မွန်ပြည်သစ်ပါတီ ၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်း ဘီးတကြော့ပြန်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်း ဘီးတကြော့ပြန်
by -
မင်းစိုင်းနွန်ဒေါ
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ဆိုလျှင် မွန်ပြည်သစ်ပါတီ စတင်ဖွဲ့စည်းခြင်း ၅၁ နှစ် တင်းတင်းပြည့်လေပြီ။ ဘာကြောင့် မွန်ပြည်သစ်ပါတီ ဖြစ်ပေါ်လာရခြင်းနှင့် မွန်အမျိုးသားတို့ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ရသည့် အခြေခံ အကြောင်းအရာ ...

 
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ဆိုလျှင် မွန်ပြည်သစ်ပါတီ စတင်ဖွဲ့စည်းခြင်း ၅၁ နှစ် တင်းတင်းပြည့်လေပြီ။ ဘာကြောင့် မွန်ပြည်သစ်ပါတီ ဖြစ်ပေါ်လာရခြင်းနှင့် မွန်အမျိုးသားတို့ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ရသည့် အခြေခံ အကြောင်းအရာ များစွာတို့မှ အဓိကကျသော သော့ချက်နှစ်ရပ်ကို မီးမောင်းထိုးတင်ပြလိုပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးမရမီ ကြားကာလတွင် နိုင်ငံရေးအသိ နိုးကြားလာသော ပညာတတ် မွန်မျိုးချစ် ခေါင်းဆောင်များနှင့် မွန်လူငယ်များတို့က မွန်လူမျိုးတို့၏ လက္ခဏာကို ဤကဲ့သို့ ရှုမြင်ကြသည်။
 
မွန်လူမျိုးသည် (၁) သမိုင်းစဉ်အရ တည်တ့ံခိုင် မြဲသောလူမျိုး
(၂) သီးခြားစာပေ၊ ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုရှိခြင်း
(၃) စုစည်းနေထိုင်ရာပထဝီဒေသရှိခြင်း (၄) စီးပွားရေးအရ လယ်ယာခြံမြေတို့ကိုအခြေခံ၍ ခိုင်မာစွာရပ်တည်နေထိုင်နိုင်သော လူမျိုးတမျိုးဖြစ်သည်၊ ထို့ကြောင့် မွန်အမျိုးသားတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရထိုက်သည်၊ ၄င်းရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဒီမိုကရေစီနည်းအရ အဖြစ်နိုင်ဆုံး တောင်းဆိုတိုက်ပွဲဝင်သွားရန် ဖြစ်သည်၊ ထို့ကြောင့် မွန်ခေါင်းဆောင်များက မွန်အမျိုးသားတို့၏ ယဉ်ကျေးမှုဆိုင်ရာ တောင်းဆိုချက်(၇) ရပ်ကို ဖဆပလအစိုးရနှင့် ဖဆပလအဖွဲ့ချုပ်သို့ တင်ပြခဲ့သည်။
 
(၁) အစိုးရပထမပြန်စာမေးပွဲများတွင် မွန်သံဃာတော်များအတွက် ပုစ္ဆာများကို မွန်ဘာသာဖြင့် မေးမြန်းပေးပါရန် နှင့် မွန်၊ပါဠိပထမပြန် ကော်မတီတခုဖွဲ့ပေးပါရန်၊
(၂)မွန်နယ်များရှိ မူလတန်းကျောင်းများတွင် မွန်စာကိုသင်ကြားခွင့်ပေးရန်နှင့် မွန်ပညာရေးအတွက် ရံပုံငွေ သီးသန့်ကို အုပ်ချုပ်စီမံနိုင်သည့် မွန်ပညာရေး ဘုတ်အဖွဲ့တခုဖွဲ့စည်းပေးပါရန်၊
(၃) မွန်များနေထိုင်ကြသော ခရိုင်၊ မြို့နယ်၊ ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသားများအား အစိုးရအမှုထမ်းအရာထမ်းများ ခန့်အပ်နေရာချထားပေးပါရန်၊
(၄) မွန်အမျိုးသားအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွတ်တော်တွင် အချိုးကျလူဦးရေအလိုက် သီးသန့် မွန်ပြည်နယ် ကိုယ်စားလှယ်အမတ်များ ပေးပါရန်၊
(၅) အာဏာနှင့်ပြည့်စုံသော မွန်ရေးရာကောင်စီတခု ဖွဲ့စည်းပေးပါရန်၊
(၆) အခြားတိုင်းရင်းသားနည်းတူ ဗဟိုအစိုးရလက်အောက်ခံ မွန်အမျိုးသားစစ်တပ်များ ဖွဲ့စည်းပေးပါရန်၊
(၇) မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးရေးအတွက် ကြိုးပမ်းကြသော မွန်လူမျိုးစုအား အခြားလူမျိုးစုများနည်းတူ လွတ်လပ်စွာပြောဆို၊ ရေးသား၊ စည်းရုံး၊ ဆန္ဒပြနိုင်ခွင့်များပေးပါရန် စသဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် သွားရောက်ဆွေးနွေးရာကြတွင် မွန်ခေါင်းဆောင်များဖြစ်ကြသည့် နိုင်လှမောင်၊ နိုင်ဘလွင်(နိုင်ရွှေကျင်)၊ မွန်စံသူတို့ တက်ရောက်ခဲ့သည်။
 
ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေဦးဆောင်ပြီး မွန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြသည်၊ ဦးဗဆွေက မွန်တို့သည် မွန်တိုင်းရင်းသားများ ဖြစ်သည် မှန်သော်လည်း မွန်နှင့်မြန်မာမှာ ကိုးကွယ်သောဘာသာ၊ ယဉ်ကျေးမှုများမှာ အတူတူပင်ဖြစ်၍ မွန်နှင့်မြန်မာခွဲခြားစရာမလိုဟု မိမိတို့ ဖဆပလက လက်ခံယုံကြည်သည်၊ မြန်မာပြည် လွတ်လပ်ရေရရှိပြီးနောက် ဆိုရှယ်လစ်စနစ်အရ ဆိုရှယ်လစ်စီးပွားရေးကို ဆောင်ရွက်သွားလျှင် မြန်မာပြည်ရှိလူတိုင်း၊ လူမျိုးတိုင်းတွင် စီးပွားဖွံ့ဖြိုးလာပြီး လူတန်းစားအရ သွေးစုပ်ချယ်လှယ်မှု ပပျောက်သွား မည်ဖြစ်သည်၊ ဤသို့ စီးပွားရေးအရ လူတန်းစားပြဿနာ ဖြေရှင်းသွားလျင် လူမျိုးရေးလည်းပြေလည်သွားမည် ဖြစ်၍ မွန်တို့တောင်းဆိုချက်နှင့် ပတ်သက်၍ ဆိုရှယ်လစ်စီးပွားရေးတည်ဆောက်သွားရင်း မွန်အမျိုးသားကိစ္စမှာလည်း ရှင်းလင်းသွား မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
 
၁၉၄၇ ခုနှစ် ပထမဆုံးအကြိမ်ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ မပါဝင်ခဲ့ပေ။ မြန်မာရာဇဝင်သမိုင်းကို ပြန်ပြောင်းလေ့လာလျှင် မြန်မာမပါလျှင်မပြီးသလို၊ မွန်မပါလျှင်လည်း မပြီးသောသမိုင်းသာဖြစ်သည်။ သို့သော် လွတ်လပ်ရေးကြေညာသောအခါ သမိုင်းတွင်ထင်ရှား
သော မွန်အမျိုးသားတို့မှာ ချင်း၊ ကချင်၊ ကယားကဲ့သို့သော လူမျိုးရေးအရ အသိအမှတ်ပြုခြင်းမခံခဲ့ရပေ။
 
မွန်အမျိုးသားပြဿနာနှင့် ပတ်သက်၍ ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့လွတလပ်ရေးတိုက်ပွဲတွင် မြန်မာ ၅ဝဝဝ မွန် ၃ဝဝဝ ပါဝင်ခဲ့သည် လည်း ဖော်ပြခဲ့သည်။ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော ဖဆပလ ပြင်ဆင်မှုကော်မတီတွင် “မွန်လူမျိုးကိစ္စဆိုရင်တော့ သူတို့မှာ အခုလူမျိုးရေးလူနည်းစုအဖြစ်နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်ကလွဲရင် တခြားနစ်နာချက်တွေ မရှိပါဘူး၊ မွန်ရယ် ဗမာရယ် ခွဲခြားပြီး ကရင်သဘောထားလို ထားစေချင်လို့ မဖြစ်ဘူး” လို့မိန့်ကြားခဲ့သည်။
 
