မြူတွေအုပ်ဆိုင်းနေတဲ့ မနက်ခင်းလေးတစ်ခုမှာ ကျနော်တို့သူငယ်ချင်းတစု ခြေလှမ်းတွေက မော်ချီးဒေသရှိ (၁၃) ကုန်း (ယူကော်ခို) ခေါ်ရွာလေးသို့ ၀င်ရောက်ခဲ့ပါတယ်။ ထိုအချိန်မှာ ကျနော်တို့နားထဲသို့ ကလေးတွေရဲ့ စာအံသံများနှင့်အတူ ဆရာ၊ ဆရာမတွေရဲ့ စာသင်ကြားပေးသံကိုလည်း ကြားနေရပါတယ်။ အဲ့ဒီအသံတွေက ကျနော်တို့ကို စဉ်းစားစရာအတွေးတစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။
ကျနော်တို့ရဲ့ အသိစိတ်တစ်ခုထဲမှာ သတိထားမိလိုက်တာက အဲ့ဒီနေ့ဟာဆိုရင် ကျောင်းပိတ်ရက် စနေနေ့ဖြစ်နေပေမဲ့ တောင်ပေါ်ဒေသရှိကျောင်းလေးတစ်ကျောင်းက ထူးဆန်းစွာ စာသင်နေခြင်းဖြစ်ပါတယ်။ တောင်ပေါ်ဒေသက မူလတန်းကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီမူလတန်းကျောင်းအဆင့်ပြီးရင်တော့ မော်ချီးတောင်ပေါ်က အလယ်တန်းကျောင်းကို ဆက်ပြီး ပညာသင်ကြားရအုံးမှာ ဖြစ်ပါတယ်။ အဲဒီကို ဆက်တက်ဖို့အတွက်က ကျောင်းသားမိဘတွေ ရင်လေးတဲ့ နေရာလည်းဖြစ်နေပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီအလယ်တန်းကျောင်းကို သွားတဲ့လမ်းက အန္ထရာယ်များတဲ့ မော်ချီးတောင်ပေါ်လမ်း တွေကို ဖြတ်လျှောက်သွားကြရမှာ ဖြစ်လို့ပါပဲ။ မိုးရွာလျှင် လမ်းတစ်လျှောက်လုံး မြေပြိုမှုတွေ ဖြစ်ပွားလျက် ရှိတာကြောင့်ပါ။ ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်ငယ်ငယ်မိုးစံက “မိုးရွာပြီဆိုလို့ရှိရင် ကိုယ့်ကလေးတွေ သွားပြီလာပြီဆိုလို့ရှိရင် အနောက်ကနေစိတ်က တထင့်ထင့်နဲ့လေ↔လို့ ပြောပါတယ်။
ပိုက်ဆံချမ်းသားတဲ့သူတွေကတော့ လွိုင်ကော်မြို့ပေါ်ကျောင်းတွေမှာ သွားထားကြပါတယ်။ ထိုအခက်အခဲ များကြောင့် ကျောင်းသားမိဘအများစုက မူလတန်းကျောင်းများကို အလယ်တန်းကျောင်းခွဲများ၊ အထက်တန်းကျောင်းခွဲများအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်စေလိုကြောင်း သူမက ဆက်ပြောပါတယ်။
“အမှန်တကယ်တော့ ဒီအထိကို အလယ်တန်းလောက် ဒါမှမဟုတ်လို့ရှိရင် မူလွန်ကျောင်း၊ အလယ်တန်း ကျောင်းခွဲလောက်ထိ ဖွင့်ပေးနိုင်မယ်ဆိုရင်တော့ ဒါဆိုကလေးတွေ သွားရလာရတာလည်း အဆင်ပြေမှာ ပေါ့နော↔လို့ပြောပါတယ်။
အဲဒါနဲ့ ကျနော်တို့ ဒေါ်ငယ်ငယ်မိုးစံနဲ့ စကားပြောဆိုပြီးနောက်မှာတော့ အောက်ရွာရှိ အထက်တန်းကျောင်း ဘက်ကို ဆက်သွားဖြစ်ပါတယ်။
အောက်ရွာသို့ရောက်ရှိချိန်တွင် အောက်ရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဒသမတန်း ကျောင်းသူ၊ ကျောင်းသားများအား ဆရာ၊ ဆရာမများက စနေနေ့အချိန်ပို ခေါ်ယူ စာသင်ကြားပေးနေသည်ကိုလည်း တွေ့ခဲ့ရပါတယ်။
ဒသမတန်း အခန်းတစ်ခန်းမှာ ကျောင်းဆရာမ၏မြန်မာစာ ပို့ချသင်ကြားပေးမှုကို ကျောင်းသူ၊ ကျောင်းသား ၂၅ ဦးခန့်က ဂရုတစိုက်၊ စိတ်ဝင်တစား သင်ကြားနေသည်ကို စိတ်ကြည်နူးစရာကောင်းစွာ တွေ့ခဲ့ရတော့ ကျနော်တို့ ငယ်စဉ်က ကျောင်းသားဘဝကို ပြန်လည်သတိရခဲ့မိပါတယ်။
