ရွာထဲကို လှမ်းကြည့်လိုက်ရင် ရွာလယ်ခေါင်မှာ ရှည်လျားလှတဲ့ စျေးတန်းကြီးအလား ထင်မှတ်မှားရ လောက်အောင် ခရီးသည်တွေ ကုန်သည်ပွဲစားတွေ ဥဒဟို ၀င်ထွက်သွားလာနေကြတာကို မြင်တွေ့ရမှာပါ။
သစ်ဝါးတွေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ အထဲက ရွာသူရွာသား အများစုကတော့ စျေးဆိုင်ဖွင့်ထားကြသလို ရွာလယ်လမ်းမရဲ့ ဘေးတဖက် တချက်မှာတော့ လှေခါးထစ်စိုက်ခင်းတွေ၊ လယ်ကွက်တွေကို လွမ်းမောဖွယ် တွေ့နေရပါတယ်။ အဲဒီ လယ်ကွက်တွေရဲ့ အနောက်ဘက်မှာတော့ စိမ်းစိုနေတဲ့ သစ်အုပ် ၀ါးအုပ်ကြီးက မားမားရပ်နေသလိုပါပဲ။
ကယား(ကရင်နီ)ပြည် ရှားတောမြို့နယ်ထဲက နန်းအွမ် ဆိုတဲ့ရွာလေးရဲ့ တချိန်က ပုံရိပ်တွေကို ပြန်စဉ်းစား ရင်း အသက် (၄၅) နှစ်အရွယ် ဒေါ်မေလှိုင်တယောက် သက်ပြင်းအခါခါ ချနေမိတော့တယ်။
လူစည်ကားခဲ့ဖူးတဲ့ နန်းအွမ်ရွာလေးဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့တဲ့ ၁၉၉၅ ခုနှစ် ကစလို့ အစိုးရတပ်တွေရဲ့ ဒေသတွင်း ထိုးစစ်တွေအောက်မှာ ကံဆိုးစွာနဲ့ တရွာလုံး ပြာပုံအတိ ဖြစ်ခဲ့ရပါတယ်။
ဒီစစ်ဆင်ရေးတွေဟာ ရာထောင်ချီတဲ့ လူထုတွေကို အိုးပစ်အိမ်ပစ်နဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင် စေခဲ့သလို သူတို့တွေရဲ့ အသက်ဘေးအတွက် နေပူမရှောင် မိုးရွာမရှောင် နေ့မအား၊ ညမနားနဲ့ ပြေးလွှားနေခဲ့ရတဲ့ နေ့ရက်တွေဆိုတာ ကိုယ်တိုင်မကြံုဖူးတဲ့သူတွေကို ပြောပြလို့တောင် ယုံမှာ မဟုတ်ပါဘူး။
ဒေါ်မေလှိုင်ရဲ့ ခင်ပွန်းက KNPP တပ်မှာ အမျိုးသားရေး တာဝန်ထမ်းနေတဲ့ ရဲဘော်တယောက် ဖြစ်တဲ့အတွက် အဲ့ဒီကာလတွေတုန်းက ဇနီးနဲ့ ကလေးကို ကူညီမှု မပေးနိုင်ခဲ့ဘူးလေ။ ဇွန်၊ ဇူလိုင် မိုးတွင်းကာလ မိုးတွေရွှဲရွှဲစိုနေတဲ့ကြားက ၁ လသား သမီးငယ်လေး ကိုလွယ်ပြီး တောကျို တောင်ကြားတွေထဲမှာ ပြေးလွှား နေခဲ့ရတဲ့ အချိန်တွေကို ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဖူးလို့ ၀ဲကျလာတဲ့ မျက်ရည်ကို ပြန်သုတ်လိုက်ရင်း ဒေါ်မေလှိုင် က အခုလို ပြောပြခဲ့ပါတယ်။
"ကျမယောကျာင်္းကတော့ တိုက်ပွဲထဲမှာရှိတော့ စိတ်လည်းပူ စိုးလည်းစိုးရိမ်တာပေါ့နော်… ပြီးတော့ကျမမှာ ယောကျာင်္းရှိပြီး ယောကျာင်္းကို အားမကိုးရတော့ တော်တော်နဲ့ စိတ်ထိခိုက်သွားတာပေါ့။ ကျမအတွက် နွေးထွေးမှုတွေ မရှိတော့ဘူး အားကိုးရာမဲ့သလို ခံစားရတယ်"
“သူများတွေက ကျမတို့အိပ်ဖို့အတွက် ကာဗာ (cover) ကတုတ်ကျင်း သေးသေးလေးတွေ တူးပေးတယ်။ ဒါပေမယ့် မအိပ်ရဲဘူးဒီအတိုင်းပဲ ထိုင်နေရတာပေါ့…. ရန်သူဘယ်တော့ ထပ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာ..."
