ဒီလို အရောင်မရှိှိတဲ့နေ့တွေမှာ အတွေးဧကစာပျံ့လို့ တောင်ညိုတောင်တန်း တစ်လျှောက်ဆားနံ့သင်းတဲ့ လေ တွေအောက်က ရွှေဖြူလို့ ချစ်စနိုးခေါ်ကြတဲ့ ဇာတိမြို့လေးကို ကျနော်လွမ်းတယ်။
စက်စဲ ကမ်းခြေ ဘုရားပွဲတော်နဲ့ သဲသောင်ပြင်ပေါ် မြင်းဒုန်းစိုင်းစီးတဲ့အရသာ။ ပင်လယ်ထဲကိုခြေလွတ်လက် လွတ် ခုန်ပေါက် ပြေးဝင်လိုက်ရတဲ့ပျော်ရွှင်မှု။
ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ဆံတော်ရှင် ၁၁ ဆူ ကျိုက္ခမီ ရေလည်ဘုရား ပွဲတော်နဲ့ နံနက်စောစော ဆွမ်းအိုးမျှော်ပွဲ ရှင်ဥပဂုတ် ဖောင်လွှတ်ပွဲ၊ မိသားစု အတူ တည်ဖူးခဲ့ကြတဲ့သဲပုံစေတီ။
ကျနော်တို့ နယ်ဘက်တွေက တောင်မြင်ရင် စေတီတည်ကြလား မသိဘူး။ အင်ကြင်းတောင်၊ ကကတစ် တောင်၊ ဖောင် စိန်တောင် အကုန် စေတီပုထိုးတွေချည်းပဲ။
မြို့ပေါ်ကဝဲကလိ ရေပူစမ်း၊ ရေတံခွန်၊ ကျိုက်ဒေစွတ် ဆံတော်ရှင် စေတီတော်ဘုရားပွဲကျရင် ညဘက် တောင်ပေါ်ကို ပျော်ပျော်ကြီးတက်ခဲ့ကြတာ။ ပြင်ဦးလွင်လိုမျိုး စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခု လည်း ၀ဲကလိမှာရှိတယ်။
မြို့အဝင်မှာ ခရမ်းရော်ဘာချက်စက်ရုံနဲ့ မြို့အထွက်မှာ အဝေးပြေးကားဂိတ်တစ်ခုရှိတယ်။ မြို့မစျေးကြီး တစ်ခုကိုပဲ အဓိက ထားပြီး အသုံးပြုကြတယ်။
ဒုတိယ ကမ္ဘာစစ်ဗြိတိသျှ စစ်သားတွေနဲ့ မဟာမိတ် တပ်သားတွေရဲ့ အမှတ်တရ စစ်သချိုင်းဘေးက ကံ့ကော်လမ်းနဲ့အ မှတ်(၂)အထက၊ ငယ်သူငယ်ချင်းများ၊ ကျနော်လူပျိုလှည့်ခဲ့တဲ့ အမှတ်(၁)အထက ကိုလည်းလွမ်းပါ့။
ငယ်ဘဝ လေသေနတ်ကိုယ်စီနဲ့ ငှက်ပစ်ထွက်ခဲ့ကြတဲ့ ဂျပန်စစ်စခန်းဟောင်း ဂျပန်ဂူ၊ နာမည်ကြီး မိန်ပရ (မှိန်ပျပျ) တောင်တန်း။ (ဂျပန်တွေ ဆုတ်တုန်းက ရွှေငွေ အဖိုးတန် ပစ္စည်းတွေ ခုထိမြုပ်နှံထားတုန်းပဲလို့ ပါးစပ်ရာဇဝင်ရှိတယ်)
ဖောင်စိန် ဆိုတာက ရှေးမွန်ဘုရင်တွေခေတ်က ဆင်တွေရေဆင်းချိုးတဲ့နေရာပေါ့။ မုတ္တမပင်လယ်အော်ထိကို လှေ သမ္မာန်တွေ သွားလာလို့ရတယ်။ ခုတော့မြစ်ကနေ ချောင်းဖြစ်ပြီး ကောနေပါပြီ။
မေ့နေတာ လူဆိုးတွေနဲ့ ကျောင်းပြေးပြီး ရထားခိုးစီး ကလော့သော့တံတားမှာ လောက်စာလုံးတွေ သွားလုံးပြီး ရေ သွားကူးကြတာ။