သို့သော် ဗိုလ်ချုပ်ကျဆုံး သွားပြီးနောက်ဖဆပလခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒကို ဆန့်ကျင်သည်မှာ မွန်အမျိုးသား များတောင်းဆိုခဲ့သော အချက် (၇) ချက်ကို ပယ်ချလိုက်ခြင်းက သက်သေ ထူလျက်ရှိ၏ ဖဆပလ ခေါင်းဆောင်များ၏ ယုံကြည်ချက်ခံယူချက်မှာ လူမျိုးရေးသည် စီးပွားရေး၏ လက်အောက်ခံဖြစ်၍ စီးပွားရေးကို ဖြေရှင်းလိုက်လျင် လူမျိုးရေး ပြဿနာသည်လည်း ပြေလည်သွားမည် ဖြစ်သည်။
 
မွန်လူမျိုးရေးရာအဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသား အစည်းအရုံး၏ အမှုဆောင်တချို့ တွေ့ဆုံဆွေး နွေးကြပြီး ဘုံ လုပ်ငန်းစဉ်ဖြစ်လာသော မွန်ပြည်နယ် ဖော်ထုတ်ရေးအတွက် ညှိနှိုင်းကြသည်။ နှစ်ဖွဲ့စလုံးက မွန်ပြည်နယ်ကို  ဒီမိုကရေစီ တိုက်ပွဲလမ်းစဉ်နှင့် ဖေါ်ဆောင်သွားလျှင် အာဏာရ ဖဆပလအဖွဲ့က ပိတ်ပစ်မည်။ ထို့ကြောင့် ဒီမိုကရေစီ တိုက်ပွဲလမ်းစဉ် ပိတ်ဆို့ခြင်းခံရလျှင် မွန်ပြည်နယ်ကို မည်သို့ ဖေါ်ဆောင်ရမည်ကို ညှိနှိုင်းကြသည်။ လက်နက်ဖြင့် အားကိုးပြီး ဒီမိုကရေစီတိုက်ပွဲကို ပိတ်ပစ်လျှင် လက်နက်ဖြင့် ပြန်လည်ထိုးဖောက်ပြီး မိမိ လုပ်လိုသော နိုင်ငံရေးကို ဆက်လုပ်ရမည်ဟူသော သဘောတရားကို လက်ခံကြသည်။ (စစ်သည် မပြီးဆုံးသေးသော နိုင်ငံရေးကို ဆက်လုပ်သည်ဟူသော သဘောပင်ဖြစ်သည်)
 
သို့ဖြစ်ရာ ၁၉၄၈ ခုနှစ် ဇူလိုင်လ (၂ဝ) ရက်နေ့တွင် မွန်အမျိုးသားလက်နက်ကိုင်လူငယ် (၃ဝ) ခန့်ကို ဗိုလ်သိန်း၊ နိုင်ပန်းသာတို့ဦးစီးပြီး စတင်းတလက်၊ ခြောက်လုံးပြူးတလက်၊ ဂျပန်ရိုင်ဖယ်တလက် ပေါင်းသုံးလက်တို့ဖြင့် ဇာသပြင် ရဲစခန်းကိုဝင်စီးပြီး စခန်းရှိလက်နက်များကို သိမ်းဆည်းလိုက်သည်။ အဆိုပါလက်နက်သိမ်းအဖွဲ့သည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်နှင့် ညှိနှိုင်းစီစဉ်ထားချက်အရမဟုတ်ပဲ မွန်လူမျိုးရေးအဖွဲ့ချုပ်၏ အလံကိုလွှင့်ထူလိုက်သည်။
 
တဆက်တည်း ဗိုလ်သိမ်း၊ နိုင်ပန်းသာတို့အဖွဲ့သည် ဇာသပြင်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးသင်္ဘောကို သိမ်းပြီး ကော့ဘိန်း၊ ကော့ပေါက်၊ ကတိုး၊ ကော့နှပ်မှ ကာကွယ်ရေး သေနတ်များကို ဆက်လက်သိမ်းယူသည်။ ထိုအချိန်မှစ၍ မွန်တို့လက်နက်ကိုင်တိုက်ပွဲဖြင့် တော်လှန်ရေးခရီး အစပျိုးခဲ့လေသည်။
 