ဆရာ၊ ဆရာမများကလည်း စနေနေ့သည် ၎င်းတို့အတွက်နားရက်ဖြစ်နေသော်ငြားလည်း ၎င်းတို့ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လာမည့်နှစ် ၂၀၁၅ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်စေချင်သော ဆန္ဒကြောင့် သင်ကြားပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျနော်တို့လည်း ဒီအထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ယူ ဆည်းပူးနေကြသော ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခြေအနေကိုပိုမို သိချင်လိုစိတ်ဖြင့် ကျောင်းအုပ်ကြီးရုံးခန်းဘက်သို့ ကျနော်တို့၏ ခြေလှမ်းများ ဦးတည်လျှောက်လှမ်းလာခဲ့ပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင် နှင့် စကားများစွာပြောဆိုပြီးချိန်မှာတော့ မော်ချီးဒေသတွင်းရှိ ပညာရေး နှင့် ကျောင်းသူ၊ ကျောင်းသားများရဲ့ အခြေအနေကို ပိုမိုသိရှိလာတော့ စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။
စိတ်မကောင်းစရာအကောင်းဆုံးက ဒီနှစ် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ဘဲ ဖြစ်ပါတယ်။ ၂၀၁၄ မော်ချီးဒေသ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းက သုည (၀%) ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင်က စိတ်မကောင်းစွာ ပြောပြပါတယ်။
အခုလို အောင်ချက်ရာခိုင်နှုန်း သုညဖြစ်ရခြင်းအကြောင်းအရင်းက အခြေခံပညာကို ကြေကြေညက်ညက် မတတ်ထားခြင်း၊ ကျောင်းသူ/ကျောင်းသားအများစုမှာ ဗမာစကားကို လည်လည်ဝယ်ဝယ်မရေးတတ် မဖတ်တတ်ခြင်း၊ ဒေသအခြေအနေအရ ကျောင်းစည်းကမ်းကို တင်းကြပ်မထားနိုင်ဘဲ အလျော့အတင်း လုပ်နေရသော အခြေအနေ ရှိနေခြင်း စသည်များကြောင့်လည်း ယခုလိုကြံုတွေ့ရခြင်းဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင်ကပြောပြပါတယ်။
ဒါ့အပြင် မော်ချီးဒေသက မြို့နှင့်ဝေးသည့်အတွက် ဆက်သွယ်ရေးအစစအရာရာခက်ခဲသည့် နေရာဖြစ်သည့် အတွက် တာဝန်ကျရောက်ရှိလာသည် ပညာရေးဝန်ထမ်းတွေကလည်း မကြာခဏဆိုသလို တနှစ် သို့မဟုတ် နှစ်နှစ်ခန့်တွေမှာ အပြောင်းအရွှေ့တွေ တင်ကြ ပြောင်းကြပြုလုပ်ကြတာကြောင့်လည်း ဆရာ/မတွေရဲ့ အပြောင်းအလဲများပြီး အတွေ့အကြံုတွေ မရှိသေးတာတွေကြောင့်လည်း အခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။
အဲဒါတွေကြောင့်လည်း ကလေးတွေရဲ့ စာသင်ကြားရေး အရှိန်ပျက်သွားကာ အခြေခံမကောင်းတာတွေ ဖြစ်ပေါ်လာတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင်က ပြောပြပါတယ်။
ဒီလိုဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမှာ အနေဆင်းရဲစွာနဲ့ လာရောက်ပြီး တာဝန်ထမ်းဆောင် ပေးနေကြတဲ့ ကျောင်းဆရာ/မတွေကိုလည်း စိတ်ဓတ်မကျပဲ ကြိုးစား ပညာသင်ကြားပေးလျက်ရှိနေတဲ့ အတွက် ဂုဏ်ယူမိပါတယ်။
သို့ပေမယ့်လို့လည်း ရေရှည် ပညာသင်ကြားပေးရေးအပိုင်းမှာတော့ ကျောင်းသူ/သားတွေ ပညာရေး အခြေခံကောင်းဖို့ အတွက် အပြောင်းအရွှေ့တွေမများအောင် ဒေသခံ ဆရာ/မတွေ ပိုလိုအပ် နေတယ်လို့ ကျောင်းအုပ်ကြီးဖြစ်သူက ပြောပါတယ်။
