု သူကဆက်ပြောသည်။ ရိုးရိုးရဲဘော်တဦး၏တလစာမှာ ကျပ်ငွေ ၁၇ဝဝဝ ခန့်ဖြစ်သော်လည်း အဖြတ် အတောက်တွေများလွန်းသောကြောင့် သူ တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်းမှာ လခအပြည့်အဝကို တခါမျှ မရှိခဲ့ဖူးဘူးဟုသူကပြောပြသည်။

“တလမှာ တစ်သောင်းလောက်ဘဲပုံမှန်ရနိုင်တယ်၊ ကျန်တဲ့ ရဝဝဝ လောက်ကတော့ အထက်အရာရှိတွေဖြတ်တောက်တယ် လေ၊ ကျနော် တို့ ရဲဘော်တွေ မှာက လူသေခ ဆိုပြီး၁၅ဝဝ၊ ဦးခေါင်းခဆိုပြီး ၁၅ဝဝ၊ ထမင်းစားခ၊ ရဲဝတ်စုံဖိုးဆိုပြီးအမျိုးမျိုးနဲ့ ဖြတ်တောက်နေတော့၊မိဘကိုလည်းမပို့နိုင်ဘူး”ဆိုပြီးသူကပြန်ပြောပြခဲ့ပါတယ်။

ယခုလိုအောက်လက်ငယ်သားရဲဘော်များ၏ရသင့်ရထိုက်သောအရာများနှင့်လခများကို အထက်လူကြီးများကဖြတ်တောက်လေ့ရှိသည့်အတွက်ရဲဘော်များ၏စားဝတ်နေရေး အတွက်ပါအတော်လေးကိုအခက်ကြံုလာခဲ့ကြရပါတယ်။ ထို့ကြောင့် ခရီးသည် ပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှု တွေလည်းရဲဘော် တွေကပြုလုပ်လာခဲ့ကြပါတော့တယ်။

ယခုလက်ရှိ်မြန်မာစစ်အစိုးရလက်အောက်တွင်စစ်မှုဝန်ထမ်းဆောင်ခြင်းသည်အောင် အောင်ထင်ထားသလိုဖြစ်မလာဘဲစားဝတ်နေရေးအတွက်ခက်ခဲ့လာသည့်အပြင်သူ တက်ချင်သည့်တက္ကသိုလ်ကိုပါ တက်ရောက်နိုင်ခြင်းလည်းမရှိခဲ့ပါဘူး။

သူသည်ချင်းတိုင်းရင်းသားဖြစ်ပြီးရဲတပ်ဖွဲ့အတွင်းမှာလည်းလူမျိူးခွဲခြားဆက်ဆံမှုတွေကိုလည်း ကြံုတွေလေ့ရှိပါတယ်။

“တခုခုလုံခြံုရေးတာဝန်ယူဖို့ဆိုရင်ကျနော်တို့တိုင်းရင်းသားတွေကိုဘဲသွားခိုင်းတယ်”ဆိုပြီး သူကပြောပါတယ်။ တက္ကသိုလ်ဆက်မတက်နိုင်သည့် အပြင်၊ လခ မလုံ လောက်မှု၊လူမျိူး ရေးခွဲခြားဆက်ဆံခံရမှုတွေကြောင့် စစ်မှုထမ်းဆောင်ခြင်းသည်အောင်အောင်တ ယောက် မနှစ်မြှပ်မလိုလားတော့ဘဲ ဒီနေရာမှအဝေးတနေရာကို ထွက်ခွာ ဖို့စဉ်းစား လာပါတော့ တယ်။

၂ဝဝ၄ ခုနှစ်နှစ်ဦးပိုင်းတွင် အောင်အောင်သည်စခန်းမှူး၏ခွင့်ပြုချက်အရ အိမ်ပြန်ပြီး  အနားယူခဲ့ပါတယ်။ သက်ရှိထင် ရှားရှိနေ သေးသည့် သူ့မိဘထံသို့သူရင်ဆိုင် နေရသည့် အဖြစ်အပျက်များကိုအကြောင်းစုံပြောပြပြီးမိဘနှစ်ပါးကလည်း သူ့ကို ရဲတပ်ဖွဲ့သို့မသွားခိုင်းစေချင်တော့သလိုသူကိုယ်တိုင်က လည်း  ရဲဝန်ထမ်းဘဝ ကို  စိတ်ကုန်နေပြီ လို့သူကပြော ပါတယ်။ထို့ကြောင့် ရဲစခန်းသို့ ပြန်မသွားတော့ဘဲ သူတို့ကျေးရွာနားက လယ်တောမှာခေတ္တ ပုန်းခိုခဲ့ပါတယ်။ ရဲစခန်းမှ တာဝန်ရှိသူ များက လည်းအောင်အောင် ခွင့်ရက်လွန်ပြီဖြစ်သောကြောင့် သူ့အိမ်သို့လိုက်လာပြီးလိုက်ရှာကြတော့သည်။