ထိုကိစ္စကြောင့် မော်လမြိုင်မြို့တွင် အာဏာပိုင်တို့ နိုင်ဘလွင်(နိုင်ရွှေကျင်-နောင်တွင်မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းပြီးဥက္ကဌဖြစ်လာသူ-ကွယ်လွန်)၊ နိုင်ငွေသိမ်း(ယခုတွင် ဒုဥက္ကဌ-မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်နေသူ)တို့ကို ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ပို့လိုက်သည်။
 
ထို့နောက် မွန်စံသူ၊ မွန်ဦးဘိုးကောင်း၊ နိုင်စိန်ထွန်း (ကညှော်) နိုင်ကြောင်နှင့် မွန်ရဲဘော် (၂ဝ) ကျော်ကိုလည်း ဆက်လက်ဖမ်းဆီးပြီးမော်လမြိုင် ထောင်သို့ပို့လိုက်ပြန်သည်။
 
မော်လမြိုင်မြို့ရှိ မွန်ခေါင်းဆောင်များကို ဖမ်းဆီးသည့်သတင်း  သထုံရှိ မွန်၊ ကရင်ခေါင်းဆောင်တို့ စုစည်း ဆွေးနွေးကြသည်။ မော်လမြိုင်အဖမ်းအဆီးများ သထုံသို့မကူးလာမီ သထုံခရိုင်ကိုသိမ်းပိုက် ရန်ဆုံးဖြတ်ကြသည်။ သထုံခရိုင်ရှိ ဘားအံ၊ လှိုင်းဘွဲ့မြို့နယ်များကို ဒေသခံ အေအန်ဒီအို KNDO များက သိမ်းယူလိုက်သည်။ ကေအန်ဒီအို KNDO သည် သထုံရှိစစ်ရဲ ၅ တပ်ရင်းတို့နှင့် ပူးပေါင်းပြီး သထုံခရိုင်လုံးကို ဇူလိုင်လ (၂၉) ရက်နေ့တွင် သိမ်းယူ လိုက်သည်။
 
တဆက်တည်းမှာပင် မော်လမြိုင်မြို့၌ စောဟင်ဒါဆင်က စစ်ရဲအရာရှိများကို ခေါင်းဆောင်ကာ ဆွေးနွေးပွဲထိုင် နေသော အစိုးရအရာရှိများအား ဖမ်းဆီးလိုက်ပြီး မော်လမြိုင်မြို့မကို နံနက်မိုးမလင်းမီသိမ်းလိုက်သည်။ စစ်ရဲ တပ်ရင်း (၅)မှ မော်မြိုင်ထောင်သို့ရောက်ရှိလာပြီး အဖမ်းခံထားရသော နိုင်ငွေသိန်း၊ နိုင်ဘလွင်တို့ကို ထောင်မှ ထုတ်ယူကြသည်။
 
နိုင်ငွေသိမ်းနှင့်စောဘိုးဟန်တို့သည် မုဒုံ၊ ကျိုက္ခမီ၊ ရေးမြို့နယ်များကို သိမ်းယူရန်တာဝန်ယူကြသည်။ သံဖြူဇရပ်မြို့ရှိ စစ်ရဲတပ်စုက ကျိုက္ခမီခရိုင်ကို ဦးစီးသိမ်းယူသည်။ ဘီလူးကျွန်းချောင်းဆုံကို နိုင်စိန်ထွန်းက တာဝန်ယူ သိမ်းခဲ့သည်။
 
မော်လမြိုင်မြို့သိမ်းပြီးနောက် မွန်ကရင်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းချက်အရ၊ (၁) နိုင်ငံရေး၊ (၂) စစ်ရေး (၃) အုပ်ချုပ်ရေးများကို မွန်နှင့်ကရင် ပူးတွဲဆောင်ရွက်ရန် ကော်မတီများဖွဲ့စည်းသည်။ ထိုသို့ စီမံအုပ်ချုပ်နေစဉ် သြဂုတ်လ (၂)ရက်နေ့တွင် မေယုစစ်သင်္ဘော မော်လမြိုင်မြစ်အတွင်း ဝင်ရောက် ကျောက်ချရပ်နားထားသည်။
 