ပြေးလွှားရင်း တောတောင်တွေထဲ ပုန်းအောင်းနေရင်းနဲ့ပဲ ၁၉၉၆ ခုနှစ်မှာတော့ ဒေါ်မေလှိုင်နဲ့ မိသားစုဟာ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အခုဆို ဒုက္ခသည်စခန်းဟာ သူ့အတွက် လုံခြံုစိတ်ချရတဲ့ နားခိုရာ နေရာလေးတခုပေါ့။
စခန်းထဲမှာ သောင်းနဲ့ချီပြီး ရှိနေကြတဲ့ ဒုက္ခသည်တွေနည်းတူ သူတို့မိသားစုဟာလည်း ဆန်၊ ဆီ၊ ဆား၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြံုမှုတွေ ရရှိကြပေမယ့် အများအကျိုးအတွက် အသက်ကိုစွန့်ပြီး အလုပ်အကျွေးပြုတယ်နေတဲ့ သူမရဲ့ခင်ပွန်းသည်ဟာ လစာလည်း မရတာကြောင့် မိသားစုအတွက် ဘာထောက်ပံ့မှုမှ မပေးနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဒေါ်မေလှိုင်အားမလျော့ခဲ့ဘူးလေ။ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဒုက္ခသည် စခန်းထဲမှာ ကရင်နီဘာသာ သင်ကြားပေးတဲ့ ကျောင်းဆရာမအဖြစ် ၃ တန်း ၄ တန်း အဆင့်တွေကို သင်ပြပေးရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တာပေ့ါ။
ဒါတင် မကသေးပါဘူး။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ စခန်းထဲက ဒုက္ခသည်တွေအတွက်ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR အဖွဲ့မှာ လူမှုရေးလုပ်ငန်းတွေ ၀င်ရောက်ကူညီ ဆောင်ရွက် ပေးခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကနေ ဒီနေ့အထိမှာတော့ ကရင်နီအမျိုးသမီး အစည်းအရုံး KNWO မှာ တာဝန်ထမ်းဆောင်ခဲ့သလို တဖက်က မိသားစုတာဝန်တွေကိုလည်း ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် KNWO ရဲ့အစီအစဉ် ငါးခုထဲက အမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းမှာ တာဝန်ခံအဖြစ် လုပ်ဆောင်နေပါပြီ။
ဒေါ်မေလှိုင်လိုဘဲ ကရင်နီဒုက္ခသည်စခန်းမှာ ရဲဘော်မိသားစုတွေ အများအပြား ရှိနေကြသလို သူတို့တတွေ မှာရှိတဲ့ အခက်အခဲနဲ့ ကြမ်းတမ်းတဲ့ ဘဝအတွေ့အကြံုတွေက ဒေါ်မေလှိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တချို့က ခင်ပွန်းဖြစ်သူတွေ ရှေ့တန်းမှာကျဆုံးသွားပြီး မုဆိုးမဘဝ ရောက်သူရောက်နဲ ့ဖခင်မဲ့ သားသမီးအဖြစ် ရောက်နေတဲ့ မိသားစုတွေလည်း ဒုနဲ့ဒေးပါ။
ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က စစ်တိုက်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တဦးရဲ့ ဇနီးဖြစ်သူတဦးက သူမ ရင်ဆိုင်ကြံုတွေ့ နေရတဲ့ အခက်အခက်ကို အခုလိုပြောပြပါတယ်။
"နောက်ဘက်ကမ်းမှာနေတုန်းက အိမ်ရှိတယ်။ ဒါပေမယ့် ယောကျာင်္းဆုံးပြီးတော့ ကျမနဲ့ကလေးကို ဖမ်းခေါ် သွားကြတယ်။ ပြန်လွွှတ် လာတော့ကျမ ဒီဘက်ကိုထွက်လာခဲ့တယ်…. ဒီရောက်တော့ အိမ်မရှိဘူးပေါ့။ အိမ်တို့ဘာတို့က အခက်ခဲရှိတာပေါ့။ စားစရာကတော့ သူများဂိုဒေါင်က ဆန်ထုတ်ပေးတော့ဟင်းဖိုးပဲရှာ ရတာပေါ့"