ကရုပ္ပိတံတားမှာလည်း ငါးသွားမျှားဖူးတယ် ရေစီးတအားသန်တယ်။ ငါးမရ ရေချိုးပြန်ခဲ့တာပေါ့။ ၁၉၉၀ ၀န်းကျင် လောက်က တံတား ၂ ခုလုံး မွန်တော်လှန်ရေးစစ်သားတွေ ဗုံးခွဲဖျက်ဆီးခံရပြီးမှ ပြန်ပြင်ထားတာ။ မှတ်မှတ်ရရ ၉၀ ၀န်းကျင်ပဲ သံဖြူဇရပ်မြို့ကို မွန်တပ်တွေ ၁ ရက်သိမ်းဖူးတယ်။ ထူးဆန်းတာက လူတစ်ယောက်မှ အသေအဆုံးမရှိလိုက်ဘူး။ သြော် သူ့နယ်သူဝင်သိမ်းတာကိုး။
ခုထိအသုံးပြုနေဆဲ အဓိကလမ်းမတွေက အင်္ဂလိပ်ခေတ်ကတည်းကခင်းခဲ့တဲ့လမ်းတွေပဲ။ ပေါက်လိုက်ဖာ လိုက် ခုထိ ဒါပဲသုံးနေဆဲ။
မော်လမြိုင် တက္ကသိုလ်မှာတော့ သံဖြူဇရပ်သူတွေ ချောတယ်ဆိုပြီး ရေပန်းစားတယ်။ တိုင်းအဆင့်လှယဉ် ကျေးမယ် သိသလောက်တော့ နှစ်ယောက်ပဲ။ သံဖြူဇရပ်က နုနုဆွေရယ် ကျံုကဒတ်က တစ်ယောက်ရယ်၊ နောက်ပိုင်းတွေ တော့မသိတော့ဘူး။
မိုးရာသီဆို အမြဲတမ်း ဘော်လုံးပွဲတွေနဲ့ ပြည့်နေတဲ့ ကြာကန်ဘော်လုံးကွင်း၊ ကျေးရွာနဲ့ရပ်ကွက်ပေါင်း စုံပေါင်း စုံ ဘော်လုံးပြိုင်ပွဲ ကျင်းပရာ မြို့မဘော်လုံးကွင်း(ကျနော်တို့ရပ်ကွက်က ဒိုင်းအများဆုံးရဖူးတာပဲ။ ကြာကန်သားကွ)
နွေဘက်ဆောင်းဘက်တွေဆို တရားပွဲတွေ ခြိမ့်ခြိမ့်သဲပေါ့။သီတင်းကျွတ်ကျရင် မီးပုံးတွေ တစ်မြို့လုံး အပြိုင် အဆိုင်လွှတ်ကြတာ။
ကျနော်တို့က သိမ်ကျောင်းအဖွဲ့ပေါ့။ သူများနဲ့မတူအောင် အကြီးဆုံးမီးပုံးပျံတွေလွှတ်တာ။ အဖိတ်နေ့တိုင်း လုပ်အား ပေးခဲ့တဲ့ ဥပသကာအဖွဲ့ကိုလည်း သတိရတယ်။
မြို့လယ်က ဆေးအသစ်တွေ အမြဲ ထပ်ထပ်သုတ်ပြီး ဘယ်တော့မှ မလည်တဲ့နာရီစင်အို နဲ့ အထိမ်းအမှတ် ဇရပ်၊ မွန် တို့ရဲ့ နန်းမြို့တည်ရာ ၀ါခရူနန်းတော်ဟောင်းနဲ့ အဘိုးနဲ့အမြဲလိုက်ကြည့်ခဲ့တဲ့ နွားဝှေ့ပွဲများ၊ လောင်းကြေးတွေက အိမ်တိုင်းက တစ်နှစ်လုံး စုထားတဲ့လောင်ကြေးတွေကို တစ်နယ်လုံး စုပုံလောင်းတာ။
မှောင်ခိုခေတ်တုန်းက ဒုတိယ ပီနန်လို့တင်စားရတဲ့အထိ အကြီးအကျယ်ကုန်သွယ်ခဲ့ကြတယ်။ ဘုရား ၃ ဆူထိ ရ၂ မိုင်။ ယိုးဒယားနယ်စပ်နဲ့က မိုင် ၁၀၀ ကျော်လောက်ပဲဝေးတယ်။