ဖိတ်ခေါ်ကမ်းလှမ်းချက်အရ နိုင်လှမောင်၊နိုင်ဘလွင်နှင့် နိုင်ငွေသိမ်းတို့ အစိုးရကိုယ်စားလှယ် ဦးထွန်းလှအောင်နှင့် မေယုစစ်သင်္ဘောပေါ်တွင် တွေ့ဆုံဆွေးနွေးသည်။ မွန်ခေါင်းဆောင်များက မွန်ပြည်နယ်ကို အမြန်ဖေါ်ထုတ်ပေးလျှင် ပြဿနာအားလုံးပြေလည်သွားမည်ဟု ယူဆသည်ကို ဦးထွန်းလှအောင်က ရန်ကုန်သို့တင်ပြပေးမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
 
ထိုသို့မွန်တော်လှန်းခရီးအစပျိုးခဲ့ပြီး မကြာမီတွင် မော်လမြိုင်မြို့ပေါ်မှ အစိုးရတပ်များ၏ပြန်လည် ထိုးစစ်ဆင်မှု များကြောင့် မွန်တပ်များပြန်လည်ဆုတ်ခွာခဲ့ရပြီး အခြားမြို့နယ်များတွင် ဆက်လက်တပ်စွဲခဲ့ပြန်သည်။ မွန်ပြည်သူ့တပ်ဦးအမည်ဖြင့် ဆယ်နှစ်ဆယ်မိုး တိုက်ပွဲဝင်ခဲ့လာရာ ဦးနုအစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ၁၉၅၈ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဥက္ကဌနိုင်အောင်ထွန်းဦးဆောင်ကာ မွန်ပြည်သူ့တပ်ဦးမှ အစိုးရထံလက်နက်နှင့်ဒီမိုကရေစီ လဲလှယ်ခဲ့ကြသည်။
 
မွန်ပြည်သူ့တပ်ဦး လက်နက်ချသည်ကို လက်မခံနိုင်သော ဗဟိုကော်မတီဝင် နိုင်ဘလွင်က နိုင်ရွှေကျင် အဖြစ် အမည်ပြောင်းလဲကာ ၁၉၅၈ ခု၊ ဇူလိုင်လ ၂၀ ရက်နေ့၌ မွန်ပြည်သစ်ပါတီ New Mon State Partyကို စတင် ဖွဲ့စည်းတည်ထောင်လိုက်ပါသည်။ လက်နက်ချလိုက်သည်ကို လက်မခံသော ခရိုင်ကော်မတီဝင် နိုင်ဓမ္မနေနှင့် အတူကျန်ရှိသောအင်အားစုများကို ပြန်လည်စုစည်းမိသည်။ မွန်ပြည်သူ့တပ်ဦးမှ လက်ကျန်လက်နက် ၂ လက်၊ တောင်ပေါက်ရွာ(ကြာအင်းဆိပ်ကြီးမြို့နယ်) တဝိုက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့မှ ရိုင်ဖယ်သေနတ် ၈ လက် ထပ်မံရရှိခဲ့သည်။ လက်နက်ချသည်ကို လက်မခံသော တပ်ဦးရဲဘော်ဟောင်းများက နိုင်ရွှေကျင်ဦးဆောင်
သော မွန်ပြည်သစ်ပါတီတွင်းသို့ တဖွဲဖွဲဝင်ရောက်လာကြသည်။
 
မွန်ပြည်သူ့တပ်ဦးသည် တရားဝင်ပါတီအဖြစ်ဥပဒေဘောင်အတွင်း ရပ်တည်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခဲ့ကြသူများတွင် ဥက္ကဌနိုင်အောင်ထွန်းမှာ အစိုးရအဖွဲ့အစည်းတွင် မွန်ရေးရာဝန်ကြီး၊ ကယ်ဆယ်ရေးဝန်ကြီးတာဝန်များ ရယူခဲ့သည်။ သို့ရာတွင် ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့
ဗိုလ်နေဝင်း အာဏာသိမ်းပြီးသည်နှင် မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်များတို့သည် အခြားတိုင်းရင်းသား ခေါင်းဆောင် များနည်းတူ ထောင်ဒဏ်နှစ်ရှည် ကျခံလိုက်ရသည်။ ထိုအချိန်မှစ၍ မွန်ပြည်သူ့တပ်ဦး ဇာတ်သိမ်းခဲ့ရသည်။ တပ်ဦးရဲဘော်အများအပြား အုပ်စုအလိုက် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ကြသည်။ ထိုကာလမှစ၍ မွန်ပြည်သစ်ပါတီ တော်လှန်ရေးရွက်သစ်လောင်းလေပြီ။
 