“ကျနော့ကိုဖမ်းဖို့လိုက်ရှာကြတယ်လေကျနော့အဖေကိုလည်းခင်ဗျားသားကိုရှာမတွေ့ရင် ခင်ဗျားကိုအစား ထိုးပြီးဖမ်း မယ်ဆိုပြီးခြိမ်းခြောက်ခဲ့ကြတယ် ”ဟု သူကပြော သည်။

ထို့နောက် လယ်တောထဲတွင် ၁ နှစ်ခန့်ပုန်းခိုပြီးနောက် လွန်ခဲ့သည့် ၂ဝဝ၇ခုနှစ်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေ သ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးလာခဲ့သည်။

မီဇိုရမ်ပြည်နယ်၏မြို့တော်အိုင်ဇော်မြို့တွင်သူရောက်ရှိလာသည့်အချိန်တွင်ခိုလှုံစရာဆွေ မျိူးတွေလည်းမရှိပါဘူး၊ သို့ပေမဲ့ကံ ကောင်းထောက်မစွာဖြင့်သူ့ ကျောင်းနေ ဘက်သူ ငယ်ချင်းတဦးတွေ့ဆုံပြီး အသက်မွေးဝမ်းကျောင်းဖို့အတွက်အလုပ်တခုကို သူ့သူ ငယ်ချင်းကရှာဖွေ ပေးခဲ့ပါ တယ်၊ ပထမမှာ ပိုက်ဆံအဆုတ်၊ အပျက်တွေ လှည့်ဝယ် တဲ့အလုပ်ပေါ့။

အဲဒီအလုပ်ကို လတော်တော်ကြာလုပ်ပြီးမှ တဆင့်တက်ပြီး သူများပစ္စည်းများကို ကော်မီရှင်စားဖြင့် လှည့်ရောင်းခဲ့ ပြန်သည်။အောင်အောင်၏ အဓိက ကော်မရှင် လုပ်ငန်းသည်ခါးပတ်လှည့်ရောင်းတဲ့လုပ်ငန်းဖြစ်သည်။ တနေ့သူ့အတွက် ကော်မရှင်ခ ရူပီး ၁ဝဝ ရမှ ကော်မရှင်ထံမျက်နှာပန်းလှရတယ်။

အိုင်ဇောလ်စျေးမကြီးတွင်အောင်အောင်ကဲ့သို့ကော်မီရှင်စားနဲ့ပစ္စည်းများရောင်နေကြ သူတွေအများကြီးရှိသေးတယ်။သူတို့ သည်  ဒေသခံမီဇိုးလူမျိူးတွေမဟုတ်ဘဲ မြန်မာ နိုင်ငံချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်း ကလေးမြို့နယ် တို့မှချင်းမျိူး နွယ်စုတွေဖြစ် ကြပါတယ်။ မြန်မာနိုင်ငံ တွင်စီးပွားရေးအလွန်ခက်ခဲမှုတွေကြောင့် ဒီဘက်ကို ထွက်လာပြီးတဝမ်းတခါး အတွက် ရုန်းကန်နေကြ ရသူတွေချည်းပါ။

မည်သို့ပင်ဆိုစေ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပြည်သူ့ရဲ၊စစ်တပ်တွင်ဝင်ရောက်ပြီး နိုင်ငံဝန်တာကိုထမ်းဆောင်တာဟာ ကောင်းမွန်တဲ့အလုပ်တခုပါ၊ သို့ပေမဲ့အုပ်ချူပ်မှု စနစ်မကောင်းမွန်မှုကြောင့်လည်းကောင်း၊ ထို့အပြင်စစ်တပ်အကြီးအကဲ၊ ရဲအရာရှိ များနှင့် အောက်လက်ငယ် တပ်သားရဲဘော်များအကြားအဆင့်ချင်း မိုးနဲ့မြေပမာ အလွန်ကွာ ခြားလွန်းလှ သောကြောင့်လည်းကောင်းသူတို့ရဲဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ကြရခြင်းဖြစ်သည်။ ခိုင်လုံပြီးအာမခံချက်မပေးနိုင်သည့် လက်နက်ကိုင် ဘဝသည် သူတို့အတွက် အကျဉ်းထောင်ပမာဖြစ်ခဲ့ရသည်။

“ကျနော့ဘဝကိုပြန်စဉ်းစားရင်အရမ်းကိုဝမ်းနည်းအားငယ်ရတယ်၊မျှော်လင့်သလိုဖြစ် မလာတော့ပဲ အခုတော့မိဘမောင်နှမတွေနဲ့ဝေးကွာပြီး သူများနိုင်ငံမှာ ဆင်းရဲ ပင်ပန်းစွာ နဲ့နေထိုင်နေရတော့တယ်၊ တချိန်က ကျတော် ၁ဝ တန်းအောင်ပြီ ဆိုတဲ့ အူမြူး သံတွေ၊ ပင်ပန်းရကျိုးနပ်ပြီ ဖေကြီးရေဆိုတဲ့ အမေ့စကားသံတွေဟာ ခါးပတ်တကွင်း စာ တန်ဖိုးပဲရှိတော့တယ်”ဟုအောင်အောင်ကကြေကွဲစွာ နဲ့ပြောပြခဲ့သည်။