ရဲဘော်မယားဖြစ်ရတဲ့ဘဝကြမ်းကို ဖြတ်သန်းလာခဲ့တဲ့ ဒေါ်မေလှိုင်တယောက် သူမရဲ့ သားသမီးတွေကို သွန်သင်ဆုံးမတဲ့ အခါတိုင်းမှာ အမြဲတမ်း ပြောလေ့ရှိတာက … "ဘဝမှာဘာမဆို ကြိုးစားရတယ်" တဲ့… သူမဆိုလိုရင်းက… ရဲဘော်ခင်ပွန်းသည်တွေက မိသားစုတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ အားအင်တွေ ကုန်ဆုံးကုန်ပြီး ဘာတခုမှ မလုပ်ကြတော့ဘူး ဆိုရင် ခါးသီးတဲ့ ဘဝကြမ်းကြီးထဲကနေ ဘယ်တော့မှ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါဘဲ။
အခုဆို KNPP နဲ့ မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် အပစ်ခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားကြတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့ ကနေ ယနေ့ထိ ဆိုရင်ဖြင့် တနှစ်ဝန်းကျင်တောင် ရှိသွားပါပြီ။
လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက်က KNPP နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမယ့်လို့ သုံးလ အကြာမှာ ပြန်လည်ပျက်ပျယ်ခဲ့ပြီး တိုက်ပွဲတွေပြန် ဖြစ်ပွားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူပြီးတဲ့နောက် ပြန်ပျက်ပျယ်သွားတဲ့ အဖြစ်မျိုးဟာ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နေတဲ့အခြေအနေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာနိုင်တဲ့ အတွေ့အကြံုတွေ ရှိခဲ့တာမို့ လူတွေရဲ့အသက် ပေါင်းများစွာ ဆုံးရှံုး ခံခဲ့ရသလို အပြစ်မဲ့တဲ့ ကလေးငယ်တွေ ဒုက္ခရောက်ကြရတဲ့ အဖြစ်ဆိုးတွေကို ဒေါ်မေလှိုင် ကောင်းကောင်း ခံစားခဲ့ရပြီးပါပြီ။
ဒါကြောင့်အခု KNPP နဲ့ အစိုးရတို့ နှစ်ဦးနှစ်ဘက် ကြိုးပမ်းနေကြတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် ဒေါ်မေလှိုင်က... "ဒီအနှစ်၂၀ ကျော်အတွင်းမှာ တို်က်ပွဲပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်လွှား နိုင်ခဲ့တယ်။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အထိပေါ့။ ဆက်လက်ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
ရဲဘော်တွေရဲ့ သားမယားတွေဟာ သာမန်ပြည်သူလူထုတွေလိုပါဘဲ။ သာယာတဲ့ မိသားစု၊ ပျော်ရွှင်တဲ့ မိသားစုဘဝကို သူတို့လည်း ပိုင်ဆိုင်ချင်ကြတာပါဘဲ။ ခင်ပွန်းသည်က သေနတ်ကိုင်ထားလို့ မိသားစုတွေရဲ့အခြေအနေက သာမန်ပြည်သူတွေထက် သာရမယ်ဆိုတဲ့ စိတ်နေသဘောထားနဲ့ အယူအဆတွေ သူတို့မှာမရှိကြပါဘူး။
ဒေါ်မေလှိုင်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြရင်ဖြင့် ပြာကျသွားခဲ့ရတဲ့ မြို့မကျ၊ ရွာမကျဆိုတဲ့သူမရဲ့ နန်းအွန်ရွာဟောင်းလေးကို တချိန်က လူသူစည်စည်ကားကားနဲ့ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနေထိုင်ကြတဲ့ အခြေအနေမျိုး ပြန်ရောက်ချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူမ ပြောခဲ့တဲ့ စကားတွေထဲက ရင်ထဲစွဲကျန်စေခဲ့တဲ့ တခွန်းကတော့… "အများပြည်သူလိုလား တောင်းတနေကြတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ မိသားစုနဲ့ စုံစုံလင်လင် နေရတဲ့အချိန်ဟာ အပျော်ဆုံးပဲ…" တဲ့…။