ဖဆပလဦးဆောင်သော မဟာဗမာဝါဒီအစိုးရတို့သည် သမိုင်းအစဉ်အလာရှိခဲ့သော မွန်တို့အားလူမျိုးရေးအရ အသိအမှတ်မပြုခဲ့၊ မွန်လူမျိုးတို့အား ပျူလူမျိုးကဲ့သို့ ပျောက်ကွယ်သွားစေရန် လူမျိုးရေးအရ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအရာတို့၌ မွန်တို့၏လက္ခဏာရပ်ကို ဗမာမှုပြုစေခြင်းဖြင့် တစတစဝါးမျိုနေခဲ့သည်။ ထို့ကြောင့် “မွန်နဲ့ဗမာအတူတူပဲ” စကားလုံးကို တွင်တွင်သုံးကာ ချစ်ကြည်ရင်းနှီးမှုဟန်ပြပြီး မွန်တို့အားထိုစဉ်က မွန်ပြည်နယ် ကိုအသိအမှတ်ပြုပေးရန် ငြင်းပယ်ခဲ့ယုံမျှမက မွန်ဘာသာစာပေသင်ကြားမှုများကိုပါ ပိတ်ပင်တားမြစ်မှုများ ပြုခဲ့သည်။ ထိုကြောင့် မိမိအမျိုးသားအခွင့်အရေးအတွက် ဥပဒေဘောင်အတွင်း တောင်ဆိုတိုက်ပွဲဝင်၍မရလျှင် လက်နက်ကိုင်ဖြင့် ဆက်လက်တိုက်ပွဲဝင်တောင်းဆိုသွားရန် မွန်လက်နက်ကိုင်တော်လှန်ရေးခရီး အစပြုခဲ့ကြရသည်။
 
မွန်ပြည်သူ့တပ်ဦးသည် နိုင်ငံတော်၏စေတနာကို သိရှိနားလည်၍ မွန်လူမျိုးတို့၏ အထက်ပါရပိုင်များအတွက် လက်နက်များအကြွင်းမဲ့အပ်နှင်းကာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ရာ ပါလီမန်သက်တမ်း တစ်ခုမျှပင် မပြည့်လိုက်ပါ။
 
ဗိုလ်နေဝင်း အာဏာသိမ်းပွဲနှင့်အတူ မွန်ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချခဲ့ခြင်းသည်လည်း မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ရွှေကျင်၏ လက်နက်မချရေးမူ မှန်ကန်နေသည်ကို လက်တွေ့တွင်သက်သေပြနေသည်။ ထို့ကြောင့် မွန်ပြည်သစ်ပါတီ သုံညဘဝမှအစပြုလာကာ ယနေ့ ၅၁ နှစ်တိုင်ရပ်တည်နိုင်ခဲ့သည်။
 
ယနေ့ လက်ရှိစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအတည်ဖြစ်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များ ဝင်ရောက်ယှဉ်ပြိုင်ရေး။ စစ်အစိုးရထံ တပ်ဖွဲ့မိမိတပ်ဖွဲ့များအပ်နှံရန်၊ နယ်ခြားစောင့်လော၊ ဌာနေပြည်တွင်းစစ်လော သို့လောသို့လောကာလများတွင် မွန်ပြည်သူ့တပ်ဦး လက်နက်နှင့်ဒီမိုကရေစီ အကြွင်းမဲ့ လဲလှယ်ပြီး မည်ကဲ့သို့ဆက်လက်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို ပြန်လည်သုံးသပ်၍ သင်ခန်းစာရယူစေလိုကြောင်းနှင့် လက်နက်ကိုင်တော်လှန်ရေးခရီး မပြီးဆုံးသေးသည်ကို သတိချပ်စေလိုပါကြောင်း။
 
မင်းစိုင်းနွန်ဒေါ
ကိုးကားချက်များ။   ။(၁)မွန်အမျိုးသားတို့၏ နောက်ခံသမိုင်းကြောင်း၊ (၂) မွန်ပြည်သစ်ပါတီ နိုင်ငံရေးပညာပေး စာဆောင်များ