ပင ထန်းရည်ဆိုင်တွေနဲ့ဆွမ်းလောင်းပွဲတော်။ ရွာတွေမှာလည်း ရွာလုံးကျွတ် အလှူပွဲတွေ ရှိတယ်။ တစ်ရွာလုံး အိမ်တိုင်း အလှူအိမ်၊ လှလှပပ တန်ဆာဆင် သီချင်းတွေဖွင့် ကြိုက်တဲ့အိမ်တက်စား၊ ကြိုက်ရာမုန့်စား။ အရပ်ရပ်ကလာကြ တဲ့ လှည်းအလှယာဉ် ရာပေါင်းများစွာ စီတန်းပြီးသွားကြတဲ့ အံခဲ ကမ်းခြေရေလည် ဘုရားပွဲတော် နဲ့ အနင်းဘုရားပွဲ တော်လည်း လူတိုင်းပြောစမှတ်ပြုရတဲ့ စည်ကားပြီး နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ဘုရားပွဲပါ။
ဆယ့်နှစ်ရာသီပွဲတော်တွေအပြင် ဘုရားပွဲ၊ ဘုန်းကြီးပျံ၊ ကျေးရွာအလှူတွေပေါင်းတော့ လုံးလုံးပြားပြား ကျုပ်တို့မြို့ ဟာ ကျုပ်တို့ကမ္ဘာပဲ။
ကမ္ဘာမှာသံဖြူဇရပ်ကလို့ပြောလိုက်ရင် သေမင်းတမန်ရထားလမ်းဆိုပြီး သိကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြား တဲ့မြို့ လေးပါပဲ။ လွန်ခဲ့တဲ့ ၃ လ လောက်က အလည်ရောက်တော့ တစ်မြို့လုံးနီးပါး ချဲ၊ ဘော်လုံး၊ ကစားနည်းပေါင်းစုံနဲ့မြို့လေးဟာ အသက်ငွေ့ငွေ့နဲ့အရိုးပြိုင်းပြိုင်းထနေသလိုပဲ။ ရာဘာရွက်ကြွေတော ထဲလျှောက်ရင်း လူတွေရဲ့မျှော်လင့်ချက် မဲ့တဲ့မျက်လုံးတွေ။
စိုက်ပျိုးသူမဲ့ လယ်ယာတွေ၊ နိုင်ငံခြားမှာ တရားမဝင် အလုပ်သွားလုပ်ပြီး ၀င်ငွေရှာ၊ တိတ်တိတ်ပုန်း အေစ့်(AIDS) ကိုက်နေတဲ့ မြို့တွေ ရွာတွေ။
ပြည်သူ့စစ်တွေခုထိ အုပ်ချုပ်နေတဲ့ အညိုရောင် နယ်မြေ ဇာတိမြို့လေးမှာ အရင်က အရမ်းကိုစည်ကားခဲ့ တဲ့ မြို့ လည်ရုပ်ရှင်ရုံ နှစ်ရုံ၊ တစ်ရုံမှမပြတော့တာ နှစ် အတော်ကြာပြီ။
လိုအပ်ရင် လိုအပ်သလို ပေါ်တာတွေလည်း ပရမ်းပတာဆွဲ။ မြို့လယ်က ချစားနေတဲ့ဆက်ကြေးစား ရဲစခန်းနဲ့ သေနတ် တကားကားနဲ့ လူမိုက်ဂုဏ်မောက်နေတဲ့ ပြည်သူ့စစ်တွေ။ ပါလေရာ နှမ်းဖြူး ဖုန်းပါမစ်တွေ ရှိသမျှလုပ်ပိုင်ခွင့်တွေကို စစ်အစိုးရနဲ့ဝေစားမျှစား ကြံ့ဖွတ်တွေ၊ ၃၁ နဲ့ ၆၂ တပ်ရင်းနှစ်ရင်း ခွစီးပြီး ဂုတ်သွေး စုပ်ခံနေရတာ ကျနော်သိခဲ့ပြီ။
ကျနော်မသိတော့တဲ့ မွေးရပ်မြေ။ ဒီမြေမှာနေ ဒီရေကိုသောက် ဒီလမ်းကိုလျှောက်ပြီး ဒီလူတွေအပေါ် ဒီလို တောင်းခံနေတာမျိုး နေပြည်တော်က လွဲလို့ မြန်မာ တစ်ပြည်လုံးပါပဲ။