ရဲဘော်…ဟူသည်

ရဲဘော်…ဟူသည်
by -
ကန္တာရဝတီတိုင်း(မ်)

မနက်ခင်းရဲ့ ဝေလီဝေလင်းအချိန် မနက် ၅ နာရီခွဲရောက်ပြီဆိုရင် ကရင်နီရဲဘော်တွေဟာ ၀ီစီ(ခရာ) မှုတ်သံကြားတာနဲ့ တန်းစီကြရပါတယ်။ တကယ်လို့များ တန်းစီချိန်ကို နောက်ကျပြီးရောက်လာရင်တော့ ဒိုက်ထိုးတဲ့ ဒဏ်ပေးစနစ်ကို ခံရပါတယ်။ ဒါတွေကတော့ နေ့စဉ်ကြံုတွေ့နေရတဲ့ ရဲဘော်တို့ရဲ့ အချိန်လေး တခုပါ။

ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေတီ)

ရဲဘော်ဆိုတာ အထက်လူကြီးတွေရဲ့ အမိန့်ကို နာခံရပါတယ်။ အမိန့်ပေးလာပြီဆိုရင် အာခံလို့မရသလို အချောင်ခိုလို့လည်း မရပါဘူး။ သွားဆိုသွား၊ လုပ်ဆိုရင် လုပ်ရတာပါ။ အစီရင်ခံစာလဲ တင်ရပါတယ်။

ကရင်နီအမျိုးသား တပ်မတော်မှာ အမိန့်နာခံခြင်းမရှိလို့ ထုတ်ပယ်ခံလိုက်ရတဲ့ ရဲဘော်တွေကလည်း အများကြီးပါ။ အရင်နှစ်ကုန်ပိုင်း တုန်းကတော့ လူဦးရေ ၆၀ ကျော်၊ ဒီတနှစ် နှစ်ဆန်းပိုင်းတုန်းကတော့ ၈၀ လောက် ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ကရင်နီ တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

"ထုတ်ပယ်တဲ့ဟာက သတင်းမပို့ဘူး။ သတင်းမပို့တော့ တပ်စည်းကမ်းအရ ထုတ်ပယ်ရတာပေါ့။ ဒါပေမယ့် တပ်မှာပဲ ထုတ်ပယ်တယ် တော်လှန်ရေးအဖွဲ့အစည်းမှ ထုတ်ပိုင်ခွင့်မှမရှိပဲ။ အဲဒါသဘောပေါက်ဖို့လိုတယ် ဥပဒေကြောင်းအရ" လို့ပြောပါတယ်။

ထုတ်ပယ်လိုက်တဲ့ အသုတ်တွေထဲမှာဆိုရင် တချို့က တတိယနိုင်ငံကို သွားပြီးတာ ၃၀ ၀န်းကျင်လောက်ရှိပြီ။ တချို့ကလည်း သွားဖို့ သေချာပေမယ့် နားဖို့ ခွင့်မတောင်းတာ၊ တချို့ကလည်း သင်တန်းတက်ပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သွားလုပ်ပြီး ပြန်မလာတော့ ဗိုလ်၊ ဆရာ တွေပြန်ခေါ်ရင်လဲ မပြန်လာဘူး။  တချို့ကလည်း အိမ်မှာပဲပြန်နေတယ်။ သုံးလေး နှစ်ထိ နားဖို့ ခွင့်မတောင်းတော့ ထုတ်ပယ်ရတာဖြစ်တယ်။ နောက်ကျန်တဲ့ သူတွေကတော့ လုံးဝအမိန့်နာခံမှု မရှိတဲ့လူတွေ ဖြစ်တယ်လို့လည်းပြောပါတယ်။

"ကရင်နီရဲဘော်က ဘဝတူတွေပါပဲ။ ဆိုတော့ ကိုယ်ချင်းစာတယ်။ ဒါပေမယ့် သူတို့မှာက စာမတတ်၊ ပေမတတ်၊ ဥပဒေနားမလည်၊ စည်းကမ်းလိုက်နာချင်ပေမယ့်လည်း မိသားစုအရေးကြောင့်၊ တတိယနိုင်ငံ ကြောင့်၊ ဘာကြောင့်ညာကြောင့်ပေါ့ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားတာလဲရှိတယ်။ ဒါပေမယ့် အလုပ်လုပ်တိုင်းကတော့ အားလုံးမှန်တယ်လို့ကတော့ မရှိဘူးပေါ့။ ထုတ်တဲ့လူလဲ အမှတ်ရှိရင်ရှိမယ်၊ အထုတ် ခံရတဲ့လူကလည်း အမှတ်ရှိရင် ရှိမှာပေါ့"

တပ်ကိုသတင်းမပို့တာ သုံးလေးငါးရက်မဟုတ်တော့ပဲ လနဲ့ချီပြီးမှ သတ်မှတ်ရက်ထက် ကျော်လွန်ပြီးတော့မှ အမိန့်ပျက်လာတယ်။ နောက်ပြီးတော့ အလုပ်ကိုပြန်လုပ်ဖို့ အကြောင်းကြားတဲ့အချိန်မှာလည်း နားမထောင် တော့ တပ်စည်းကမ်းအရ ထုတ်လိုက်တယ်။