“ကျောင်းအုပ်ကြီးကစ အောက်ခြေဝန်ထမ်းတွေအထိ ဒေသခံတွေကြီးဘဲဖြစ်ရင်တော့ ဒီဒေသရဲ့ ပညာရေးဟာအခြေခံလည်းခိုင်မယ်၊ ပိုပြီးမှာလည်းတိုးတက်နိုင်တာပေါ့နော၊ ၀န်ထမ်းတွေလည်းဘဲ ကျောင်းဝင်းထဲမှာ တစုတစည်းတည်းရှိမယ်၊ ဒေသဝေးက ကျောင်းသားတွေလည်းဘဲ အခုလိုနေ့ချင်းပြန် မတက်ဘဲနဲ့ ဒီမှာ အခမဲ့ဘော်ဒါဆောင်လေးလိုဟာမျိုး ရှိရင်တော့ဖြင့် သင်ကြားရေးကို ဒီ့ထက်ပိုပြီးတော့မှ အားစိုက်လို့လည်းရမယ်၊ ကလေးတွေ့ရဲ့ပညာရေးကိုလည်း အနေအထားကောင်းအောင် လုပ်လို့ရမယ်လို့ တင်ပြချင်ပါတယ်↔ဟု ခုလိုပြောသွားပါတယ်။
ဒီ့အပြင် နှစ်စဉ် ကျောင်းသူ/ကျောင်းသား အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် ကျောင်းကနေ ထွက်သွားကြတယ် လို့လည်း သိရပါတယ်။ ကျောင်းမှထွက်သွားကြရတဲ့ အကြောင်းအရင်းက မိသားစုစားဝတ်နေရေး၊ ကျောင်းသွားကျောင်းပြန် လမ်းခရီးဝေးခြင်း၊ စာမလိုက်နိုင်ခြင်း စတဲ့ အနေအခြေတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မော်ချီးဒေသလိုမျိုး လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြို့နဲ့ဝေးလံတဲ့ ကယားပြည်နယ် ဒေသနေရာ တော်တော်များများမှာ အခက်အခဲအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးကြောင့် ကလေးတချို့ ပညာသင်ယူရေးမှာ အတားအဆီးဖြစ်နေပြီး ပညာဆက်လက်သင်ကြားဖို့ အခွင့်အရေးတွေ အများကြီးဆုံးရှုံး ခဲ့ကြရပါတယ်။ ဒီလို အခြေခံပညာမှအစ အလယ်တန်း အထက်တန်းအဆင့်ဆင့်ထိ ပညာသင်ကြားခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေ ကြံုတွေ့နေကြရတာနှင့်အမျှ ကျောင်းသားတွေအနာဂတ် ပညာရေးဟာ ပိုပိုပြီးပြီး နောက်ကျကျန် ခဲ့မှာ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း ယခုနှစ်စမှ စတင်ရောက်ရှိလာတဲ့ ကျောင်းအုပ်ကြီးကတော့ မလျော့တဲ့ ဇွဲနဲ့ လာမည့်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် ကျောင်းသူ၊ ကျောင်းသားတွေကို နှစ်စကပင် ဖိအားပေးကြိုးစား သင်ကြားပေးနေပါတယ်။
“မော်ချီးအတွက်ကတော့ မနှစ်ကလိုမျိုးမဖြစ်အောင် အားစိုက်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ နှစ်စကနေစပြီး အားစိုက်ပြီးမှ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနှစ်မှာတော့ အဲ့လို ဆိုးဆိုးဝါးဝါး အဖြစ်မျိုး လုံးဝမဖြစ်နိုင်ဘူးလို့ ယူဆပါတယ်↔လို့ ကျောင်းအုပ်ဆရာကြီးကနေပြီး မျှော်လင့်ချက် အလင်းရောင်ခြည် ပေးသွားခဲ့ပါတယ်။
ဒါကြောင့် လာမည့်နှစ်အတွက်မှာတော့ မော်ချီးဒေသဘက်က ကျောင်းသူ/သားတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြလို့ ဘဝအသက်မွေးဝမ်းကြောင်း တက္ကသိုလ်ပညာရပ်တွေမှာ ဆက်လက်သင်ယူနိုင်ကြတဲ့သူတွေ မွေးထုတ်လာနိုင်မယ်လို့ ကျောင်းအုပ်ဆရာကြီးကတော့ မျှော်လင့်လျက်။