အခုလို အစီရင်ခံစာ မတင်တော့ ဘယ်ကိုရောက်မှန်းမသိ၊ သေသလား၊ ရှင်းသလားဆိုတာ မသိတော့ စီစစ်ရ ခက်တော့ တရားဝင်ထုတ်ပြန်စာ ပေးပို့ပြီး ထုတ်ပယ်လိုက်ရတာလည်းဖြစ်တယ်လို့လည်း ဗိုလ်ချုပ်အောင်မြတ် က ပြောပါတယ်။

စစ်ကြောင်းကြီးဆိုရင် တပ်ရင်းမှူး၊ ဒုရင်းမှူးတွေက ၂ ပတ်နဲ့ အစီရင်ခံစာတင်ရတယ်။ စစ်ကြောင်းငယ် တယ်ဆိုရင် ၁၀ ရက်လောက်နဲ့ အစီရင်ခံစာတင်ရပေမယ့် အားလုံးကတော့ အစီရင်ခံစာ အကုန်တက်ကြရ တယ်လို့ စစ်ဦးစီးရုံး အရာရှိ တယောက်က ပြောပါတယ်။

"စစ်ကြောင်းမှူးအာဏာအရှိဆုံး။ သူ့ဘေးမှာ လူယုံတယောက်ရှိတယ်။ စစ်ကြောင်းမှူးရဲ့ ကိုယ်ရေးအရာရှိ မဟုတ်ရင် ရုံးစာရေးရှိနိုင်မယ်။ မှတ်တမ်းတွေလုပ်ရတယ်။ ပြန်ရောက်ရင် အကုန်လုံးလုပ်ရတယ်"

ဘယ်အချိန်၊ ဘယ်ရက်က စထွက်လဲ။ လူဘယ်နှစ်ယောက်သွားလဲ။ ဗိုလ်၊ တပ်စိပ်မှူး၊ ဒုခွဲမှူး၊ ခွဲမှူး အဆင့် ဘယ်နှစ်ယောက်ပါလဲ။ တပ်စု ဘယ်နှစ်စုပါလဲဆိုတာကအစ အကုန်ရေးမှတ်ထားရတယ်။  နောက်ပြီး လက်နက်ဘယ်နှစ်လက်ယူသွားလဲ၊ ကျည်ဆံ ဘယ်လောက်လဲ။ ပြန်လာတဲ့နေထိ တိုက်ပွဲ ဘယ်နှစ်ပွဲ ဖြစ်ခဲ့လဲဆိုတာတွေကို အစီခံစာတင်ရတာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားသွားပါတယ်။

"တကယ်လို့ ဒဏ်ရာရတယ်ဆိုရင်လဲ။ ဒီလောက်ဒဏ်ရာရတယ်။ သူနာမည်က ဒီလိုဆိုပြီး ကိုယ်ပိုင်နံပတ်ကဒါ။ တကယ်လို့ ဘာမှမဖြစ်ဘူးဆိုရင် မဖြစ်ဘူး။ ဒီတပွဲမှာ ကျည်ဆံဘယ်လောက်ကုန်သွားလဲ။ သေနတ်တချို့ ပျက်သွား လားဆိုတာတင်ရတယ်။  အသေးစိပ်အစီရင်ခံစာ တက်ရတယ်"

အခုလို တပ်ရဲ့ စည်းကမ်းရှိတဲ့အတွက် တပ်စည်းကမ်းတွေ မလိုက်နာသူကို ထုတ်ပယ်ရတာဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ခူးဖဲဘူး ပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ တပ်ဆိုတာက စုစုစည်းစည်းနဲ့ အထက်အမိန့်ရဲ့ ညွန်ကြားမှုတွေ၊ အထက်အမိန့်တွေကို နာခံရမှာပေါ့။ ဒါပေမယ့် ဒီမှာက လျှော့ရဲတော့ တခြားစည်းကမ်းလိုက်နာတဲ့ တပ်ဗိုလ်တပ်မှူးနဲ့ ရဲဘော်တပ် သား တွေပါပါ လိုက်ပျက်စီးမှာဆိုးလို့ တပ်ရဲ့စည်းလုံးညီညွတ်မှုကို ပျက်စီးမှာစိုးလို့ ထုတ်လိုက်တယ်လို့ပဲ သိရပါ တယ်"

တကယ်လို့များ ထုတ်ပယ်ခံလိုက်ရတဲ့ ရဲဘော်တွေက တပ်မတော်အတွင်းမှာ ပြန်လည်ပြီးတော့ တာဝန် ထမ်းဆောင်ချင်တယ်ဆိုရင် သတင်းပြန်ပို့ရမယ်၊ ပြီးတော့ မွမ်းမံသင်တန်းပေးပြီးတော့ ပြန်လက်ခံဖို့ ရှိတယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောသွားပါတယ်။